ရာသီခွင်အလိုက် အသည်းကွဲဒဏ်ရာကို ဘယ်လိုကုစားကြသလဲ။

blank

လူတွေအားလုံးဟာ တစ်သက်မှာ အနည်းဆုံးတစ်ခါတော့ အသည်းကွဲခဲ့ကြဖူးပါတယ်။ အားလုံးမှာလည်း အသည်းကွဲဒဏ်ရာကို ကုစားတဲ့ ကိုယ်ပိုင်နည်းလမ်းလေးတွေ ရှိကြတယ်လေ။ ရာသီခွင်အလိုက် အသည်းကွဲဒဏ်ရာကို ဘယ်လိုကုစားကြသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိဿရာသီဖွား (မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၁၉ ရက်နေ့အတွင်း မွေးဖွားသူများ)

မိဿရာသီဖွားတွေဟာ အသည်းကွဲတဲ့အခါမှာ မင်းသား၊ မင်းသမီးရှုံးရလောက်အောင်ကို ဘာမှမဖြစ်သလို ဟန်ဆောင်နေနိုင်ကြသူတွေပါ။ အတွင်းစိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်ဖို့ပြီး ပူဆွေးဝမ်းနည်းနေတတ်ကြပေမယ့် အသည်းကွဲတာနဲ့ပတ်သက်လို့ စကားတစ်ခွန်းမှ ထွက်လာမှာ မဟုတ်ပါဘူး။

ပြိဿရာသီဖွား (ဧပြီလ ၂ဝ ရက်နေ့မှ မေလ ၂ဝ ရက်အတွင်းမွေးဖွားသူများ)

ပြိဿရာသီဖွားတွေအတွက်ကတော့ အသည်းကွဲဒဏ်ရာကို ကုစားနိုင်ဖို့ အချိန်အတော်ကြာယူရပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ဟာ သူတို့ရဲ့ အတွေးတွေ၊ ခံစားချက်တွေအားလုံးကို စိတ်ထဲမှာပဲ သိုဝှက်ထားပြီး အပြင်ပန်းမှာတော့ အေးဆေးတည်ငြိမ်သူကြီးအဖြစ်နဲ့ပဲ နေထိုင်နေပါလိမ့်မယ်။

မေထုန်ရာသီဖွား (မေလ ၂၁ ရက်နေ့မှ ဇွန်လ ၂ဝ ရက် အတွင်းမွေးဖွားသူများ)

မေထုန်ရာသီဖွားတွေဟာ အနည်းငယ်မာနကြီးတတ်ကြပြီး အပေါ်ယံဆန်တတ်တာကြောင့် သူတို့ အသည်းကွဲရတာဟာ တစ်ဖက်လူရဲ့ အပြစ်လို့ စွဲစွဲမြဲမြဲ ယုံကြည်တတ်ကြပါတယ်။ ဒါကြောင့် မေထုန်ရာသီဖွားတွေဟာ အချစ်သစ်ကို ရှာဖွေပြီး အသည်းကွဲဒဏ်ရာကို ကုစားဖို့ ကြိုးစားတတ်ကြပါတယ်။

ကရကဋ်ရာသီဖွား ( ဇွန်လ ၂၁ ရက်နေ့မှ ဂျူလိုင်လ ၂၂ အတွင်းမွေးဖွားသူများ)

ကရကဋ်ရာသီဖွားတွေဟာ အသည်းကွဲတဲ့အခါမှာ အတိတ်ကို ပြန်ပြန်တွေးပြီး ငါ ဘာမှားခဲ့တာလဲ၊ အဲ့ဒီတုန်းက ငါသာ အဲ့ဒီလိုလုပ်ခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် တစ်ချိန်လုံးအပြစ်တင်နေတတ်ကြပါတယ်။ ဒါကြောင့် သူတို့အတွက် အသည်းကွဲဒဏ်ရာကို ကုစားနိုင်ဖို့ အချိန်အနည်းငယ်လိုအပ်ပါတယ်။

သိဟ်ရာသီဖွား (ဂျူလိုင်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၂၂ ရက်အတွင်းမွေးဖွားသူများ)

သိဟ်ရာသီဖွားတွေအတွက် အရေးအကြီးဆုံးအရာဟာ မာနပါ။ သူတို့နှလုံးသားကို ခွဲတာဟာ သူတို့ မာနကို ထိခိုက်တာပါပဲ။ သူတို့ဟာ ရာသီခွင်တွေထဲမှာ မာနအကြီးဆုံးရာသီဖွားတွေဖြစ်တာကြောင့် အသည်းကွဲလည်း ခေါင်းမော့ ရင်ကော့ပြီး အေးဆေးဖြတ်ကျော်သွားနိုင်မှာပါပဲ။ နောက်တစ်ခါထပ်နာကျင်ရမှာကို ကြောက်ရွံ့ကြတယ်ဆိုပေမယ့် ထိခိုက်သွားတဲ့မာနကို ပြန်ကုစားချင်တာကြောင့် နောက်တစ်ယောက်ကို ထပ်ရှာပြီး ကွဲအက်သွားတဲ့အသည်းကို ဖာထေးဖို့ ကြိုးစားတတ်ကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကန်ရာသီဖွား ( သြဂုတ်လ ၂၃ ရက်မှ စက်တင်ဘာလ ၂၂ ရက် အတွင်းမွေးဖွားသူများ)

ကန်ရာသီဖွားတွေဟာ ရာသီခွင်တွေအားလုံးထဲမှာ အပိုင်းခြားအဝေဖန်တတ်ဆုံးနဲ့ သတိအကြီးဆုံးရာသီဖွားတွေ ဖြစ်တာကြောင့် အသည်းကွဲမှာကို ကြိုတင်သိရှိပြီးသားဖြစ်နေတတ်ပါတယ်။ အသည်းကွဲဖို့အတွက် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်တာကြောင့် အသည်းကွဲဒဏ်ရာကို ကုစားနိုင်မယ့်နည်းလမ်းကိုလည်း ရှာဖွေထားပြီးသား ဖြစ်နေတတ်ကြပါတယ်။

တူရာသီဖွား ( စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာလ ၂၂ ရက်အတွင်းမွေးဖွားသူများ)

တူရာသီဖွားတွေဟာ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတတ်ကြသူတွေပါ။ အသည်းကွဲခြင်းဟာ စိတ်မလုံမခြုံဖြစ်စေတယ်ဆိုပေမယ့် ပင်ကိုဆွဲဆောင်မှုအားကောင်းလွန်းတဲ့ တူရာသီဖွားတွေအတွက်တော့ နောက်တစ်ယောက်ရှာပြီး အသည်းကွဲဒဏ်ရာကို ကုသနိုင်ဖို့ဆိုတာ လွယ်လွယ်လေးပါပဲ။

ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာလ ၂၃ ရက်နေ့မှ နိုဝင်ဘာလ ၂၁ ရက်အတွင်းမွေးဖွားသူများ)

ရာသီခွင်တွေထဲမှာ စိတ်ခံစားအလွယ်ဆုံးသူတွေဖြစ်တာကြောင့် အသည်းကွဲတဲ့အခါမှာ ဘဝတစ်ခုလုံး အဖျက်ဆီးခံလိုက်ရသလို ခံစားရတတ်ပါတယ်။ နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ ဒေါသတွေအားလုံးဟာ သူတို့ကို ရှုံးနိမ့်မှုနဲ့ မယုံကြည်နိုင်မှုတို့ကို တပြိုင်နက်တည်း ခံစားမိလိုက်စေပါတယ်။ ဒီခံစားချက်တွေကို မကျော်လွှားလိုက်နိုင်မချင်း သူတို့ဟာ ဒေါသထွက်ပြီး လက်စားချေချင်နေဦးမှာပါပဲ။

ဓနုရာသီဖွား (နိုဝင်ဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာလ ၂၁ ရက်အတွင်းမွေးဖွားသူများ)

ဓနုရာသီဖွားတွေဟာ အသည်းကွဲတဲ့အခါ ဂရုမစိုက်တဲ့ပုံဖမ်းတတ်ကြပေမယ့် တကယ်တမ်းတော့ ဂရုစိုက်ပါတယ်။ အသည်းကွဲဒဏ်ရာအပေါ်မှာ မှီတွယ်မနေချင်တာမို့လို့ ပြန်ဆွဲထားဖို့လည်း ကြိုးစားနေမှာမဟုတ်ပါဘူး။ ဒါကြောင့် ဓနုရာသီဖွားတွေဟာ နောက်ကြုံတွေ့လာရမယ့်အချစ်ရေးတစ်ခုအပေါ်မှာ အာရုံစိုက်လိုက်တတ်ပါတယ်။

မကာရ ရာသီဖွား (ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ဇန်နဝါရီလ ၁၉ ရက်အတွင်းမွေးဖွားသူများ)

ရည်မှန်းချက်အကြီးဆုံးသူတွေဖြစ်တဲ့ မကာရရာသီဖွားတွေဟာ အသည်းကွဲခြင်းကို လွယ်လွယ်ကူကူပဲ လက်ခံလိုက်တတ်ကြပါတယ်။ သူတို့အတွက်တော့ အသည်းကွဲခြင်းဟာ သူတို့ရဲ့ တန်ဖိုးကို သက်သေပြနိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်သလို အရာရာတိုင်းမှာ အကောင်းဆုံးလုပ်ဆောင်နိုင်အောင် တွန်းပို့ပေးနိုင်မယ့်အင်အားတစ်ခုလည်းဖြစ်ပါတယ်။ ဒါကပဲ သူတို့ကို နာကျင်ရတဲ့ ခံစားမှုတွေကနေ လွယ်လွယ်ကူကူရုန်းထွက်နိုင်စေတယ်လေ။

ကုံရာသီဖွား (ဇန်နဝါရီလ ၂ဝ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၈ ရက်အတွင်းမွေးဖွားသူများ)

ကုံရာသီဖွားတွေဟာ ဘယ်သူ့ကိုမှ အစကတည်းက နှလုံးသားတစ်ခုလုံး ပုံပေးခဲ့တဲ့သူတွေ မဟုတ်တာကြောင့် အသည်းကွဲတဲ့အခါမှာလည်း တခြားရာသီဖွားတွေလောက် ခံစားရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့လုံးဝမနာကျင်ဘူးလို့ ဆိုလိုတာတော့မဟုတ်ပါဘူး။ အနည်းငယ်တော့ စိတ်အားငယ်သလိုဖြစ်တတ်ပါတယ်။

မိန်ရာသီဖွား ( ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ မတ်လ ၂ဝ ရက်အတွင်းမွေးဖွားသူများ)

ဆတ်ဆတ်ထိမခံနိုင်ဆုံးနဲ့ ကိုယ့်ကိုယ်ကိုယ်အသနားတတ်ဆုံးရာသီဖွားတွေဖြစ်တာကြောင့် အသည်းကွဲခြင်းဟာ သူတို့ဘဝတစ်ခုလုံးကို အဆုံးသတ်သွားစေသလို ခံစားရပါလိမ့်မယ်။ ဒါကြောင့် သူတို့ဟာ သူတို့စိတ်ကို ဖြေသိမ့်နိုင်ဖို့အတွက် ကိုယ်ပိုင်အိပ်မက်ကမ္ဘာလေးတည်ဆောက်ထားတတ်ကြပါတယ်။ တခြားတစ်ယောက် သူတို့ကို လာမနှောင့်ယှက်မချင်းပေါ့လေ။

စာချစ်သူတို့ကော အသည်းကွဲတာကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုစားတတ်ကြလဲ။