ကိုယ်တိုင်ကတော့ လူပျိုမစစ်ဘဲ အပျိုစစ်တဲ့ မိန်းကလေးကိုမှ လက်ထပ်ချင်တာမျိုးက ဖြစ်သင့်ရဲ့လား။

blank

သူနဲ့ ကျွန်မ အွန်လိုင်းမှာစပြီး ခင်မင်ခဲ့တယ်။ ခင်မင်တာ တစ်လပြည့်တဲ့နေ့မှာပဲ သူ့ဘက်က အပြင်မှာတွေ့ဖို့ တောင်းဆိုတာကြောင့် ကျွန်မသူနဲ့ တွေ့ဖြစ်ခဲ့တယ်။ ကျွန်မကပန်းချီဝါသနာပါသူတစ်ဦးပါ။ သူကလည်း ပန်းချီနဲ့ ပန်းပုတွေအကြောင်း စိတ်ဝင်စားသူတစ်ဦးဆိုတော့ ကျွန်မတို့ ကြိုက်နှစ်သက်တာတွေတူတယ်လို့ ပြောလို့ရပါတယ်။ အဲ့ဒီနောက်ပိုင်း ကျွန်မတို့ အွန်လိုင်းမှာ ခင်မင်တဲ့ မိတ်ဆွေတွေအဖြစ် ဆုံတွေ့ဖြစ်ခဲ့ကြတယ်။ အပြင်မှာတွေ့တာကြာတော့ သူနဲ့ ကျွန်မကြားမှာ သံယောဇဉ်ကြိုးလေးတွေ နွယ်လာမိတယ်။ အချိန်တစ်ခုကြာလာတဲ့အဆုံး သူကျွန်မကို ဖွင့်ပြောလာတယ်။ ကျွန်မဘက်ကလည်း သူ့ကို စိတ်ဝင်စားတာနဲ့ ခေါင်းညိတ်လိုက်မိတယ်။

အဲ့ဒီနေ့က ကျွန်မတို့ ချစ်သူသက်တမ်း (၅) လပြည့်တဲ့နေ့။ အတူတူနေရအောင်တဲ့။ ကျွန်မက ငြင်းပစ်လိုက်တော့ သူက ဒီကိစ္စကို မလိုက်လျောပေးတာဟာ ကျွန်မက သူချစ်သလောက် သူ့ကို မချစ်လို့တဲ့။ ချစ်သူတွေကြားမှာ ဒီကိစ္စက သဘာဝပဲတဲ့လေ။ အဲ့ဒီကိစ္စကြောင့် ကျွန်မတို့ စကားများရန်ဖြစ်ကြတယ်။

ရန်ဖြစ်ပြီးတဲ့ နောက်တစ်နေ့မှာ သူကျွန်မ အဆောင်ရှေ့ရောက်လာတယ်။ လက်ထဲမှာလည်း ပန်းစည်းတစ်စည်းကိုင်ပြီး သူကျွန်မကို လာချော့တယ်။ အစကတော့ ဘယ်လိုချော့ချော့ တင်းခံနေမယ်လို့ ဆုံးဖြတ်ထားတာ။ သူ့ဘက်က ဒီလိုလာချော့တော့လည်း ကျွန်မ မနေနိုင်ပြန်ဘူး။ ဒါကြောင့် ကျွန်မသူ့ကို ဆင်းတွေ့လိုက်တယ်။ ကျွန်မ သူ့ရှေ့ရောက်ရောက်ချင်းမှာပဲ သူ ဒူးထောက်ထိုင်ချလိုက်တယ်။ လက်ထဲမှာ လက်စွပ်ဗူးလေး  ကိုင်ထားပြီး သူကျွန်မကို အဲ့ဒီနေရာမှာပဲ လက်ထပ်ခွင့်တောင်းတယ်။ ဒီလိုနဲ့ ကျွန်မတို့ နှစ်ယောက် ပြန်ပြေလည်သွားကြတယ်။ ပြေလည်ပြီးသွားတဲ့နောက် သူက အတူနေဖို့တောင်းဆိုပြန်တယ်။ မကြာခင်မှာ လက်ထပ်တော့မယ့် ချစ်သူကို အပျိုစင်ဘဝပုံအပ်ပေးတာ ဘာမှမမှားဘူးလို့ သူကတောင်းဆိုပြန်တယ်။ ကျွန်မနှလုံးသားနောက်ကို ကောက်ကောက်ပါအောင်လိုက်ပြီး သူ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တယ်။ သူဟာ ကျွန်မနဲ့မကြာမှီမှာ လက်ထပ်တော့မယ့်သူပဲလေ။

အဲ့ဒီနောက်ပိုင်း သူကျွန်မကို ရှောင်လာတယ်။  ကျွန်မသူ့ကိုဖုန်းဆက်ရင်လည်း သူ့ဖုန်းကိုပိတ်ထားတယ်။ သူနေခဲ့တဲ့ တိုက်ခန်းကို လိုက်သွားတော့လည်း အတူနေတဲ့သူငယ်ချင်းက သူတာဝန်နဲ့ တခြားမြို့ကို ပြောင်းသွားပြီလို့ပြောတယ်။  ဘယ်မြို့ကိုပြောင်းသွားလဲဆိုတာကိုတော့ အတိအကျ မသိဘူးလို့ ပြောပါတယ်။ ဒီလိုနဲ့ပဲ သူနဲ့ ကျွန်မပြတ်စဲသွားရတယ်။ အဲ့ဒီအဖြစ်ဟာ တစ်နှစ်ကြာပြီဆိုပေမယ့် ကျွန်မအခုထိ နာကျင်နေရတုန်းပါပဲ။

လွန်ခဲ့တဲ့လက မဆုံတာကြာပြီဖြစ်တဲ့ ကျွန်မ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ဆုံတွေ့ဖြစ်တယ်။ သူငယ်ချင်းက မကြာခင် မင်္ဂလာဆောင်တော့မှာမို့ ကျွန်မကို ဖိတ်စာလာဖိတ်တာပါ။ ပြီးတော့ သူ့သတို့သားလည်း ကျွန်မတို့ရှိတဲ့နေရာကို လာနေတယ်လို့ပြောတယ်။ ကျွန်မတို့ ချိန်းထားတဲ့ ဆိုင်မှာ အအေးသောက်ရင်း သူ့အမျိုးသားအလာကို စောင့်နေကြပါတယ်။ တစ်အောင့်ကြာတော့ သူ့အမျိုးသား ရောက်လာတယ်။ ကျွန်မ သူငယ်ချင်းရဲ့ အမျိုးသားဖြစ်မယ့်သူက တစ်ချိန်က ကျွန်မကို ကျူးလွန်ခဲ့ဖူးတဲ့ လူတစ်ယောက်ဖြစ်လိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး။

ကျွန်မကိုမြင်တော့ သူအနည်းငယ် ထိတ်လန့်သွားတယ်။ ကျွန်မ သူငယ်ချင်းကတော့ ဘာမှမသိဘဲ ကျွန်မတို့ နှစ်ယောက်ကို မိတ်ဆက်ပေးပါတယ်။ ကျွန်မလည်း ဘာမှမဖြစ်သလို သူ့ကို ပြန်လည် နှုတ်ဆက်လိုက်တယ်။။ ဒီနေရာမှာ မလုံမလဲဖြစ်ရမယ့်သူက ကျွန်မ မဟုတ်ဘူး။ ကျွန်မကို ကျူးလွန်ခဲ့တဲ့ သူပဲ ဖြစ်ရမှာပေါ့။

သူငယ်ချင်းတွေနဲ့ ဆုံတွေ့ပြီး အိမ်ပြန်လာတဲ့အချိန် ကျွန်မ မသိတဲ့ နံပါတ်အစိမ်းတစ်ခု ကျွန်မဖုန်းကို ခေါ်လာခဲ့တယ်။ ကျွန်မ ဖုန်းကိုင်လိုက်တော့ သူဖြစ်နေတယ်။ တွေ့ကြရအောင်တဲ့။ ဒါနဲ့ ကျွန်မလည်း သူနဲ့ တွေ့ဖို့ သဘောတူလိုက်တယ်။ သူချိန်းတဲ့ လူသူရှင်းတဲ့ ဆိုင်တစ်ဆိုင်ကို ကျွန်မသွားခဲ့တယ်။ ကျွန်မသူ့ကို တွေ့တွေ့ချင်းပဲ ကျွန်မကို အဆက်အသွယ်ဖြတ်သွားရတဲ့အကြောင်း မေးဖြစ်တော့ သူကဒီလို ပြန်ပြောပါတယ်။ ‘အပျိုစင် မဟုတ်တော့တဲ့ မိန်းကလေးတစ်ယောက်နဲ့ သူလက်မထပ်ချင်ဘူး’ တဲ့။ ပြီးတော့ အခုလက်ထပ်မယ့် ကျွန်မသူငယ်ချင်းက အပျိုစင် သန့်သန့်လေးလို့ သူကပြောပါတယ်။ ကျွန်မလေ ဒေါသတွေထွက်လွန်းလို့ ပြောစရာစကားတွေတောင် မရှိတော့ပါဘူး။ သူကိုယ်တိုင်ကတော့ လူပျိုမစစ်တော့ဘဲ အပျိုစစ်မှ လက်ထပ်ချင်တယ် ဆိုတဲ့စကားကို သူ့ပါးစပ်က ထွက်ရဲတာ ကျွန်မ အံ့သြလို့မဆုံးဘူး။ ပြီးတော့ ဒီခေတ်ကြီးထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို အပျိုစစ်ခြင်း မစစ်ခြင်းနဲ့ တိုင်းတာလို့ မရတော့ဘူးဆိုတာကိုလည်း သူ့ကို သိစေချင်တယ်။ သူ့လို အကျင့်စာရိတ္တပျက်ပြားပြီး စိတ်ဓာတ် မကောင်းတဲ့သူနဲ့ ကျွန်မ သူငယ်ချင်းကို လက်မထပ်စေချင်တော့ဘူး။ ကျွန်မ နည်းတူ သူ့လက်အောက်မှာ တခြားအယုံလွယ်တဲ့ မိန်းကလေးတွေ ဘယ်နှစ်ယောက်လောက် ကျဆုံးပြီးပြီလဲ။ နောက်ထပ် ဘယ်နှစ်ယောက်လောက် ထပ်ပြီး အယုံလွယ်ကြဦးမလဲ။ ကျွန်မလေ သူငယ်ချင်းကို ဒီအကြောင်းတွေ ပြောပြချင်ပေမယ့် သူက လက်ထပ်မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ပျော်ရွှင်နေပုံပေါက်တော့ ကျွန်မ မပြောရက်ဘူး ဖြစ်နေတယ်။ ကျွန်မဘယ်လိုလုပ်ရမလဲဟင်။ ကိုယ်တိုင်ရဲ့ အရှက်ကို လစ်လျူရှုပြီး သူငယ်ချင်းကို ဖွင့်ပြောလိုက်ရမလား။ ဒါမှမဟုတ် ဖွင့်မပြောဘဲ တစ်သက်လုံးရေငုံနှုတ်ပိတ်နေလိုက်ရမလား။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။