“သင့်ကလေးကို ချစ်ရင် ဖုန်း ပေးကိုင်မယ့်အစား စာအုပ်လေးတွေ ဝယ်ပေးပါ”

blank

“ လူတစ်ယောက်ကို တကယ်ချစ်ရင် ငါးဖမ်းမကျွေးပါနဲ့။ ငါးဖမ်းနည်းသင်ပေးပါ။ တဲ့။ လောကကြီးကို ရင်ဆိုင်ရမယ့် သင့်ကလေးငယ်တွေ၊ ငယ်ရွယ်သူတွေကိုလည်း လိမ္မာရေးခြားရှိအောင် သင်ပေးသလိုပဲ ထက်မြက်ရဲရင့်အောင် လည်း သင်ကြားထားပေးသင့်ပါတယ်။ ဒါမှသာ လောကကြီးနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါမှာ အောင်နိုင်သူတွေအဖြစ် ရပ်တည်နိုင်မှာ မဟုတ်လား။

အချိန်နဲ့အမျှ ကြိုးစားရုန်းကန်နေရတဲ့သင့်အတွက် သားသမီးကို ပြုစုပျိုးထောင်မှုတွေ လှစ်ဟာမသွားအောင် ကြိုးစားရတာကလည်း စိန်ခေါ်မှုတစ်ရပ်ပါ။ ဒါ့ကြောင့် သင့်ကိုကူညီဖို့အတွက် သင့်ကလေးငယ်ကို ငယ်ငယ်ကတည်းက စာအုပ်တွေကို ချစ်တတ်အောင် သင်ပေးပါ။ အသက်အရွယ်ကြီးလာတာနဲ့အမျှ သင့်ကလေးရဲ့ ဦးနှောက်နဲ့ နှလုံးသားစွမ်းရည်ကို မြှင့်တင်ပေးဖို့အတွက် စာဖတ်တဲ့အလေ့အကျင့်လေးကို ပျိုးထောင်ထားပေးခဲ့ပါ။ “အလိမ္မာ စာမှာရှိ” လို့ ဆိုတဲ့အတိုင်း စာပေကိုချစ်တတ်လာတဲ့ ကလေးငယ်ဟာ လောကကြီးကို အလှဆင်နိုင်လာမှာသေချာပါတယ်။

သင့်ကလေးကို စာများများဖတ်စေချင်တယ်ဆိုရင် သင်နောက်ထပ်မှတ်ထားရမှာက သင့်ကလေးဟာ သင့်စကားကို နားထောင်ဖို့ထက်၊ သင့်ရဲ့ အမူအကျင့်တွေကို အတုခိုးနေတယ်ဆိုတာကို လုံးဝလုံးဝမမေ့ပါနဲ့။