ရာသီလာချိန်မှာ သင်ပြောင်းလဲတတ်တဲ့ ပုံစံ

blank

စာချစ်သူတို့ရေ..။

ကျွန်မတို့မိန်းကလေးတွေဟာ ရာသီလာစဉ်မှာ ဟော်မုန်းအပြောင်းအလဲတွေ၊ နာကျင်ကိုက်ခဲမှုတွေကြောင့် ပုံမှန်ချိန်မှာရှိနေတဲ့ ကျွန်မတို့နဲ့ မတူတော့ဘဲ ပြောင်းလဲသွားတတ်တယ်။ ရာသီလာချိန်မှာ မိန်းကလေးတွေ ပြောင်းလဲသွားတတ်တဲ့ ပုံစံအမျိုးမျိုးကို တင်ဆက်ပေးလိုက်ပါတယ်။ သင်နဲ့ကိုက်ညီတဲ့ ပုံစံလေးကို ရှာကြည့်လိုက်ပါဦးနော်။

၁။ အငိုမင်းသမီး။

နာကျင်ကိုက်ခဲမှုတွေကြောင့်လဲငို၊ ပေသွားရင် စွန်းသွားရင်လည်းငို၊ စားချင်တာမစားရရင်၊ စိတ်အလိုမကျဖြစ်ရင်လည်း ငိုနေတတ်တဲ့ သင်ဟာ အငိုမင်းသမီးတစ်ယောက်ပါ။ တစ်လလုံးမှာ ဒီလေးငါးရက်ငိုဖို့ မျက်ရည်တွေစုထားသလား ထင်ရလောက်အောင် အငိုသန်နေတတ်တဲ့ သင့်ကိုယ်သင်တောင် နားမလည်ဖြစ်နေတတ်ပါတယ်။ အကြောင်းမယ်မယ်ရရမရှိရင်တောင် အဆွေးသီချင်းလေးဖွင့်ပြီး မျက်ရည်ကျနေတတ်သူပေါ့။

၂။ ကူပါ ကယ်ပါဦး။

ရာသီလာနေချိန်ဆိုရင် ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ ဖြစ်နေတတ်တယ်။ သင့်ဘေးနားက လူတွေရဲ့ အကူအညီကို အလိုအပ်ဆုံးအချိန်ပေါ့။ အခြားအချိန်မှာ ရေသန့်ကိုပုံးလိုက် မနိုင်တဲ့သင်ဟာ ရေသန့်ပုလင်းတောင် ဖွင့်ချင်စိတ်မရှိဖြစ်နေတတ်တယ်။ သင့်ကိုယ်သင် ဒုက္ခသည်တစ်ယောက်လိုပဲ အားတွေငယ်နေတတ်ပြီး အခြားလူတွေက သင့်ကိုကူညီပေးရမယ်ဆိုတဲ့ စိတ်လည်းဝင်နေတတ်တယ်။

၃။ အရစ်စိန်။

ဘေးနားကလူတွေကို ရစ်တာဆိုတာ အရက်သောက်ထားသလားလို့ ထင်မှားရလောက်တယ်။ သူ့ရဲ့အပြောအဆိုက လွတ်အောင် ပြောလို့ဆိုလို့မရလောက်အောင် ဘေးနားကလူတွေကို စိတ်ပျက်စေတယ်။ ချစ်သူအပေါ်ဆိုးနွဲ့ဂျီကျမယ်။ အပူယူလာရင် အအေးပြောမယ်၊ အအေးယူလာရင် အပူတောင်းမယ်။ အမျိုးမျိုးနဲ့ ဆိုးနွဲ့ဂျီကျတတ်သူလေးတွေပေါ့။ ဘယ်သူ့ကိုမှ ရစ်စရာမရှိဘူးဆိုရင် ကြိုးတွေရှာပြီး ရစ်နေတတ်သူလေးတွေပေါ့။

၎။ ဒေါသအိုး။

ရာသီလာနေတဲ့အချိန်ဆိုရင် သင်ဟာ အချိန်မရွေးထပေါက်နိုင်တဲ့ ဗုံးတစ်လုံးနဲ့ တူနေတတ်ပါတယ်။ မြင်မြင်သမျှဟာ သင့်အတွက်ဒေါသထွက်စရာဖြစ်နေပြီး အရာရာကို မကျေမနပ်ဖြစ်နေတတ်ပါတယ်။ သင့်စိတ်ထဲကပါတာမဟုတ်ပေမယ့်လည်း ဘေးနားကလူတွေကို ရန်မူနေတတ်တာကြောင့် သင့်ကိုအားလုံးက ဝေးဝေးရှောင်နေတတ်ပါတယ်။ အကြောင်းအရာမယ်မယ်ရရမရှိရင်တော့ သင်ဟာမှန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ရန်ရှာနေတတ်သူပေါ့။

၅။ အစားသရဲ။

သင်ဟာ ရာသီသွေးကြောင့် ဆုံးရှုံးသွားတဲ့သွေးတွေကိုဖြည့်တင်းဖို့ စားဖို့လိုတယ်လို့ လက်ခံထားသူလေးပေါ့။ ပရိုတင်းဖြည့်ဖို့ အသားစားလိုက်၊ အမျှင်ဓာတ်ဖြည့်ဖို့ အရွက်စားလိုက်၊ ဗီတာမင်-စီ ဖြည့်ဖို့အရေးကြီးတယ်လို့ ကြွေးကြော်ပြီး သံပုရာရည်လေးပြေးသောက်လိုက်နဲ့ စားပြီးရင်းစားနေတတ်သူလေးပါ။ ရာသီလာနေတဲ့ လေးငါးရက်ဟာ သင့်ဘေးနားလူတွေက သင့်ဆီက ကပ်စားဖို့အကောင်းဆုံးအချိန်လို့ သတ်မှတ်ထားရလောက်အောင် အစားသောင်းကျန်းသူလေးပေါ့။

၆။ အိနြေ္ဒရှင်။

သင်ဟာ သင်ရာသီလာမှာကို သူတစ်ပါးတွေသိသွားမှာ သိပ်ကြောက်နေတတ်တယ်။ အတတ်နိုင်ဆုံး အိမ်တွင်းအောင်းနေတတ်တယ်။ ရာသီလာနေတဲ့အချိန်မှာ ထမီထူတာ၊အရောင်ရင့်တာရွေးဝတ်ရတာနဲ့၊ အင်္ကျီခါးရှည်တာ ထုတ်ဝတ်ရတာနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။ သင့်ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်သူအတွက်တော့ “အနောက်မှပေနေလား ကြည့်ပေးပါဦး” ဆိုတဲ့ စကားကို မရိုးနိုင်အောင် ကြားရတဲ့ကာလပေါ့။

၇။ ဒရာမာကွင်း။

သင်ဟာ အဲ့ဒီအချိန်ရောက်ပြီဆိုရင် ဒရာမာခင်းရတာ ဝါသနာပါသွားတတ်တယ်။ အပိုတွေပြောမယ်၊ အပိုတွေလုပ်မယ်။ လူတွေပြောတဲ့ စကားတွေကို အမျိုးမျိုးအဓိပ္ပါယ်ကောက်ပြီး ပြောချင်ရာတွေပြောလိမ့်မယ်။ ထိခိုက်လွယ်နေမယ်၊ အတွေးတွေလွန်နေတတ်တယ်။ သင့်ကိုယ်သင် အပြစ်တင်လိုက်၊ အကောင်းပြောလိုက်နဲ့ လုံးချာလိုက်နေတတ်တယ်။ သင့်ဘေးနားကလူတွေ သင့်ကိုစိတ်ကုန်လောက်အောင် ဒရာမာခင်းနေတတ်တဲ့ ကာလပေါ့။

သင်ကော… ဘယ်အမျိုးအစားထဲမှာပါလဲ။

စာချစ်သူတို့အတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dolfenal တို့မှ ပူးပေါင်းတင်ဆက်ပေးလိုက်တဲ့ ဒီစာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။