မိသားစုကို ဂရုစိုက်ရင်း ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့ မေ့နေသူများ (သို့မဟုတ်) အိမ်ရှင်မများ

blank

အိမ်ရှင်မကြီးရေ…

မနက်မိုးလင်းက မိုးချုပ် တကုပ်ကုပ်နဲ့ အလုပ်တွေလုပ်တယ်။ တစ်အိမ်သားလုံးရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးတယ်။ မှီခိုဆိုတဲ့နာမည်လေးအတပ်ခံရတယ်။ ဒါပေမဲ့ သားသမီးတွေနဲ့ ခင်ပွန်းပျော်ရွှင်မှုအတွက် မင်းကျေနပ်လိုက်တယ်လေ။

အိမ်ရှင်မကြီးရေ…

ရာထူးဆိုတာမရှိဘူး၊ လစာလည်းမမြင်ဘူး။ ချစ်ခြင်းမေတ္တာတွေကို စားသုံးရင်း တစ်ဘဝလုံးကို နေအိမ်လေးကို အလှဆင်ရင်း ကုန်ဆုံးလိုက်တယ်။ မင်းမရှိရင် ဗြောင်းဆန်သွားလောက်တဲ့ တာဝန်တွေကို ထမ်းဆောင်ထားတယ်။ လူတွေမေးရင်း မင်းကျေနပ်စွာဖြေတယ်။ “ဘာမှမလုပ်ဘူး” တဲ့။ တစ်အိမ်လုံးကို မ,ထားရတဲ့ မင်းတာဝန်တွေကို မျက်ကွယ်ပြုပြီး မင်းကိုယ်မင်း ချိုးနှိမ်လိုက်တယ်လေ။

အိမ်ရှင်မကြီးရေ….

သမီးအဖြစ်နဲ့ ဖခင်ကို ဂရုစိုက်ပေးခဲ့တယ်။ ဇနီးအဖြစ်နဲ့ ခင်ပွန်းကို အရေးပေးခဲ့တယ်။ မိခင်ဖြစ်လာတော့ သားသမီးတွေကို ကြင်နာမှုတွေ မျှဝေလို့။ မင်းကိုယ်မင်း ပျော်ရွှင်အောင်၊ မင်းလုပ်ချင်တဲ့အရာတွေကို ဦးစားပေးပြီးလုပ်ခဲ့တဲ့အချိန်က ဘယ်တုန်းကပါလိမ့်။ မင်းခင်မင်ရတဲ့ အပေါင်းအသင်းတွေအတွက် အချိန်ပေးပြီး မင်းစိတ်တွေပေါ့ပါးအောင် အပြင်မှာ မုန့်ထွက်စားခဲ့တဲ့ အချိန်က ဘယ်တုန်းကလဲ မှတ်မိလား။ မိန်းမတစ်ယောက်ဖြစ်ခြင်းဆိုတာ ပေးဆပ်ဖို့သက်သက်လို့ မင်းယူဆပြီး အားလုံးရဲ့ လိုအပ်ချက်တွေအတွက် မင်းဆန္ဒတွေကို ခဝါချလိုက်တယ်လေ။

အိမ်ရှင်မကြီးရေ….

မင်းရဲ့ ရင်သွေးတွေအတွက် အားဆေး၊ မင်းခင်ပွန်းအတွက် အားရှိစေမယ့် အစားအစာတွေကို ဂရုတစိုက်ချက်ပြုတ်ပေးတယ်။ မင်းကြိုက်တဲ့ဟင်းကို စိတ်လိုလက်ရချက်စားခဲ့တဲ့ အချိန်ကို မှတ်မိသေးလား။ မင်းရဲ့သားလေးနေမကောင်းတုန်းက တစ်ညလုံးဂရုစိုက်ပေးခဲ့တဲ့ မင်းဟာ မင်းနေမကောင်းတော့ အိမ်အလုပ်တွေကို ပေတေပြီးလုပ်နေတယ်လေ။ ခင်ပွန်းဖျားတော့ ကြက်စွပ်ပြုတ်ပြုတ်ပေးတဲ့ မင်းဟာ မင်းကိုယ်မင်းတော့ အဖျားပျောက်ဆေးလေးနဲ့ ကျေနပ်လိုက်တာပဲ မဟုတ်လား။

အိမ်ရှင်မကြီးရေ…

မိသားစုအတွက် စတေးရင်း မင်းကိုယ်မင်း ဂရုမစိုက်တတ်တဲ့အကျင့်ကို ဖျောက်လိုက်ပါ။ မင်းရဲ့ သားသမီးတွေအရွယ်ရောက်လာတဲ့အခါ မင်းရဲ့တစ်ဖက်သတ်ပေးဆပ်ခဲ့တာတွေကို မြင်မှာလား။ မင်းနဲ့အတူပျော်ရွှင်စွာဖြတ်ကျော်ခဲ့တဲ့ အမှတ်တရတွေကို မှတ်မိနေမှာလား။ ခင်ပွန်းသည်ကို လိုလေသေးမရှိဖြည့်စွမ်းပေးနေတတ်တဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ဖို့နဲ့ ပျော်ရွှင်တက်ကြွတဲ့ ဇနီးတစ်ယောက်ဖြစ်ဖို့ ဘယ်ဟာကပိုအရေးကြီးလဲ။ မင်းကိုယ်မင်းဂရုမစိုက်တတ်တဲ့ အကျင့်ကြောင့် မင်းနာမကျန်းဖြစ်ရရင် မင်းရဲ့မိသားစုတွေ ပျော်ရွှင်ရပါ့မလား။

အားလုံးအတွက် ဒူပေဒါပေအလုပ်လုပ်ရင်း မင်းနေမကောင်းတဲ့အခါ ဘာကြောင့်လျစ်လျူရှုပစ်တတ်တာလဲ။ မင်းဖျားနာတဲ့အခါမှာ အနားယူဖို့မစဉ်းစားဘဲ ဆက်တိုက်အလုပ်လုပ်နေမယ်ဆိုရင် မင်းနေမကောင်းတာကြာနေမယ်ဆိုရင် မင်းရဲ့ မိသားစုကို ဘယ်သူဂရုစိုက်မှာလဲ။

ဒါ့ကြောင့် အားလုံးကိုဂရုစိုက်သလို မင်းကိုယ်မင်းဂရုစိုက်ပါ။ အားလုံး ပျော်ရွှင်စိတ်ချမ်းသာအောင် ဆောင်ရွက်ပေးသလို မင်းကိုယ်မင်းလည်း ပျော်ရွှင်အောင်ထားပါ။ သူများတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးသလို ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပါ။ အားရှိမယ့်အစားအစာတွေ စားပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ကိုယ်ပိုင်အချိန်တွေ တချို့ထားပါ။ မင်းကိုယ်မင်းစိတ်ချမ်းသာအောင်ထားပါ။ ရာသီဥတုအပြောင်းအလဲကာလတွေမှာ အအေးမမိအောင်၊ မဖျားနာအောင် ဂရုစိုက်ပါ။ ဖျားနာလာပြီဆိုရင်လည်း ထိရောက်မှုရှိတဲ့ ဆေးဝါးတွေကို သောက်သုံးဖို့လည်း မမေ့ပါနဲ့နော်။ မင်းစိတ်ချမ်းသာမှ မင်းဘေးနားက လူတွေကို စိတ်ချမ်းသာအောင် မင်းဆောင်ရွက်ပေးနိုင်မယ်။

မင်းကိုချစ်တဲ့…

ဂန္ထဝင်

စာချစ်သူတို့ရဲ့ ခံစားမှုရသအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Fluza တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။