တချို့မိန်းကလေးတွေက သူများယောက်ျားကိုမှ ဘာလို့ကြိုက်ကြတာလဲ။

blank

           ကျွန်မခင်ပွန်းက ကျွန်မကို ကွာရှင်းပေးဖို့ တောင်းဆိုနေပါတယ်။ ကျွန်မတို့မှာ သမီးလေးတစ်ယောက် ရှိပေမယ့် ကလေးကို သူ့ဘက်က ယူရမယ်ဆိုလည်း ယူမယ်၊ ကျွန်မဘက်ကယူရင်လည်း ကလေးစရိတ် ထောက်ပံ့ပေးမယ်လို့ ပြောပါတယ်။ တကယ်ဆို ကျွန်မတို့နှစ်ယောက်က ကိုယ့်ဘာသာသုံးနှစ်သုံးမိုး ချစ်ကြိုက် ပြီးမှ ယူခဲ့ကြတာပါ။ အခုဆို အိမ်ထောင်သက် ၇ နှစ်ရှိပါပြီ။

           စီးပွားရေးလည်း ပြေလည်ပါတယ်။ အိမ်ထောင်ရေး လည်း (ကျွန်မအထင်) သာယာပါတယ်။ ဒါပေမဲ့ ဒီတစ်နှစ်လောက်ကစပြီး သူ့ဘက်က ဖောက်လာပါတယ်။ ကျွန်မကို အပြစ်မရှိအပြစ်ရှာ စိတ်ဆိုးတာ၊ ရန်ဖြစ်တာ၊ အိမ်ကနေ နှစ်ရက်သုံးရက် အပြင်ထွက်သွားတာမျိုးတွေ လုပ်ပါတယ်။ လင်မယားရန်ဖြစ်ရတာရှက်လို့ မှားမှားမှန်မှန်ကျွန်မဘက်ကပဲ တောင်းပန်ပါတယ်။ နောက်တော့ သူတမင်အပြစ်ရှာနေတယ်ဆိုတာကို နားလည်လာပါတယ်။ ဘာဖြစ်ချင်တာလဲလို့မေးတော့ ကျွန်မကို မပေါင်း ချင်တော့လို့၊ ကျွန်မနဲ့အတူနေရတာမပျော်တော့လို့ဆိုပြီး ပြောပါတယ်။ ကျွန်မတော်တော်အံ့သြသွားပါတယ်။ ယောက်ျားတစ်ယောက်ဟာ အလကားနေရင်း ပြောင်းလဲသွားတာတော့ မဖြစ်နိုင်ဘူးလေ။ သေချာမေးကြည့် တော့ သူ့မှာ အသစ်တွေ့နေပါပြီတဲ့။ အခုမှ အချစ်စစ်ကို တွေ့တာလို့ ပြောပါတယ်။ ဘယ်သူလဲဆိုတော့ သူက မဖြေပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

           သမီးလေးမျက်နှာကြောင့်ကော၊ လင်ကွာမယားကွာအထိပါ မဖြစ်ချင်လို့ ကျွန်မလေ မိန်းမသိက္ခာ ကျခံပြီး သူ့ကို တောင်းပန်ပါတယ်။ တစ်သက်နဲ့တစ်ကိုယ်မလုပ်စဖူး ဗေဒင်တွေလည်းမေး၊ ယတြာတွေလည်း ချေတယ်။ အားလုံးကိုလည်း သူ့သဘော၊ သူ့စိတ်ချမ်းသာမှုကိုပဲ ရှေ့ရှုပြီး အလိုလိုက်အလျှော့ပေးဆက်ဆံပါ တယ်။ ကျွန်မက အဲ့ဒီလိုလုပ်လေ သူက ပိုဆိုးလာလေပါပဲ။ နောက်တော့ သူ့ရဲ့နောက်လူကို သိလိုက်ရပါတယ်။ တခြားသူမဟုတ်ပါဘူး။ သူ့အလုပ်ထဲကပါ။ ကျွန်မနဲ့လည်း ရင်းနှီးပါတယ်။ ကျွန်မယောက်ျားမှာ ကျွန်မနဲ့ သမီး လေးရှိမှန်းသိသိကြီးနဲ့ သူတို့ပတ်သက်ခဲ့ကြတာပါ။ အခုဟာကလည်း သူက ကျွန်မပြတ်မှ သူ့ကိုယူမယ်ပြောလို့ ကျွန်မကို အသည်းအသန်ကွာရှင်းခွင့်တောင်းနေတာပါတဲ့။ ကျွန်မလေ ကျွန်မသူငယ်ချင်းတွေ တားနေတဲ့ကြား က အဲ့ဒီအမျိုးသမီးကို ကျွန်မအိမ်ထောင်မဖျက်စီးဖို့ ခြေသလုံးဖက်မတတ် သွားတောင်းပန်ခဲ့ပါတယ်။

           သူက ကိုယ့်ယောက်ျားကိုယ်ပဲ နိုင်အောင်ထိန်းပါ။ သူနဲ့မဆိုင်ဘူးလို့ ခပ်မာမာပြောလွှတ်ပါတယ်။ ကျွန်မပဲငိုပြီး ပြန်လာ ခဲ့ရပါတယ်။ သူ့မှာလည်း ရုပ်ရှိ၊ အရွယ်ရှိ၊ ဝင်ငွေလည်း ကောင်းပါလျက်နဲ့ လူလွတ်ချင်းမကြိုက်ဘဲ သူများ ယောက်ျားကို ဘာလို့ကြိုက်ချင်တာလဲ ကျွန်မမသိပါဘူး။ ကျွန်မသူငယ်ချင်းတွေက စိတ်တိုပြီးတော့ လုံးဝမကွဲ ပေးနဲ့လို့ ပြောကြပါတယ်။ ကျွန်မကတော့ လက်လျှော့လိုက်ချင်ပါပြီ။ ယောက်ျားကလည်း ကျွန်မဘက်မပါ တော့ဘူးဆိုတော့ ဆက်ပေါင်းနေလည်း နေ့ တိုင်းစိတ်ဆင်းရဲနေရမယ်လို့ပဲ ထင်ပါတယ်။ ဘာဆက်လုပ်ရ မယ်မှန်းတောင် မသိတော့ပါဘူး ဂန္ထဝင်ရေ။