အပျိုကြီး၊ လူပျိုကြီးဆိုတာ ပတ်ဝန်းကျင်အတွက် တစ်ခုခုမှားနေတဲ့လူတွေလား။

blank

ဂန္ထဝင်ရေ…

သူများတွေရင်ဖွင့်နေကြတာတွေ့လို့ ကျွန်မလည်း ရင်ဖွင့်ချင်လို့ပါ။ ကျွန်မကတော့ သူများတွေလို အ ချစ်ရေး၊ အိမ်ထောင်ရေးကိစ္စတွေရင်ဖွင့်မှာမဟုတ်ပါဘူး။ လူကိုတွေ့တိုင်း “အပျိုကြီး မစွံသေးဘူးလား၊ ဘယ် တော့စားရမှာလဲ၊ တစ်ယောက်တည်းပဲ နေတော့မှာလား၊ အသက်ကြီးလာရင် ဒုက္ခရောက်မယ်နော်” ဆိုတာ တွေချည်း အမေးခံရပါများလို့ စိတ်အချဉ်ပေါက်လာလို့ပါ။

ကျွန်မက ယောက်ျားတွေနဲ့ပတ်သက်ပြီး စိတ်နာစရာ ရှိလို့ ယောက်ျားမယူတဲ့သူမဟုတ်ပါဘူး။ ကိုယ်လည်းမယူ၊ ယူတဲ့သူတွေကိုလည်း ကြည့်မရတဲ့ ဘုဂလန့်အပျို ကြီးလည်း မဟုတ်ပါဘူး။ ကျွန်မက ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် ကျွန်မဘာသာ ချစ်ကြိုက်မယ့်သူမတွေ့တာ၊ အိမ်ထောင်မပြုတာဟာ ကျွန်မဘာသာပါလာတဲ့ အတိတ်ကံအကြောင်းတရားလို့ပဲ ယူဆပါတယ်။

လက်ရှိမှာ ကျွန်မဘာသာလည်း အဆင်ပြေပါတယ်။ ကျွန်မမှာ မွေးချင်းမောင်နှမတွေလည်း များပါတယ်။ အားလုံးနဲ့လည်း ကျွန်မက တည့်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း အသက် ၆ဝ အထိဝင်ငွေရှိမယ့် ဝန်ထမ်းတစ်ယောက်ပါ။ အသက်ကြီးလာရင်လည်း မောင်နှမတွေအားလုံးပိုင်တဲ့ မိဘအိမ်ရှိပါတယ်။ ကျွန်မကို ချစ်ကြတဲ့ တူ၊ တူမတွေ ရှိပါတယ်။ မောင်နှမတွေအားလုံးက အခုလည်း ကျွန်မအပေါ် နွေးထွေးကြပါတယ်။ ကျွန်မအသက်က ၃၅ ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ခက်တာက အားလုံးအဆင်ပြေနေပေမဲ့ ပတ်ဝန်းကျင်ကိုတော့ ကျွန်မတော်တော်စိတ်ပျက်ပါတယ်။ တွေ့တာနဲ့ ကျွန်မကို အပေါ်က မေးခွန်းတွေချည်းမေးခံနေရလို့ပါ။ သူတို့ပြောတဲ့အထဲမှာ “ ငယ်ငယ်က ယူမထားရင် အသက်ကြီးလာမှ ကြုံတဲ့သူနဲ့ အိမ်ထောင်ကျသွားမယ်နော်။ တချို့အပျိုကြီးတွေဆို အရွယ်လွန်မှ ရတာ ကောက်ယူလို့ ကိုယ့်တူကိုယ့်သားအရွယ်တွေ၊ သူများယောက်ျားတွေ၊ တစ်ခုလပ်တွေ၊ မုဆိုးဖိုတွေနဲ့ ညားကုန်ကြတာ” ဆိုတာမျိုးက အဆိုးဆုံးပါပဲ။ ကျွန်မစိတ်အရဆို အဲ့ဒါက တွေ့တာကောက်ယူကြတာလို့ မထင်ပါဘူး။

သူတို့ကံပါလာလို့ အဲ့ဒီအရွယ်မှတွေ့ပြီး ဖူးစာပါကုန်ကြတာလို့ပဲ မြင်ပါတယ်။ အဲ့ဒီလိုပြောလို့ ကျွန်မက အဲ့ဒီလိုလုပ်မယ်လို့ ပြောတာမဟုတ်ပါဘူး။ အခုအချိန်အထိ ကျွန်မ ယောက်ျားယူချင်စိတ်လည်း မရှိပါဘူး။ ကျွန်မကိုလာကြိုက်သမျှကိုလည်း လုံးဝစိတ်မဝင်စားပါဘူး။ ကျွန်မဘဝနဲ့ကျွန်မလည်း အဆင်ပြေပါ တယ်။ ဒါပေမဲ့ လူတွေက ကျွန်မအဆင်မပြေဘူးလို့လည်း မပြောရဘဲ၊ ကျွန်မလည်း မတောင်းရဘဲနဲ့ ဘာလို့ အကြံတွေလာပေးနေကြတာလဲ။ လူတွေရဲ့ အမြင်မှာ အပျိုကြီးလူပျိုကြီးတွေဆိုတာနဲ့ တစ်ခုခုအဆင်မပြေနေလို့ လား။ ကျွန်မသိချင်တာက အပျိုကြီး၊ လူပျိုကြီးတွေဆိုတာကကော တကယ်ပဲအဆင်မပြေနေကြတဲ့သူတွေ လား။ သိချင်လို့ပါ။

ကျေးဇူးပါ ဂန္ထဝင်။