အော်ဟစ်ကြိမ်းမောင်းခြင်းက ကလေးတွေကို တကယ်လိမ်မာစေနိုင်သလား။

blank

စာချစ်သူတို့ရေ…။

သင့်ကလေးကို ပြောဆိုဆုံးမတဲ့အခါ အောင်ဟစ်ကြိမ်းမောင်းတတ်သလား။

သင့်ကလေးကို မကြားဝံ့မနာသာစကားလုံးတွေနဲ့ ဆူပူတတ်သလား။

လိမ်မာစေဖို့ ဆိုတဲ့ စေတနာကို အရင်းပြုပြီး သင့်ကလေးရဲ့ ရင်ထဲမှာ ဒဏ်ရာတွေထင်စေမယ့် စကားတွေနဲ့ ထိုးနှက်မိလား။

တစ်ခါတလေမှာ ကျွန်မတို့ တတွေဟာ အများစုဟာ လူကြီးမိဘဖြစ်ခြင်းဆိုတဲ့ ပါဝါကြောင့်၊ လိမ်မာရေးခြားရှိတဲ့ကလေးတွေကို ပြုစုပျိုးထောင်လိုတယ်ဆိုတဲ့ စေတနာကြောင့်၊ သူတစ်ပါးရဲ့ ပြောဆိုနှိမ့်ချမှုကို မခံရအောင် စတဲ့ အကြောင်းအရာမျိုးစုံနဲ့ ကလေးတွေကို ပြောဆိုဆုံးမတတ်ကြပါတယ်။ ကျွန်မတို့ရဲ့ စေတနာတွေက ဘယ်လိုပဲဖြစ်နေပါစေ၊ ကလေးငယ်တွေ အမှားတွေပြုလုပ်မိတဲ့အခါ

“ အသုံးကိုမကျဘူး” “ မင်းအစ်ကိုရဲ့ ချေးကျွေးရမယ်” “ မင်းနဲ့ရွယ်တူတွေအကုန်လုံး လုပ်တတ်တယ်။ မင်းပဲ သုံးစားမရတာ” စတဲ့ စကားတွေနဲ့ ကလေးငယ်လေးတွေကို ပြောတတ်ကြတယ်။ တကယ်ကော အဲ့ဒီစကားတွေက ကျွန်မတို့ရင်ထဲကလာတဲ့ စကားတွေလား။ ကလေးကို ပိုမိုတော်တဲ့ကလေးတွေဖြစ်စေချင်တဲ့ စေတနာကြောင့်ပြောတဲ့ စကားတွေလား။ ကျွန်မတို့က ဘာကြောင့်ပဲပြောပြော၊ ကျွန်မတို့အထိန်းအကွပ်မဲ့စွာ ပြောလိုက်တဲ့ စကားတွေဟာ ကလေးငယ်တွေရဲ့ ရင်ထဲမှာ ဖျက်မရတော့တဲ့ အနာတရတွေဖြစ်သွားတတ်ပါတယ်။

ကျွန်မတို့က “ကောင်းစေလိုလို့” ဆိုတဲ့ခေါင်းစဉ်နဲ့ပြောလိုက်တဲ့ စကားတွေဟာ အသံကျယ်ကျယ်နောက်မှာ ပျောက်သွားပြီး ကလေးတွေကတော့ ဒေါသတွေကိုပဲမြင်တော့မှာပါ။ မိဘတွေက သူတို့ကိုမချစ်လို့ ဒေါသတကြီးအော်တာ၊ ဆူငေါက်တာတွေလုပ်တာလို့ ယူဆမယ့်အပြင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေလည်း ပျောက်ဆုံးကုန်မှာဖြစ်ပါတယ်။ အချို့မိဘတွေဆိုရင် ရွယ်တူသူငယ်ချင်းတွေရှေ့မှာ အရှက်တကွဲဖြစ်အောင် ပြောဆိုတာတွေကိုတောင် ပြုလုပ်တတ်ကြပါတယ်။

ကျွန်မတို့မှတ်ထားရမှာက ကျွန်မတို့ရဲ့ ကလေးငယ်တွေကို အရှက်တရားတွေကို ရိုက်ချိုးပြီး အကြောက်တရားတွေနဲ့ ချုပ်ကိုင်ပြီး ဆိုဆုံးမလို့မရပါဘူး။ ကလေးတွေဟာ ကျွန်မတို့ရဲ့ အပြုအမူတွေကို ကြည့်ပြီး သင်ယူနေတယ်ဆိုတာမမေ့ပါနဲ့။ မိဘနဲ့သားသမီးအကြားမှာ ခိုင်မာတဲ့ နားလည်မှုတစ်ခုကို တည်ဆောက်ပြီး ကလေးတွေကို နာလွယ်အောင်၊ နာခံလိုတဲ့ စိတ်လေးဖြစ်အောင် သူတို့ရဲ့ ခံစားချက်လေးတွေကို လေးစားပြီး ပြောဆိုဆုံးမမှသာ လိမ္မာတဲ့သားသမီးလေးတွေကို ပြုစုပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် စာချစ်သူရေ…။

သင့်ကလေးငယ်ကို ဆိုဆုံးမတော့မယ်ဆိုရင် သင်ဖြစ်ချင်တာတစ်ခုတည်းကိုပဲ ရှေးရှုမယ့်အစား ကလေးငယ်ရဲ့ ခံစားချက်တွေ၊ အရှက်တရားတွေကို မရိုက်ချိုးမိအောင် ဂရုစိုက်ပေးပါ။ ဒေါသနဲ့အော်တော့မယ့်ဆိုရင် ကရုဏာတရားတွေနဲ့ ထိန်းပါ။ ကလေးငယ်တွေဟာ ကျွန်မတို့ရဲ့ စကားတွေထက် ကျွန်မတို့ရဲ့ အပြုအမူတွေကို သင်ယူနေတာကြောင့် ဆဲဆိုခြင်းဟာ လိမ်မာတဲ့ကလေးတွေကို လိမ္မာရေးခြားရှိတဲ့ ကလေးတွေဖြစ်အောင် ပြုစုပျိုးထောင်လို့မရဘူးဆိုတာ မှတ်ထားပါ။

စာချစ်သူတို့ ဖေဖေမေမေတို့အတွက် ဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ သင့်ကလေးငယ်ကို ဖျားနာခြင်းမှ ကာကွယ်ပေးနိုင်တဲ့  Ceelin တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။