ယူပြီးသား မိန်းမကို တစ်သက်လုံး ပိုးပန်းနေဖို့လိုလား။

blank

တစ်ရက်မှာ ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်း စားသောက်ဆိုင်တစ်ဆိုင်မှာ အတူးတူညစာစားနေတုန်း မျက်စောင်းထိုး စားပွဲမှာ အမျိုးသားကြီးတစ်ယောက်ရောက်လာတယ်။ သူ့လက်ထဲမှာနှင်းဆီပန်းစည်းအကြီးကြီးတစ်စည်းရယ်၊ ဘောလုံးလေးတွေရယ်၊ လက်ဆောင်ထုပ်လေးသေးသေးလေးရယ်ပါလို့ ကျွန်တော်တို့ သူ့ကိုသတိပြုမိသွားတာပေါ့။ သူက ထိုင်ခုံမှာ ဘောလုံးလေးတွေကို ချိတ်တယ်၊ ပန်းစည်းလေးကို စားပွဲပေါ်မှာ အသာအယာချတယ်။ စားပွဲထိုးလာချပေးတဲ့ ကိတ်မုန့်လေးမှာလည်း “Happy 30th Anniversary” လို့ရေးထားတယ်ဗျ။

ကျွန်တော်က တအံ့တသြနဲ့ “ မင်္ဂလာဆောင်ပြီးတာ အနှစ် (၃ဝ) ရှိနေပြီ အဲ့ဒါတွေလုပ်ပေးဖို့လိုနေသေးလို့လား” လို့ ပြောလိုက်မိတယ်။ ကျွန်တော့်သူငယ်ချင်းက “မင်းတကယ်ပြောနေတာလား။ မင်းမိန်းမကို surprise တွေ ဘာတွေ မလုပ်ပေးဖြစ်ဘူးပေါ့” လို့ မေးတယ်။ “ဟုတ်တယ်လေ။ ငါက ငါ့မိန်းမအပေါ်မှာ သစ္စာရှိရှိ ရှာဖွေကျွေးမွေးတယ်။ အချိန်တန်ရင် အိမ်ပြန်တယ်။ ဒါဆိုမလုံလောက်ဘူးလား။ ငါအိမ်ထောင်ကျတာ (၄) နှစ်ရှိပြီကွ။ အခုထိ ငါတို့အိမ်ထောင်ရေးအဆင်ပြေနေတာပါပဲ။ မဟုတ်ဘူးလား” လို့မေးတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်တော့်သူငယ်ချင်းက “ဒီမှာ ငါ့ကောင်… မင်းမိန်းမက မင်းကိုဘာမှမတောင်းဆိုဘူး။ ဆိုပေမယ့် မင်းပေးမယ့် surprise တွေ၊ လက်ဆောင်လေးတွေကို မလိုချင်ဘူးလို့ မင်းထင်နေလား” လို့မေးတယ်။ ကျွန်တော်က “အေးလေ… မောင်ကျွန်မအပေါ်သစ္စာရှိရှိ ချစ်နေတာကိုပဲ ကျွန်မကျေနပ်ပါတယ်” သူက ခဏခဏပြောတာပဲ လို့ ကျွန်တော်က ဖြေလိုက်တယ်။ ကျွန်တော့်သူငယ်ချင်းက “အေးကွ… မိန်းမတွေက အချစ်ကလွဲရင် ဘာမှမလိုချင်ပါဘူး။ ဒါပေမဲ့ အဲ့ဒီအချစ်ကို ဖော်ကျူးပေးဖို့၊ သူတို့ကို ချစ်ခင်ဂရုစိုက်နေတယ်ဆိုတာကို ပြသပေးဖို့တော့လိုတယ်ကွ။ Surprise လေးတွေပေးပါလို့တော့ ဘယ်တောင်းဆိုပါ့မလဲ။ ဒါပေမဲ့ ငါတို့က အဲ့ဒီလိုလေးတွေ ပေးတာကိုတော့ နည်းနည်းတော့ မျှော်လင့်နေတာပဲကွ။ လက်ဆောင်ဆိုတာမျိုးက ဈေးနည်းတာ၊ ဈေးများတာနဲ့ မဆိုင်ပါဘူး။ အသိအမှတ်ပြုမှု၊ သတိတရရှိမှုဆိုတဲ့ ခံစားမှုလေးနဲ့တင် မိန်းကလေးတွေကို ပျော်ရွှင်ကြည်နူးစေတယ်ကွ။ အရင်တုန်းက ငါလည်းပဲ အိမ်ထောင်ကျပြီးသွားရင် “ချစ်တယ်” လို့ ပြောပြစရာ မလိုတော့ဘူး။ အရင်ကလို ဂရုစိုက်ပြစရာ မလိုဘူး။ လက်ဆောင်လေးတွေနဲ့ ပိုးပန်းစရာ မလိုတော့ဘူးလို့ထင်ခဲ့ဖူးတယ်။

မနှစ်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ ဈေးဝယ် လိုက်သွားရင်း မိန်းမအတွက်  နားကပ်တစ်ရံဝယ်ခဲ့တယ်။ ငါကတော့ ဘာရယ်မဟုတ်ဝယ်လာပေါ့ကွာ။ မင်္ဂလာနှစ်ပြည့်ကလည်း နီးချိန်ကိုး။ အဲ့ဒီလက်ဆောင်လေးကို ငါ့မိန်းမကိုပေးလိုက်တဲ့အချိန်မှာ သူမျက်ရည်တွေကျအောင် ကြည်နူးဝမ်းသာခဲ့တာကွ။ ပြီးတော့ ငါ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားတယ်။ အဲ့ဒီနွေးထွေးမှုလေးကို အခုထိငါမမေ့သေးဘူး” တဲ့။

ကျွန်တော့်သူငယ်ချင်းရဲ့ စကားကိုစဉ်းစားမိတယ်။ အိမ်ထောင်ကျသွားပြီးတာတောင် မိန်းမကို ဆက်ပြီးပိုးနေဖို့ လိုလို့လား။ ကျွန်တော်ကတော့ သူ့ကိုငွေတွေအပ်တာပဲ။ သူလိုချင်ရင် သွားဝယ်လိမ့်မယ်လို့ ယူဆတယ်ဗျ။ အိမ်ထောင်တစ်ခုမှာ ရိုဆန်တာတွေ မဆန်တာတွေထက် တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိမြတ်နိုးနေမယ်ဆိုရင်၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နားလည်တန်ဖိုးထားနေရင်မလုံလောက်ဘူးလား။ သင်ကော… ဘယ်လိုထင်လဲ။

မိန်းမတွေဟာ တကယ်ပဲ ချစ်ခြင်းတွေကို ထုတ်ဖော်ပြသတာကို လိုချင်တာလား။