လူတိုင်းမှာရှိနေသင့်တဲ့ စုငွေအမျိုးအစား (၄) မျိုး

blank

အနာဂတ်အတွက် ငွေကိုကြိုတင်စုဆောင်းထားသင့်ပါတယ်။ အသက်အရွယ်၊ ဝင်ငွေနဲ့ ဘဝအခြေအနေအရ စုငွေအထိုက်အလျောက်တော့ရှိသင့်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ငွေစုတော့မယ်ဆိုရင် ဘယ်လိုငွေစုစာရင်းနဲ့ စပြီးစုမလဲဆိုတာ သိရအောင် စုဆောင်းသင့်တဲ့ ငွေစုပုံစံ (၄) မျိုးကို ဖော်ပြပေးလိုက်ပါတယ်ရှင်။

၁။ အရေးပေါ်စုငွေ (Emergency Savings)

ဘာကိုမှ ကြိုမသိနိုင်တဲ့လောကကြီးမှာ အရေးပေါ်အခြေအနေမှာသုံးဖို့ အရေးပေါ်စုငွေ (Emergency Saving) ဆိုတာ လူတိုင်းမှာ ရှိသင့်ပါတယ်။ ကျွန်မတို့ တော်တော်များများက ငွေအရေးပေါ်လိုလာပြီဆိုရင် လက်ထဲမှာမရှိတဲ့အတွက် သူများဆီလိုက်ချေးရ၊ ပေါင်ရနဲ့ ငွေအတွက်စိုးရိမ်ပူပန်လာရပါပြီ။ ဒီစုငွေအတွက် အများကြီး မစုနိုင်ရင်တောင် ကိုယ်သုံးမယ့်အသုံးစရိတ်ထဲက နည်းနည်းချင်းဖဲ့ပြီးစုထားပါ။

အဲ့ဒီစုငွေကို အလုပ်မရှိဝင်ငွေမရှိချိန်တွေ၊  အရေးပေါ်ကျန်းမာရေးအတွက်၊ ရန်သူမျိုးငါးပါးနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ဒုက္ခရောက်ရတဲ့အချိန်တွေကလွဲလို့ လုံးဝမသုံးမိဖို့လည်း သတ်မှတ်ထားပါ။

၂။ အိုစာမင်းစာအတွက် စုငွေ (Retirement Savings)

အသက်အရွယ်ကြီးလာတဲ့အခါ၊ အလုပ်မလုပ်နိုင်တော့လို့ ပင်စင်ယူပြီး ဝင်ငွေမရှိတော့တဲ့ အချိန်တွေမှာ သုံးနိုင်ဖို့ အိုစာမင်းစာစုထားသင့်ပါတယ်။ တချို့ကုမ္ပဏီတွေနဲ့ ရုံးတွေမှာဆိုရင် လခထဲကနေ နှုတ်ပြီး ပင်စင်ယူတဲ့အချိန်အတွက် ကြိုစုထားပေးတာမျိုးတွေရှိပါတယ်။ ပင်စင်ယူချိန်မှ စုပြီး ထုတ်ပေးလိုက်တာမျိုးပေါ့။ ကိုယ့်ကုမ္ပဏီက ဒီလိုစုမပေးဘူးဆိုရင်လည်း တစ်လတစ်လဝင်ငွေကနေ ကိုယ့်ဘာသာ ဖယ်ပြီးစုထားသင့်ပါတယ်။ အများကြီးမဟုတ်တောင် မသိသာလောက်မယ့် ပမာဏလေးတွေ စုထားပါ။ ပင်စင်မယူမချင်း ထုတ်မသုံးပါနဲ့။

ဒီစုငွေကို ပင်စင်ယူပြီးမှသုံးပါ။ စုငွေကို ပိုတိုးအောင်လုပ်ချင်ရင်တော့ သေချာစိတ်ချရတဲ့အလုပ်မှာ ရင်းနှီးမြှုပ်နှံပါ။

၃။ ကာလတိုစုငွေ (Short-Term Savings)

        ရည်မှန်းချက်တစ်ခုအတွက် စုတာမျိုးပေါ့။ ဥပမာ – မိသားစုခရီးသွားဖို့၊ TV အသစ်ဝယ်ဖို့၊ ဘီရိုအသစ်တစ်လုံးဝယ်ဖို့ စတဲ့ အသုံးစရိတ်တစ်ခုခုအတွက် ရေတိုစုတာမျိုးလေးပေါ့။ အခုတလောမှာဆိုရင် ဘဏ်တွေနဲ့ ဆိုင်တွေနဲ့ ချိတ်ဆက်ပြီး ဖုန်းတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကို အရစ်ကျစနစ်နဲ့ ရောင်းပေးနေတာတွေရှိပါတယ်။ အဲဒီလို အရစ်ကျဝယ်ရင်လည်း စုမိဆောင်းမိရှိစေပါတယ်။

ဒီစုငွေကို ဝယ်ချင်တာဝယ်ဖို့၊ ခရီးထွက်ဖို့၊ အိမ်အတွက်လိုတာတွေဝယ်ဖို့၊ ကိုယ်လိုချင်တာတွေဝယ်ဖို့ သုံးနိုင်ပါတယ်။

၎။ ကာလရှည်စုငွေ (Long-term Savings)

နောက်နှစ်တွေအများကြီးကြာတဲ့အခါမှာ တန်ဖိုးကြီးအရာတစ်ခုခုကို ပိုင်ဆိုင်ဖို့ နှစ်ပေါင်းများစွာစုထားတဲ့ စုငွေမျိုးကို ဆိုလိုတာပါ။ ဥပမာဆိုရင် အိမ်ခြံမြေ၊ တိုက်၊ ကား စသည်ဖြင့်ပေါ့။ လိုချင်တဲ့ငွေပမာဏနဲ့ လိုချင်တဲ့အချိန်ကိုကြည့်ပြီး တစ်လတစ်လ ဘယ်လောက်စုရမယ်ဆိုတာကို တွက်ချက်ပြီး စုနိုင်ပါတယ်။ ငွေပြန်မထုတ်ဘဲ ကာလရှည်စုမယ်ဆိုရင် အမြတ်များများပေးတဲ့ ငွေစုပုံစံမျိုးတွေ ဘဏ်တွေမှာ စုံစမ်းနိုင်ပါတယ်။

ဒီစုငွေကို တန်ဖိုးကြီးအရာတွေ၊ သားသမီးတွေရဲ့ အနာဂတ်၊ သာရေးနာရေးအတွက် သုံးနိုင်ပါတယ်။ ရည်မှန်းချက်မပြည့်မချင်း ထုတ်မသုံးမိဖို့လည်း သတ်မှတ်ထားပါ။

ဒီမရှိမဖြစ် စုငွေ (၄) မျိုးကို သိပြီးပြီဆိုရင် ကိုယ့်ဝင်ငွေနဲ့လိုက်ပြီး တစ်လကို ဘယ်လောက်စုရမယ်ဆိုတာကို သတ်မှတ်ပါ။ အရေးပေါ်အသုံးစရိတ်တွေကို ဖယ်ထားပါ။ ငွေအသုံးပြုမှုတွေကို စာရင်းဇယားတွေကို သေချာသိမ်းထားပါ။ ပစ္စည်းတွေဝယ်တဲ့အခါ discount ရရှိနိုင်တဲ့နေရာတွေ၊ ပြန်အမ်းငွေတွေရရှိနိုင်တဲ့ e-wallet တွေအကြောင်းလေ့လာပါ။

စာချစ်သူတို့ ငွေကြေးကိစ္စတွေ နိုင်နင်းပိုင်နိုင်စေဖို့နဲ့ ငွေကြေးဆိုင်ရာ  ဗဟုသုတတွေအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ OK$ တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။