ကိုယ့်ကလေးရဲ့​ကျန်းမာရေးအတွက် လူတွေကို ခွန်းတုံ့ပြန်ပြောမိတာ ကျွန်မမှားလား။

blank

ကျွန်မဟာ အခုမှမီးဖွားထားတဲ့သူတစ်ယောက်ပါ။ ကျွန်မရဲ့ကလေးဟာ အခုမှရက်သားပဲရှိပါတယ်။ ကျွန်မတို့နေထိုင်ရဲ့ရပ်ကွက်က တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့​ ချစ်ချစ်ခင်ခင်နေတတ်ကြတဲ့ ပုံစံမျိုးနေထိုင်ကြပါတယ်။ တစ်ယောက်ကိုတစ်ယောက်ရိုင်းပင်းကူညီတာ၊ ပြောဆိုဆက်သွယ်နေတာက အဆင်ပြေပေမယ့် အဆင်မပြေတာက ကလေးလေးမွေးပြီးမှ စတဲ့ကိစ္စပါ။

အခုအချိန်ဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံနေရတဲ့ကာလဖြစ်တာကြောင့် ရက်သားအရွယ်ရှိနေတဲ့ ကလေးအမေတစ်ယောက်အနေနဲ့ အစစအရာရာ သတိထားရပါတယ်။ ၁၄ကြာမှသာ ရောဂါလက္ခဏာပြသနိုင်တာကြောင့် လက္ခဏာတွေမပြခင် ပိုးရှိနေတဲ့လူဟာ အကောင်းပကတိသွားလာလှုပ်ရှားနေနိုင်တယ်ဆိုတာကို စာတွေမှာဖတ်ရပါတယ်။ ဒါ့ကြောင့် ကျွန်မရဲ့မိသားစုကိုလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့​ သတိပေးချက်တွေကို အပြင်းအထန်လိုက်နာဖို့ သတိပေးထားပါတယ်။

ကျွန်မရဲ့ခင်ပွန်းအပါအဝင်အိမ်သားတွေအားလုံးကို အပြင်ကပြန်လာတိုင်း အဝတ်လဲ၊ ကိုယ်လက်သန့်စင်ရမယ်ဆိုတဲ့ စည်းကမ်းကို ချမှတ်ထားပါတယ်။ ကလေးကို မချီခင် ဆပ်ပြာနဲ့လက်ကိုသေချာဆေးခိုင်းတယ်။ ကလေးကို မနမ်းဖို့သတိပေးရတယ်။ အိမ်ကလူတွေကတော့ ကျွန်မပြောတာကို လိုက်နာကြတယ်။ ခက်တာက အိမ်နီးနားချင်းတွေပါ။ “မွေးပြီဆို” ဆိုတဲ့ စကားနဲ့ ဝင်လာပြီး ကလေးကို ချီဖို့ နမ်းဖို့ကြိုးစားတော့တာပဲ။ ကျွန်မက အခုလိုအချိန်မှာကလေးကို လူနားသိပ်အကပ်မခံဖို့ လုပ်ထားတယ်ဆိုတာကို ချိုသာစွာရှင်းပြပေးဖို့ ကြိုးစားကြည့်တယ်။ “အမလေး… ငါကသန့်ပါတယ်အေ။ နေ့တိုင်းရေချိုးပါတယ်” တဲ့။

ကျွန်မက ကိုရိုနာဗိုင်းရပ်စ်ပိုးတွေဟာ တစ်နေ့တစ်ခါရေမှန်မှန်ချိုးရုံနဲ့​ ကာကွယ်လို့မရနိုင်တဲ့အကြောင်း၊ အပြင်ကလာတဲ့သူတစ်ယောက်ဆီမှာ ရောဂါပိုးတွေကပ်ငြိနေနိုင်ကြောင်း၊ ကလေးတွေဟာ ကိုယ်ခံအားနည်းနေသေးတဲ့အတွက် ရောဂါကူးစက်ခံရနိုင်ချေများကြောင်း၊ ကူးစက်ခံရရင်လည်း အသက်ဆုံးရှုံးနိုင်ကြောင်း နားလည်အောင်ရှင်းပြမိတယ်။

သူတို့က “ကြီးကြီးကျယ်ကျယ်အေ… ကိုရိုနာက ဒီလည်းရောက်သေးတာမဟုတ်ဘူး” လို့ပြောပြီး မကျေမချမ်းနဲ့ထွက်သွားတော့တယ်။ ကျွန်မခင်ပွန်းကတော့ သူတို့ကို အားနာနေလေရဲ့​။ ကျွန်မကတော့ သူတို့ကိုအားနာခြင်း၊ အားမနာခြင်းဆိုတာထက် ကျွန်မသမီးလေးရဲ့​ ကျန်းမာရေးကိုပဲ ပိုပြီး ဂရုစိုက်တယ်။ အခုအချိန်ဟာ အားနာနေဖို့ထက် စည်းကမ်းတွေကို လိုက်နာရမယ့်အချိန်လို့ ကျွန်မယုံကြည်တယ်။

သင်ကော…. ကျွန်မပြောတာကို သဘောတူလား။