သင်မိဘကောင်းဖြစ်ပြီလား။

blank

စာချစ်သူတို့ရေ…။

ကျွန်မတို့မြန်မာလူမှုအသိုင်းအဝိုင်းမှာ အများစုဟာ မိဘဆိုရင် သားသမီးတွေ ရိုသေလေးစားပြီး ကြောက်ရွံ့နေရမယ်လို့ လက်ခံထားကြပါတယ်။ ဒီခေတ်အခါမှာ သားသမီးတွေရဲ့ အမြင်တွေ သဘောထားတွေကို လက်ခံလာကြတာတွေရှိနေပေမယ့်လည်း သားသမီးတွေနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတာမျိုးတွေက ရှားနေတုန်းပါပဲ။ ကလေးတွေက မသိနားမလည်တဲ့အရာတွေကို မိဘတွေကို မေးမြန်းကြတယ်။ ဒါပေမဲ့ မိဘတွေက ကလေးတွေကို “ကလေးနဲ့မဆိုင်ဘူး” တို့ “စပ်စုရန်ကော” တို့ စတဲ့ စကားလုံးတွေနဲ့ ဟန့်တားခဲ့ကြတဲ့အတွက် ကလေးတွေဟာ တဖြည်းဖြည်းနဲ့ သူတို့နားမလည်တာတွေကို မမေးမြန်းရဲတော့ဘဲ တဖြည်းဖြည်းနဲ့ မိဘတွေနဲ့ အလှမ်းကွာဝေးလာပါတယ်။

ကလေးတွေကို လိမ္မာရေးခြားရှိအောင်ဆုံးမတာ၊ လိုအပ်တာတွေကို ဖြည့်ဆည်းပေးတာ၊ စားဝတ်နေရေးဖူလုံအောင်ဖန်တီးပေးထားရုံနဲ့ လုံလောက်ပြီလို့ ထင်နေတတ်ကြပါတယ်။ ကျောင်းကိုမှန်မှန်လွှတ်ပေးရုံ၊ စာရေးကိရိယာလုံလောက်အောင် ဖြည့်ဆည်းထားပေးရုံနဲ့ ပညာရေးအတွက် ပြည့်စုံပြီ။ ကျောင်းကနေ ပညာရပ်တွေကို ဆရာ၊ မတွေက သင်ကြားပေးလိမ့်မယ်ဆိုပြီး သိသင့်သိထိုက်တာတွေကို မပြောပြဘဲ နေတတ်ကြပါတယ်။ ဥပမာ- လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ကျောင်းကသင်ပေးလိမ့်မယ်လို့ပဲ လက်ခံထားတတ်ကြတာမျိုးပေါ့။

ဘဝကိုကိုယ်တိုင်ဦးဆောင်နိုင်တဲ့ လူကြီးတွေဖြစ်ဖို့ဆိုတာ ကလေးဘဝက သိပ်ကိုအရေးကြီးပါတယ်။ ကလေးတွေကို ကလေးတွေလို့ သဘောမထားဘဲ သူတို့သိသင့်သိအပ်တာတွေကို  ဆရာ၊ မတွေပြောပြလိမ့်မယ်၊ အချိန်တန်ရင်သိသွားလိမ့်မယ်လို့ သဘောမထားဘဲ မိဘတွေက စတင်ပြီးပြောပြဖို့ လိုသလို သူတို့မေးတာတွေကိုလည်း လေးလေးစားစားရှင်းပြတတ်ဖို့ လိုပါတယ်။ ဒါမှသာ မိဘနဲ့ သားသမီးအကြားမှာ မြဲမြံခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး သူတို့ကို ပညာလေ့လာရာမှာ လိုအပ်မယ့် အရာတွေကို ဝယ်ပေးရုံမဟုတ်ဘဲ သင်ခန်းစာနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့အတွေ့အကြုံတွေကို ဖလှယ်ပေးတာ၊ သူတို့ရဲ့ အခက်အခဲတွေကို နားထောင်ပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ သူတို့ကောင်းဖို့အတွက် တစ်ခုခု စီစဉ်ထားတယ်ဆိုရင်တော့ အဲ့ဒါနဲ့ပတ်သက်ပြီး သူတို့ကိုလည်း နားလည်အောင် ရှင်းပြထားတာမျိုးပေါ့။

ခရီးတစ်ခုထွက်တော့မယ်ဆိုရင် အဲ့ဒီခရီးနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေ၊ သင့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကို ကလေးကို ပြောပြထားခြင်းအားဖြင့် ခရီးကိုပိုပြီး ပျော်ရွှင်တာစိတ်ဝင်စားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ခရီးသွားအာမခံယူထားရင်တောင် ကလေးနဲ့မဆိုင်သလို ထားတာထက် ခရီးသွားအာမခံနဲ့ပတ်သက်ပြီး သူတို့ဉာဏ်ရည်နဲ့ သင့်တော်တာလောက်ကို ပြောပြထားသင့်ပါတယ်။ အဲ့ဒီလိုလုပ်ခြင်းအားဖြင့် ကလေးနဲ့ သင့်ရဲ့ဆက်ဆံရေးတွေ ပိုခိုင်မာလာသလိုကလေးရဲ့ ဗဟုသုတတွေလည်း ကြွယ်ဝလာမှာဖြစ်ပါတယ်။

မိဘတွေပြုလုပ်တတ်တဲ့ နောက်ထပ်အမှားတစ်ခုက ကလေးတွေ လုပ်ချင်တာတွေတိုင်းကို တားဆီးခြင်းပါပဲ။ မိဘဆိုတာ စိတ်ပူတတ်တဲ့အတွက် သူတို့ကိုနေရာတကာ လိုက်ပိတ်ပင်နေတာက မမှားပေမယ့် ကလေးတွေရဲ့ စွန့်စားလိုစိတ်တွေကို ပိတ်လိုက်ခြင်းအားဖြင့် သင်ယူနိုင်စွမ်းတွေကို ပိတ်ပင်လိုက်ခြင်းပါပဲ။  တကယ်တော့ မိဘဖြစ်ခြင်းဆိုတာ ကလေးတွေကို လုံခြုံအောင် ဂရုစိုက်ပေးသလို ကလေးတွေရဲ့ စွန့်စားလိုစိတ်တွေကို အားပေးအားမြှောက်ဖို့လည်း အရေးကြီးပါတယ်။ လမ်းလျှောက်တတ်စအရွယ်မှာသာ ထိခိုက်မှာစိုးလို့ လမ်းမလျှောက်ခိုင်းခဲ့ရင် သင့်ကလေးဟာ အခုအချိန်ထိ သူ့ခြေထောက်ပေါ်သူရပ်တည်နေနိုင်ပါ့မလား။

COVID-19 ကြောင့် lockdown တွေကျနေတဲ့ကာလ၊ အိမ်မှာနေနေရတဲ့ကာလဟာ သားသမီးတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်ထားဖို့ အကောင်းဆုံးအချိန်ပါ။ သားသမီးတွေနဲ့အချိန်တွေအတူတူ ကုန်ဆုံးဖို့ အချိန်တွေရနေတဲ့အချိန်မှာ သူတို့ပြောတာလေးတွေကို နားထောင်ပေးသွားမယ်၊ သင့်ရဲ့အတွေ့အကြုံလေးကို ဝေမျှသွားမယ်ဆိုရင် ဒီကာလကြီးပြီးသွားရင် သင်တို့ကြားမှာ နားလည်မှုနဲ့ အခြေတည်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားနိုင်မှာဖြစ်ပါတယ်။

စာချစ်သူတို့ရေ….။

သင်ဟာ သင့်ကလေးတွေရဲ့ လက်ဦးဆရာဖြစ်တာကြောင့် သင့်ကလေးကို သင်ယူဖို့ သင့်မှာလည်း တာဝန်ရှိတယ်။ မိဘအနေနဲ့ သင်ကူညီရမယ့် အပိုင်းတွေရှိပါတယ်။  ကလေးဆိုတာမျိုးကတော့ စူးစမ်းမယ်၊ လေ့လာချင်မယ်။ မေးမြန်းချင်နေမှာပါပဲ။ မိဘတစ်ယောက်အနေနဲ့ သူတို့ရဲ့ စူးစမ်းတတ်တဲ့ စိတ်ကို အားပေးရမှာဖြစ်သလို အကာအကွယ်တစ်ခုခုကိုလည်း ယူထားပေးသင့်ပါတယ်။ ဥပမာ- ခရီးထွက်ချင်တာကို မတားဘဲ ခရီးထွက်တဲ့အခါတိုင်း ခရီးသွားအာမခံဝယ်ထားပေးသလိုမျိုးပေါ့။

သင့်အတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ KBZMS တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးဖို့ မမေ့ပါနဲ့နော်။