သားသားမီးမီးလေးတွေအတွက် ပျော်စရာလည်းကောင်း အကျိုးလည်းရှိစေမယ့် နွေရာသီပိတ်ရက်လေးဖြစ်စေဖို့

blank
ဂန္ထဝင်စာချစ်သူဖေဖေမေမေတို့ရေ…။

နွေရာသီကျောင်းပိတ်ရက်ရောက်ပြီဆိုတော့ မျောက်လောင်းလေးတွေကို ဘယ်လိုများထိန်းရမလဲ တွေးပြီး ခေါင်းခြောက်နေပြီလား။ ကျောင်းပိတ်ထားတဲ့ကာလမှာ  နေပူပူမှာထွက်ဆော့မှာ၊  မတော်တဆခိုင်းမိမှာ စိုးရိမ်နေပြီလား။ တစ်နှစ်လုံးမှာ ကျူရှင်နဲ့ ကျောင်း၊ ကျောင်းနဲ့ကျူရှင် လုံးပန်းခဲ့တဲ့ သားသားမီးမီးလေးတွေအနေနဲ့ နွေရာသီမှာ အတိုးချပြီးဆော့တာက သဘာဝကျသလို နွေရာသီကာလကို အကျိုးရှိရှိနဲ့ ကုန်ဆုံးချင်တဲ့စိတ်၊ သားသမီးတွေ ထိခိုက်ဒဏ်ရာရမှာစိုးရိမ်တဲ့ ဖေဖေမေမေတို့လည်း မမှားပါဘူးနော်။ ဒါ့ကြောင့် ဂန္ထဝင်မဂ္ဂဇင်းအနေနဲ့ သားသားမီးမီးလေးတွေအတွက် ပျော်စရာလည်းကောင်း၊ အကျိုးလည်းရှိစေမယ့် နွေရာသီကျောင်းပိတ်ရက်လေးဖန်တီးနိုင်စေမယ့် နည်းလမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ သားသားမီးမီးလေးတွေနဲ့ အတူတူ ဂိမ်းတွေကစားတာက မိဘနဲ့သားသမီးအကြားမှာ ရင်းနှီးမှုတွေ ပိုစေပြီး စိတ်အပန်းလည်းပြေစေပါတယ်။ စာလုံးဆက်တမ်းကစားတာ၊ စကားထာဝှက်တမ်းကစားတာတွေလည်း ဉာဏ်လည်းရွှင်စေပြီး ပျော်ရွှင်စေပါတယ်။

၂။ အဝတ်ခေါက်တာ၊ ပန်းပင်လေးတွေ ရေလောင်းတာစတဲ့ လွယ်ကူတဲ့ အိမ်အလုပ်လေးတွေကို သားသားမီးမီးလေးတွေကို လုပ်ခိုင်းကြည့်ပါ။ အဲ့ဒီလိုလုပ်ခြင်းဟာ သူတို့လေးတွေကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ တာဝန်ယူလိုစိတ်ကိုဖြစ်ပေါ်စေပါတယ်။

၃။ သားသားမီးမီးလေးတွေနဲ့ အတူ ကိတ်မုန့်လေးတွေ ဖုတ်တာ၊ သူတို့နှစ်သက်တဲ့ အစားအစာလေးတွေကို အတူတူချက်ပြုတ်တာက ပါဝင်ပစ္စည်းတွေအကြောင်းကို သဘောပေါက်စေပြီး အစားအစာတစ်ခုရဖို့  စိုက်ထုတ်ရတဲ့ ခွန်အားနဲ့ အချိန်တွေအကြောင်း သဘောပေါက်စေပါတယ်။

၎။ ဝင်းခြံကျယ်တဲ့သူတွေအနေနဲ့ တစ်သီးစားပင်လေးတွေကို သားသားမီးမီးလေးတွေနဲ့ အတူတူစိုက်ပါ။ မြေကြီးကို တူးဆွ မျိုးစေ့လေးတွေ ချတဲ့အချိန်ကစပြီး အသီးအပွင့်တွေကို ရရှိခံစားရတဲ့အချိန်အထိ အဆင့်တိုင်းကို ကိုယ်တိုင်ရဲ့အားနဲ့ ဆောင်ရွက်နိုင်တဲ့အတွက် သူတို့လေးတွေကို အထူးဝမ်းမြောက်ကျေနပ်စေပါတယ်။ ဒါ့အပြင် မြေ၊လေ၊နေ၊ရေ တို့ရဲ့ သဘောသဘာဝကိုပါ အတော်အတန်တီးမိခေါက်မိစေပါတယ်။

၅။ မိဘတွေအနေနဲ့ မိမိတတ်နိုင်တဲ့ ငွေကြေးပမာဏနဲ့ သင့်တော်တဲ့ ခရီးလေးတွေ ထွက်ပေးပါ။ ခရီးထွက်ခြင်းဟာ မတူညီတဲ့နေရာ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေကို လေ့လာနိုင်စေပြီး သားသမီးနဲ့ မိဘအကြားမှာလည်း ချစ်ခင်ရင်းနှီးမှုတွေ တည်ဆောက်နိုင်စေပါတယ်။

၆။ တစ်နှစ်ပတ်လုံး စာမှစာ လုပ်ခဲ့ရတဲ့ သားသားမီးမီးလေးတွေကို ရေကူးသင်တန်း၊ ပန်းချီသင်တန်း စတဲ့ သင်ခန်းစာပြင်ပ လှုပ်ရှားမှုလေးတွေကို သင်ယူစေပါ။ အားကစားလုပ်ခြင်းဟာ ဉာဏ်ရည်ထက်မြက်စေပြီး ခန္ဓာကိုယ်ကိုလည်း ဖွံ့ဖြိုးကြီးထွားစေပါတယ်။

၇။ သားသမီးလေးတွေကို စာဖတ်ပြခြင်းဟာ သားသမီးတွေအတွက် မိဘတွေအပေါ် ယုံကြည်မှုကို တိုးပွားစေပါတယ်။ ဇာတ်ကောင်အမျိုးမျိုးကို အတူတူလေ့လာရင်း သားသမီးတွေနဲ့ ရင်းနှီးမှုကို ပိုစေတဲ့အပြင် ဗဟုသုတကိုလည်း တိုးပွားစေပါတယ်။ ငယ်ငယ်ကတည်းက စာပေနဲ့ နီးစပ်လာတဲ့အခါ ကြီးလာတဲ့အခါမှာလည်း စာပေကိုချစ်မြတ်နိုးတဲ့ သားသားမီးမီးလေးတွေ ဖြစ်လာစေပါတယ်။

စာချစ်သူဖေဖေမေမေတို့အနေနဲ့လည်း နွေရာသီကျောင်းပိတ်ရက်မှာ ဂျွမ်းပြန်အောင်ဆော့မယ့် သားသားမီးမီးလေးတွေအကြောင်း တွေးပြီး စိတ်ညစ်နေတယ်ဆိုရင် အထက်ပါနည်းလမ်းလေးတွေကို သုံးကြည့်လိုက်ပါနော်။

ဂန္ထဝင်စာချစ်သူတို့ရဲ့ ဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို ဝေမျှပေးလိုက်ပါဦး။