လူငယ်တွေကို နေရာမပေးတဲ့ လုပ်ငန်းခွင်မှာ မပျော်ပိုက်မိတော့တာ အပြစ်လား။

ကျွန်မက ဘွဲ့ရပြီးလုပ်ငန်းခွင်ကို အခုမှစဝင်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ကျွန်မကကျောင်းအပြင် လိုအပ်တဲ့ ဘာသာစကားသင်တန်းတွေ၊ နည်းပညာသင်တန်းတွေလည်း တက်ထားပါတယ်။ အသစ်တွေကို သင်ယူရတာ ကြိုက်သလို အနာဂတ်အတွက်ရည်မှန်းချက်တွေလည်း အများကြီးရှိပါတယ်။ ကျောင်းပြီးသွားတာနဲ့ ကျွန်မဝါသနာနဲ့ကိုက်ညီတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်တယ်။ သွက်လက်တက်ကြွပြီး အရည်အချင်းရှိတဲ့ ကျွန်မကို အထက်လူကြီးတွေက အင်တာဗျူးမှာကတည်းက သဘောကျခဲ့ကြတယ်။

အလုပ်ဝင်စအစမ်းခန့်ကာလမှာတော့ ကျွန်မကအလုပ်နဲ့ပတ်သက်ပြီး သင်ယူကာစဆိုတော့ အဆင်ပြေခဲ့ပါတယ်။ အစမ်းခန့်ကာလကျော်လွန်ပြီး အလုပ်လည်းစလုပ်ကော အထက်လူကြီးတွေက ကျွန်မပြောတဲ့ စကားတွေ၊ အကြံဉာဏ်တွေကို သိပ်ပြီး လက်မခံတာမျိုးတွေ တွေ့ရတယ်။ တစ်ခါတလေမှာ ကိုယ်ပေးတဲ့အကြံဉာဏ်က ကောင်းနေရင်တောင် ငြင်းပါယ်ပစ်ပါတယ်။ ကျွန်မလုပ်တာတစ်ခုခု အောင်မြင်သွားရင် အသိအမှတ်မပြုပေးတတ်သလို၊ အရည်အချင်းတွေကိုလည်း အမြဲမျက်ကွယ်ပြုခံရတတ်ပါတယ်။ ကျွန်မနဲ့အတူတူ အလုပ်ဝင်တဲ့သူတွေကိုလည်း အဲ့ဒီလိုပါပဲ။ နေရာမပေးချင်ကြ၊ လက်တွဲမခေါ်ချင်ကြတာကို တွေ့ရတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဘယ်လိုလုပ်ရမလဲဆိုတာကို သေချာမရှင်းပြပေမယ့် မသိလို့မှားတဲ့အမှားတွေ၊ နားမလည်လို့ လွဲတဲ့အမှားတွေဆိုရင် ဖိပြီးအဆူခံရတတ်ပါတယ်။ ကျွန်မက လူငယ်ဆိုတော့ အတွေးတွေမှားနေတာလို့ ကိုယ့်ကိုယ်ကိုယ်ဆုံးမကြည့်တယ်။ ကျွန်မကကြိုးစားပြရင် အသိအမှတ်ပြုခံလာရမယ်လို့ ယူဆပြီး ကြိုးစားလာတာ ၈ လကျော်ရှိနေပါပြီ။ ကျွန်မအိပ်မက်နဲ့ နီးစပ်နေတဲ့ အလုပ်လေးကိုနှမျောသလို အလုပ်တွေ ဟိုခုန်ဒီခုန်လုပ်တဲ့လူလည်း မဖြစ်ချင်ပြန်ဘူး။

ကျွန်မဘာလုပ်ရမလဲ။