တစ်ခါတလေမှာ မိန်းကလေးတွေ စိတ်ချမ်းသာစေဖို့ ပုခုံးလေးတစ်ဖက်ပဲလိုပါတယ်။

blank

မောင်ကပြောတယ်…..
ကျွန်မက တစ်ခါတလေမှာ နားလည်ရသိပ်ခက်တာပဲတဲ့။ ဘာမှမဟုတ်တဲ့ စကားလေးတစ်ခွန်းနဲ့လဲ ငိုချင်ငို၊ မောင်ဘာမှမမှားဘဲနဲ့လည်း ဒေါသထွက်ချင်ထွက်နဲ့ သိပ်စိတ်ကုန်ဖို့ကောင်းတာပဲတဲ့။ ပျော်ပျော်နေတတ်ပြီး အမြဲပြုံးနေတတ်တဲ့ ကျွန်မတစ်ယောက် တစ်ခါတလေမှာ ပျောက်နေတတ်တယ်တဲ့။ မောင်သိပ်ချစ်တယ်ဆိုတဲ့ ကျွန်မရဲ့ ပုံစံလေးဟာ တစ်ခါတလေမှာ ရှာမရဖြစ်နေတတ်ပြီး ဘီလူးစီးခံရသလို အခြားတစ်ယောက်ဖြစ်နေတတ်တယ်တဲ့။ မောင်စိတ်ရှည်လက်ရှည်ရှင်းပြမှပဲ ကျွန်မသတိထားမိတယ်။ ဒါပေမဲ့ အဲ့ဒါကို အရင်က ကျွန်မသတိမထားမိခဲ့သလို ထိန်းချုပ်လို့ မရဘူးဆိုတာကိုတော့ ကျွန်မနားလည်လာခဲ့တယ်။

တစ်လလုံးမှာ ကျွန်မရဲ့စိတ်အခြေအနေတွေပြောင်းလဲသလို ခန္ဓာကိုယ်မှာလည်း နာကျင်ကိုက်ခဲမှုတွေ ပြောင်းလဲမှုလေးတွေ ကြုံရတတ်တယ်ဆိုတာကို ကျွန်မသတိထားမိလာခဲ့တယ်။ ကျွန်မရဲ့စိတ်ခံစားချက်တွေဟာ ရိုလာကိုစတာလိုပဲ အနိမ့်ဆုံးကိုရောက်လိုက် အမြင့်ဆုံးကိုရောက်ပြီး စိတ်ခံစားမှုတွေကောင်းမွန်လိုက်၊ စိတ်ဓာတ်တွေတက်ကြွသလို၊ စိတ်ဓာတ်ကျဝမ်းနည်းလိုက်ဖြစ်နေတာတွေဟာ မိန်းကလေးတိုင်းကြုံရတတ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေပါပဲ။

မိန်းကလေးတွေဟာ ရာသီစက်ဝန်းကာလတွေမှာ ဗိုက်အောင့်တာ၊ ကျောအောင့်တာ၊ ခေါင်းကိုက်တာတွေကို ခံစားရတတ်တယ်မောင်။ အဲ့ဒီနာကျင်ကိုက်ခဲမှုတွေဟာ ဧည့်သည်ဆိုးကြီးတစ်ယောက်လိုပဲ ကျွန်မတို့ကို စိတ်ဓာတ်ကျစေဖို့ ဝမ်းနည်းစေဖို့ ပိုပံ့ပိုးပေးတတ်တယ်။ ဟော်မုန်းအပြောင်းအလဲတွေကြားမှာ စိတ်တွေမငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ အဲ့ဒီနာကျင်ကိုက်ခဲမှုတွေက ကျွန်မတို့ကိုပိုပြီး ပြိုလဲစေတယ်။ အဲ့ဒီအချိန်တွေမှာဆို မိန်းကလေးဖြစ်တာကို ဂုဏ်ယူတဲ့ကျွန်မတောင် မိန်းကလေးဖြစ်ရတာ စိတ်ညစ်လိုက်တာလို့ တွေးမိတဲ့အထိပဲ။ ဒါ့ကြောင့်အဲ့ဒီကာလတွေမှာ ရစ်မိသမျှ ဂျီကျဆိုးနွဲ့မိသမျှတွေကို နားလည်ပေးပါမောင်။

ရာသီစက်ဝန်း တစ်ရက်နဲ့နှစ်ရက်တွေမှာဆိုရင် estrogen ဟော်မုန်းတွေကျသွားတတ်တယ်မောင်။ အလိုလိုမောပန်းနွမ်းနယ်နေတဲ့ ကျွန်မအတွက် မောင့်ရဲ့ အားပေးကူညီမှုလေးတွေလိုအပ်လိမ့်မယ်။ နာကျင်ကိုက်ခဲမှုကြောင့် ညည်းညူနေမိတဲ့အခါ ကျွန်မကို မညိုညင်ဘဲ စိတ်ရှည်ပေးပါနော်။ နောက်ထပ် တစ်ရက်နှစ်ရက်ဆိုရင် estrogen တွေတက်လာပြီး ကျွန်မပြန်တက်ကြွလာလိမ့်မယ်။ မောင်ရေ ဆယ့်ငါးရက်ကျော်လာလာတဲ့အခါ ဟော်မုန်းတွေ အပြောင်းလဲဆုံးအချိန်တဲ့။ ကျွန်မ စိတ်အပြောင်းအလဲတွေမြန်လာမယ်။ စိတ်ခံစားလွယ်လာမယ်။ ပင်ပန်းနွမ်းနယ်လွယ်လာမယ်။ အဲ့ဒီအချိန်တွေမှာလည်း ဂျီကျသမျှတွေကို ခွင့်လွှတ်ပေးရမယ်နော်။

မောင်ရေ… မိန်းကလေးတွေက နားလည်ရခက်တယ်တဲ့။ ဟုတ်မှာပါ။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်နေတဲ့အပြောင်းအလဲတွေကများမှတော့ သူတို့လည်းနားလည်ရခက်နေတာနေမှာပါလေ။ အဲ့ဒီအခါမျိုးမှာ ကျွန်မတို့ကိုယ်တိုင်နားလည်ရခက်နေတဲ့ စိတ်အခြေအနေတွေကို ခွင့်လွှတ်သည်းခံပေးမယ့် နှလုံးသားတစ်စုံ၊ နာကျင်ကိုက်ခဲမှုတွေကို လျော့ပါးစေဖို့ ဆေးတိုက်ပေးမယ့်လက်တစ်စုံ၊ ဝမ်းနည်းမောပန်းနေတဲ့အခါ မှီနွဲ့နိုင်မယ့် ပုခုံးလေးတစ်ဖက်ပဲ လိုတာပါမောင်။

မိန်းကလေးတွေဟာ ဘယ်လောက်ပဲအပြောင်းအလဲမြန်ပါစေ ချစ်ခြင်းမေတ္တာနဲ့ နားလည်ခွင့်လွှတ်မှု၊ ဖေးမှုကူညီမှုတွေကို တူညီစွာအလိုရှိတတ်ကြတယ်။ တစ်လတစ်ခါတချို့ကာလတွေမှာ ကျွန်မနားလည်ရခက်နေတဲ့အခါ ဂျီကျဆိုးနွဲ့နေတဲ့အခါ ဝမ်းနည်းအားငယ်နေတဲ့အခါ ကျွန်မကို အဲ့ဒီလိုမလုပ်ပါနဲ့လို့ ဇွတ်မတားပါနဲ့။ အဲ့ဒီအရာတွေက ကျွန်မကိုယ်တိုင်တောင် တားဆီးလို့မရနိုင်တဲ့အရာတွေပါ။ ကျွန်မအဲ့ဒီအချိန်တွေမှာ မောင့်ရဲ့ပြစ်တင်စကားတွေကို မဟုတ်ဘူး။ မှီပြီး အားယူနိုင်မယ့် မောင့်ရင်ခွင်နဲ့ ငိုချင်တဲ့အခါ ခိုဖို့ ပုခုံးလေးတစ်ဖက်ပဲ လိုတာပါမောင်။

စာချစ်သူတို့အတွက် ခံစားမှုရသလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dolfenal တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။