ကိုယ်မလုပ်ခဲ့တဲ့အမှားအတွက် ထိုးနှက်ခံနေရတဲ့အခါ ဘယ်လိုလုပ်သင့်လဲ။

blank

ကျွန်မမှာ အရင်တုန်းကချစ်သူတစ်ယောက်ရှိခဲ့ဖူးပါတယ်။ တွဲပြီးနှစ်လလောက်မှာပဲ သူကကျွန်မကို ဟိုကိုင်ဒီကိုင်လုပ်ဖို့ကြိုးစားလို့ ကျွန်မသူ့ကိုဖြတ်ခဲ့ပါတယ်။ နားလည်မှုတည်ဆောက်ဖို့ မကြိုးစားဘဲ အသားယူချင်တဲ့ ကျွန်မနဲ့ဘဝတန်ဖိုးချင်းမတူတဲ့သူဖြစ်နေခဲ့တာကြောင့် ထူးပြီးတောင်မခံစားခဲ့ပါဘူး။ ဒီလိုလူနဲ့စောစောဝေးလေကောင်းလေပဲမဟုတ်လား။

ကျွန်မရဲ့လက်ရှိချစ်သူကတော့ ချစ်သူသက်တမ်း နှစ်နှစ်အတွင်းမှာ ကျွန်မကိုစိတ်ချမ်းသာပျော်ရွှင်စေခဲ့ပါတယ်။ ကျွန်မထက်အသက်ကြီးပြီး ရင့်ကျက်တည်ငြိမ်သူပေါ့။ ကျွန်မကိုနားလည်ပေးတယ်။ အလိုလိုက်တယ်။ ကျွန်မဖြစ်ချင်တာတွေကို လုပ်နိုင်ဖို့ အကြံဉာဏ်တွေပေးနိုင်တယ်။ ကျွန်မမှားနေရင်တောင် အပြုသဘောနဲ့ ထိန်းကျောင်းပေးနိုင်တယ်။ အဲ့ဒါကြောင့်ပဲ သူ့ကိုကျွန်မတစ်ရစ်ပြီးတစ်ရစ်တွယ်တာခဲ့မိတယ်။ အဖေလို၊ အစ်ကိုလို၊ သူငယ်ချင်းလို ချစ်ခင်ခဲ့ရတယ်။ ကျွန်မသူ့ကိုချစ်တယ်ဆိုတာထက် ယုံကြည်တယ်။ အားကိုးတယ်။ လေးစားတယ်ပေါ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

လွန်ခဲ့တဲ့နှစ်လလောက်ကအထိ ကျွန်မတို့အချစ်ရေးမှာ အကုန်အဆင်ပြေနေခဲ့တယ်။ ကျွန်မတို့စကားပြောနေရင်းနဲ့ အရင်ချစ်သူနဲ့ဘာကြောင့်ပြတ်သွားခဲ့ရလဲဆိုတာကို သူ့ကိုပြောပြခဲ့မိတယ်။ တစ်ဘဝလုံးရည်ရွယ်ထားတဲ့သူဖြစ်နေတာကြောင့်ရယ်၊ သူ့ကိုယုံကြည်တာကြောင့်ရယ်ပေါ့။ သူကလေ ကျွန်မပြောပြတဲ့အချိန်မှာတော့ ဘာမှမထူးခြားတဲ့ စကားတစ်ခုကို ကြားလိုက်ရသလိုပဲ တုံ့ပြန်ခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါးပဲ “ဟုတ်လား။ ဘာမှမဖြစ်ပါဘူး” လို့ပြောခဲ့တာကြောင့် ကျွန်မတောင် စိတ်သက်သာရာရခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း သူနဲ့ကျွန်မစကားများ၊ ငြင်းခုံတိုင်း “မင်းလိုမိန်းကလေးက၊ အရင်ရည်းစားက ဘယ်လိုထိကိုင်ခံခဲ့ရတာ” စတဲ့ စကားတွေနဲ့ ထိုးနှက်ပါတော့တယ်။ အသေးအဖွဲကိစ္စလေးနဲ့ ငြင်းခုံကြရင်တောင် အဲ့ဒါကို ကျွန်မရဲ့ ပျော့ကွက်အဖြစ်သုံးတော့တယ်။ တစ်ခါတလေဆိုရင် လူရှေ့သူရှေ့ပါမရှောင်တော့ပါဘူး။

ကျွန်မလေ သူ့ကိုချစ်တယ်။ မဆုံးရှုံးချင်ဘူး။ ဒါပေမဲ့ ရှေ့ဆက်ပြီးလက်တွဲဖို့ကြတော့လည်း တစ်သက်လုံး ဒါကြီးကိုအားနည်းချက်လို ထိုးနှက်နေမှာကို ခံနိုင်ရည်မရှိတော့ဘူး။ ဒေါသတကြီးတုံ့ပြန်မိရင်လည်း သူစိတ်ကွက်သွားမှာစိုးရိမ်နေမိတယ်။

ကျွန်မဘယ်လိုဆုံးဖြတ်သင့်လဲဟင်။