အိမ်ထောင်ကျပြီးတဲ့သူတိုင်း အလုပ်ထွက်ပြီး ယောကျာ်းရှာကျွေးတာ ထိုင်စားရတာလား။

blank

ကျွန်မက အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ပါ။ ကလေးတစ်ယောက်ရှိပါတယ်။ အိမ်ထောင်မကျခင်ကတည်းက လုပ်နေတဲ့ အလုပ်ကို အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း ဆက်လုပ်ခဲ့တယ်။ ကလေးမရခင်ကတော့ ကျွန်မရဲ့ အမျိုးသားက အိမ်အလုပ်တွေမှာ နည်းနည်းပါးပါး  ကူပေးပါတယ်။ ကလေးရပြီးနောက်မှာ ကလေးကြောင့် အလုပ်မှာ လစ်ဟင်းတာတွေ များလာပါတယ်။ အဲ့ဒါကြောင့် အိမ်အလုပ်တွေမှာကူဖို့ ခင်ပွန်းကို လိုအပ်တဲ့အခါ အကူအညီတောင်းရပါတယ်။ သူကအစကတော့ ကြည်ကြည်ဖြူဖြူပဲ လုပ်ပေးပါတယ်။ နောက်ပိုင်းမှာတော့ ဆူဆူပုတ်ပုတ်ဖြစ်လာပြီး ကျွန်မကပဲ သူ့ကို ခိုင်းစားနေသလိုနဲ့ အပြစ်တင်လာပါတယ်။ အလုပ်နောက်ကျတာများလာတော့ အလုပ်ရှင်ကလည်း မကြည်ဖြူတော့ပါဘူး။ ယောက်ျားကလည်း အလုပ်ထွက်လိုက်တော့လို့ပြောပါတယ်။ အလုပ်ရှင်ကလည်း မနိုင်ရင်အလုပ်ထွက်တော့လို့ ဝါနင်ပေးနေပါပြီ။

ကျွန်မကသူ့ကို ချော့မော့ပြီး နားလည်အောင်ပြောပြတယ်။ ကျွန်မရဲ့အလုပ်ကို ကျွန်မနှစ်သက်တယ်ဆိုတဲ့အကြောင်း ပြောပြပြီးစည်းရုံးကြည့်တယ်။ သူ့ဖက်ကနည်းနည်းလေးမှ မလျှော့တဲ့အတွက် ကျွန်မတို့မကြာခဏစကားများရတယ်။ ကျွန်မဘယ်လောက်ပဲ စိတ်မကောင်းဖြစ်ပါစေ၊ မျက်ရည်ကျပါစေ သူက လုံးဝအလျှော့မပေးဘူး။ အလုပ်နဲ့ပတ်သက်လို့ အသွားအလာခက်ခဲနေတာကို တွေ့လျက်နဲ့ မမြင်ချင်ယောင်ဆောင်နေတတ်တယ်။ သူ့ရဲ့လက်စွဲစကားက အလုပ်ထွက်လိုက်၊ သူရှာကျွေးနိုင်တယ်တဲ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကြာလာတော့ အလုပ်မထွက်ချင်တဲ့ ကျွန်မက ကလေးနဲ့ရုန်းကန်လိုက်၊ ယောက်ျားကို တဗျစ်တောက်တောက်ပြောလိုက်နဲ့ လူဆိုးကြီးဖြစ်လာပါတော့တယ်။ ပတ်ဝန်းကျင်ကလည်း ကျွန်မကိုယောက်ျားအပေါ်နိုင်စားတဲ့ မိန်းမအဖြစ်မြင်လာတယ်။ အရာရာကိုစိတ်တိုင်းမကျဖြစ်နေပြီး ဒေါသထွက်လွယ်တဲ့ မိန်းမတစ်ယောက်ပေါ့။ အဲ့ဒီလိုအပြောခံရတိုင်း ကျွန်မယောက်ျားက ကျွန်မဖက်မှာ မရှိတဲ့အပြင် ကျွန်မကိုရှုံ့ချပြောတယ်။ တန်ဖိုးမရှိသလို ဆက်ဆံတယ်။ သူများတွေကို ကူညီသလောက် ကျွန်မကိုနည်းနည်းလေးမှာ ကူညီဖော်မရဘူး။

ကျွန်မမိဘတွေကတော့ ကျွန်မရဲ့ အိမ်ထောင်ရေးမသာယာဖြစ်နေတာက ကျွန်မရဲ့အလုပ်အပေါ်မှာ ဖက်တွယ်ထားလွန်းတဲ့ အကျင့်ကြောင့်တဲ့။ အလုပ်ထွက်လိုက်ရင်တော့ အဆင်ပြေသွားမယ်တဲ့လေ။ ကျွန်မရဲ့ အိမ်ထောင်ရေးမသာမယာဖြစ်နေတာက တကယ်ပဲ ကျွန်မအလုပ်ထွက်လိုက်ရင် အဆင်ပြေသွားမယ်လို့ ထင်လား။ ကျွန်မအလုပ်ထွက်သင့်လား။