မလိုဘူးလို့ ထင်နေတဲ့အရာတွေ လိုအပ်လာတဲ့အချိန် …

blank

ကိုဗစ်ဟာ လူတွေကိုစိုးရိမ်ကြောင့်ကျမှုတွေ၊ ပူပင်သောကပေါင်းများစွာပေးခဲ့တယ်။ ဒါပေမဲ့ သူ့ကြောင့်ပဲ သင်ယူခဲ့ရတာတွေ အများကြီးရှိခဲ့တယ်။ ဥပမာပြောရရင် ကိုဗစ်မတိုင်ခင်မှာကတည်းက လူတွေက အရေးပေါ်အသုံးစရိတ်ရဲ့ အရေးပါပုံတွေကို ပြောခဲ့ကြတယ်။ ငွေကြေးစီမံခန့်ခွဲမှုလို့ပြောလိုက်ရင် အရေးပေါ်အသုံးစရိတ်အကြောင်း မပါမဖြစ်ပြောခဲ့ကြတယ်။ ဒါပေမဲ့ တကယ်ကော ဘယ်နှယောက်က အရေးပေါ်အသုံးစရိတ်ကို စနစ်တကျထားခဲ့ကြလို့လဲ။

ကိုဗစ်ရောက်လာခဲ့တဲ့အချိန်မှာ လနဲ့ချီပြီးအလုပ်အကိုင်တွေ နှောင့်နှေးသွားတာ၊ တချို့တွေဆို ရပ်ဆိုင်းသွားတဲ့အထိဖြစ်သွားခဲ့ကြတယ်။ အဲ့ဒီအချိန်မှာ….။

အဝတ်ဘီဒိုထဲကအဝတ်အစားတွေ။

အိမ်ထဲကမလိုတဲ့ပစ္စည်းတွေ။

အပေါင်းအသင်းတွေနဲ့ အပြင်ထွက် စားသောက်ခဲ့တာတွေက ကျွန်မတို့ကို မကူညီနိုင်ခဲ့ဘူး။ တစ်နေ့နေ့မှာ အလုပ်တွေရပ်သွားလိမ့်မယ်လို့တွေးမထားခဲ့တဲ့ ကျွန်မတို့အများစုဟာ ငွေကြေးတွေ ကသီကလင်ဖြစ်သွားခဲ့ကြတယ်။ သာယာနေတဲ့ကောင်းကင်ကိုကြည့်ပြီး ထီးမပါဘဲ အိမ်ပြင်ထွက်ခဲ့တဲ့အချိန်မှာ ရုတ်တရက်မိုးရွာချလိုက်တဲ့အခါ မိုးစိုသွားသလိုပေါ့။

အဲ့ဒီလိုပဲ အသက်အာမခံတွေအကြောင်း၊ ကျန်းမာရေးအာမခံတွေအကြောင်း ကြားသိနေရပေမယ့် ကိုယ်နဲ့မဆိုင်သလိုဖြစ်နေတတ်ကြတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ချစ်တဲ့သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့၊ သူတို့ရဲ့ငွေကြေးဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ သူတို့ဘေးနားမှာ တစ်သက်လုံးရှိနေလိမ့်မယ်၊ သူတို့ကို တစ်သက်လုံးစောင့်ရှောက်နိုင်လိမ့်မယ်လို့ ထင်နေတတ်ကြပါတယ်။ အဲ့ဒါနဲ့ပဲ အာမခံလိုမျိုး အရံစောင့်ရှောက်မှုတွေထားဖို့ ဆုံးဖြတ်ချက်တွေက နှောင့်နှေးနေတတ်ကြတယ်။

ကျွန်မတို့ရဲ့ဝင်ငွေနဲ့ အိမ်သားတွေရဲ့ ပညာရေး၊ ကျန်းမာရေးအသုံးစရိတ်တွေမှီခိုနေရတယ်ဆိုရင် ဂုဏ်ယူဖို့ကောင်းသလို ကျွန်မတို့သာမရှိတော့ရင်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းစဉ်းစားထားဖို့ အရေးကြီးပါတယ်။ ကြည်လင်နေတဲ့ကောင်းကင်ကြီးဟာ ရုတ်တရက် မိုးရွာကျနိုင်တယ်ဆိုရင်၊ ကျန်းမာနေတဲ့ ကမ္ဘာကြီးထဲကို ကိုဗစ်ဆိုတဲ့ ကပ်ဆိုးကြီးရုတ်တရက် ရောက်လာနိုင်တယ်ဆိုရင် မနက်ဖြန်မှာ ကျွန်မတို့ဘာမှဖြစ်မသွားနိုင်ဘူးလို့ အာမခံချက်ပေးနိုင်လို့လား။

ကိုဗစ်ကာလမှာ အရေးပေါ်အသုံးစရိတ်ရှိခဲ့တဲ့သူတွေက ဘဝကိုဟန်မပျက်ဆက်လက်ရှင်သန်နိုင်ခဲ့သလို ကျွန်မတို့ကိုမှီခိုနေရတဲ့ ကျွန်မတို့ရဲ့ မိသားစုအတွက် အရိပ်အာဝါသတစ်ခုကို ဖန်တီးထားဖို့အရေးကြီးပါတယ်။ ဒါမှသာ မနက်ဖြန်တွေရဲ့ မသေချာမှုတွေထဲမှာ ကျွန်မတို့ချစ်ရတဲ့သူတွေရဲ့ ပျော်ရွှင်မှု၊ အဆင်ပြေမှုတွေ ပါမသွားမှာ မဟုတ်လား။ ကျွန်မတို့ချစ်ရသူတွေရဲ့ အနာဂတ်အတွက် အာမခံဆိုတဲ့ ပြင်ဆင်မှုလေးတစ်ခုကိုတော့ ရယူထားရင် မကောင်းဘူးလား။ ကျွန်မတို့ကိုယ်တိုင်လည်း နာမကျန်းဖြစ်မှုတွေကြောင့် အလုပ်တွေမလုပ်နိုင်ခဲ့ရင် ဆေးဝါးကုသမှုခံယူဖို့အတွက် ငွေကြေးတွေ မလိုနိုင်ဘူးလား။ အဲ့ဒီအတွက် ဘယ်လိုကြိုတင်ပြင်ဆင်ကြမလဲ။

အဲ့ဒီမေးခွန်းတွေအတွက် အဖြေက အသက်အာမခံနဲ့ ကျန်းမာရေးအာမခံထားခြင်းပါ။ ကျန်းမာရေးအာမခံထားခြင်းအားဖြင့် ကိုယ်နေထိုင်မကောင်းဖြစ်တဲ့အခါ ကျန်းမာရေးအသုံးစရိတ်တွေကို ရရှိစေသလို ကိုယ်တစ်ခုခုသာဖြစ်သွားခဲ့ရင်ဆိုတဲ့ စိုးစိတ်တွေနဲ့လည်း ပူပန်နေစရာမလိုတော့ပါဘူး။ အရေးမကြီးဘူးလို့ သဘောထားခဲ့တဲ့ အရေးပေါ်အသုံးစရိတ်ကို အရေးပါပုံကို နောက်ကျမှသိခဲ့ရတယ်ဆိုရင်တောင် အသက်အာမခံ၊ ပညာရေးအာမခံနဲ့ ကျန်းမာရေးအာမခံထားဖို့ နောက်မကျသေးပါဘူးနော်။ မနက်ဖြန်တွေဆိုတာ မသေချာပါဘူး၊ ဆုံးဖြတ်ချက်တွေဝေဝါးပြီး နောက်မကျခင် သေချာတဲ့ ဒီနေ့မှာ အာမခံအတွက် ပြင်ဆင်ဖို့လိုနေပါပြီ။

ကိုယ့်အတွက်…

ကိုယ်ချစ်ရသူတွေအတွက်…

ရုတ်တရက်ကြုံလာမယ့် အဖြစ်အပျက်တွေကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ အာမခံထားလိုက်ကြပါစို့နော်။

စာချစ်သူတို့အတွက် ခံစားမှုရသလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ KBZMS တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။