ရည်းစားဟောင်းဆိုတာ ခေါင်းကိုက်ခြင်းနဲ့ ဘာကြောင့်တူတာလဲ။

blank

ရည်းစားဟောင်းအကြောင်းစဉ်းစားတဲ့အခါ ရင်တွေပူမယ်။ ဝမ်းနည်းမယ်။ ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရစိတ်တွေဖြစ်မယ်။ လုပ်သမျှကိုင်သမျှတွေမှာ အဆင်မပြေဖြစ်မယ်။ အဆိုးဆုံးအခြေအနေမှာဆိုရင်တော့ အိပ်ရာပေါ်မှာ တခွေခွေနဲ့ ဝမ်းနည်းပူဆွေးနေမယ်။ စိတ်ဖိစီးမှုတွေများပြီး အလုပ်ပျက်အကိုင်ပျက်ဖြစ်မယ်။ ရံဖန်ရံခါမှာ ကျွန်မတို့ဆီကို ရောက်လာတတ်တဲ့ ခေါင်းကိုက်ခြင်းလိုပေါ့။

ရည်းစားဟောင်းအကြောင်းတွေးပြီး ပူဆွေးစိတ်ညစ်နေခြင်းဟာ ကြည့်ပြီးသားဇာတ်ကားတစ်ကားကို မကောင်းမှန်းသိသိနဲ့ ဇွတ်မှိတ်ပြီး ကြည့်နေတာနဲ့တူပါတယ်။ အဆုံးသတ်မှာ မလှပတဲ့ဇာတ်သိမ်းတွေ ရှိမှန်းသိသိနဲ့ အချိန်ကုန်၊ လူပင်ပန်းခံပြီး ကြည့်နေတာဟာ ကိုယ့်ကိုယ်ကိုယ်ညှဉ်းဆဲရုံသက်သက်ပါပဲ။ ခေါင်းကိုက်တဲ့အခါမှာ အရာရာကိုမကြည်မလင်ဖြစ်နေပြီး ဘေးနားကလူတွေကို ထပ်ခါတလဲလဲ ညည်းတွားပြနေတတ်သလိုပေါ့။

ရည်းစားဟောင်းကို သတိရတဲ့အခါ သူ့ရဲ့ facebook အကောင့်ကို သွားသွားချောင်းပြီး ပျော်ရွှင်နေတဲ့ ပုံတွေကိုကြည့်ပြီး စိတ်အလိုမကျဖြစ်နေတတ်တယ်။ ကိုယ်မပါတဲ့ဘဝတစ်ခုကို လှလှပပတည်ဆောက်သွားတဲ့လူအကြောင်း စပ်စုတာက သင့်ကို ရင်ပူစေမယ်၊ ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရစိတ်တွေဖြစ်မယ်။ ခေါင်းကိုက်နေတဲ့အခါမှာ ဘေးနားကလူတွေ ရယ်မောပျော်ရွှင်နေတာကို ကြည့်ပြီး စိတ်ညစ်မိနေသလိုပေါ့။

ရည်းစားဟောင်းဟာ သင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် သင့်ဘဝကြီးမဟုတ်ပါဘူး။ သင့်ဘေးနားမှာ သင့်မျက်နှာကိုမှန်ကြည့်သလိုကြည့်နေတဲ့ မိဘတွေ၊ သင့်ကိုအမှန်တကယ်ချစ်ခင်တဲ့ သူငယ်ချင်းတွေကို မေ့ပြီး ပြတ်သွားတဲ့ရည်းစားဟောင်းအကြောင်းတွေးနေတာ၊ ခံစားနေတာက တရားရဲ့လား။ ကိုယ့်ကိုယ်ကိုယ်ငဲ့ညှာတယ်၊ ဘေးနားကလူတွေကို မြတ်နိုးတယ်ဆိုရင် ဘဝမှာ အရှေ့တိုးဖို့ပဲ အာရုံထားပါ။ ခေါင်းကိုက်ပျောက်ဆေးသောက်ပြီး ခေါင်းကိုက်ခြင်းကိုမောင်းထုတ်သလိုပဲ နှလုံးသားကို ကိုက်ခဲနာကျင်စေတဲ့သူကို ဘေးနားကလူတွေက သင့်အပေါ်ကောင်းတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ကုစားပါ။

ခေါင်းကိုက်ခြင်းဆိုတာ သင့်ရဲ့နေ့ရက်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်သလို၊ ရည်းစားဟောင်းဆိုတာကလည်း သင့်ကိုစိတ်ရှုပ်စေရုံကလွဲပြီး ဘာမှမထူးခြားစေပါဘူး။ ခေါင်းကိုက်တဲ့အခါမှာ အနားယူသလို၊ ရည်းစားဟောင်းကြောင့် စိတ်ရှုပ်လာရင် စိတ်အေးလက်အေးအနားယူပါ။ ခေါင်းကိုက်တဲ့အခါ အရည်အသွေးမြှင့်ခေါင်းကိုက်ပျောက်ဆေးတွေကို သောက်သလို ကိုယ့်ဘဝရဲ့ အရည်အသွေးကို မြင့်တင်ပါ။ ခေါင်းကိုက်တဲ့အခါ နားပူစရာတွေနဲ့ ဝေးဝေးနေသလို ရည်းစားဟောင်းနဲ့ ပတ်သက်သမျှတွေနဲ့ ဝေးဝေးနေပါ။

စာချစ်သူတွေအားလုံး ခေါင်းကိုက်ခြင်းနဲ့ ရည်းစားဟောင်းကြောင့် ဘဝနေ့ရက်တွေ အနှောင့်အယှက်ဖြစ်ခြင်း ကင်းဝေးပြီး သာယာပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

စာချစ်သူတို့ရဲ့ ကျန်းမာရေးဗဟုသုတအတွက် Biogesic နဲ့ ဂန္ထဝင်မဂ္ဂဇင်းတို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။