ငွေကြေးအာဏာကြီးတိုင်း ကိုယ့်ကိုထိပါးစော်ကားနေလို့ ရလား။

blank

ကျွန်မက ကျွန်မရဲ့ အလုပ်ကိုသိပ်ချစ်တဲ့အမျိုးသမီးတစ်ယောက်ပါ။ အသစ်တွေကို သင်ယူစူးစမ်းရတာ ကြိုက်တယ်။ သွက်သွက်လက်လက်နေတတ်တယ်။ ကျွန်မကချစ်ရတဲ့ ကျွန်မကိုသိပ်ချစ်တဲ့ချစ်သူနဲ့ နှစ်ကိုယ်တူဘဝကို တည်ထောင်ဖို့ကြိုးစားရင်း ဘဝကိုစိတ်ချမ်းသာစွာ ကျော်ဖြတ်နေခဲ့ပါတယ်။

ပြဿနာက လွန်ခဲ့တဲ့လအနည်းငယ်ကစခဲ့တာပါ။ ကျွန်မရဲ့ ရုံးမှာ ကျွန်မထက်ရာထူးကြီးတဲ့သူဟာ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ပါ။ သူ့ရဲ့မိသားစုနဲ့ကျွန်မ ခင်ခင်မင်မင်လည်းရှိပါတယ်။ အလုပ်မှာကျွန်မကို ကူညီပေးတတ်ပြီး ကျွန်မမသိတာတွေကို သင်ပြပေးတဲ့သူ့ကို အစ်ကိုကြီးတစ်ယောက်လို ခင်မင်မိတာ အမှန်ပဲ။

ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကစပြီး သူ့ရဲ့ပုံစံတွေက တစ်မျိုးပြောင်းလာတယ်ဆိုတာကို ကျွန်မသတိထားမိလာတယ်။ ကျွန်မဘာပြောပြော ကျွန်မဖက်ကထောက်ခံပေးတာ၊ ကျွန်မတော်တဲ့အကြောင်းတွေကို တဖွဖွပြောတတ်လာတာတွေက ကျွန်မကိုနေရခက်လာစေတယ်။ ကျွန်မပြောတာထက်ပိုကောင်းတဲ့ အကြံဉာဏ်မျိုးကို အခြားလူတွေကပေးရင်တောင် ကျွန်မရဲ့စကားကိုပဲ အတည်ယူတတ်လာတယ်။ “မျိုးကသိပ်တော်တာ။ မျိုးသဘော။ ကိုကြီးက အဲ့ဒီလိုတော်တာတွေကို သဘောကျတာ” စတဲ့ စကားတွေကို အများရဲ့ရှေ့မှာ မကြာမကြာပြောလာတယ်။

တစ်ရက်မှာတော့ ကျွန်မကိုညသန်းခေါင်ဖုန်းဆက်ပြီး ” ကိုယ့်ရဲ့ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ဘူး။ ကိုယ်မျိုးကိုချစ်မိနေပြီ” လို့ ပြောပါတယ်။ ကျွန်မက “ကျွန်မက အစ်ကို့ကို အထက်လူကြီးတစ်ယောက်မို့ လေးစားတာပါ။ အဲ့ဒီလိုစကားတွေပြောတာ ကျွန်မမကြိုက်ဘူး။ အစ်ကို့မှာလည်း အိမ်ထောင်နဲ့ ကျွန်မမှာလည်း ရည်ရွယ်ထားပြီးသားလူရှိတယ်ဆိုတာ အစ်ကိုအသိပါ။ ကျင့်ဝတ်နဲ့မညီတဲ့ စကားမျိုးတွေကို မပြောပါနဲ့” လို့ ပြတ်ပြတ်သားသား ပြောလိုက်တော့တယ်။ သူက “ကိုယ်မှားသွားပါတယ်” ဆိုပြီးပြောပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

နောက်ပိုင်းမှာတော့ကျွန်မသူ့ကို အရင်လို ခင်ခင်မင်မင် မဆက်ဆံရဲတော့ပါဘူး။ ကျွန်မကို စားမတတ်ဝါးမတတ်ကြည့်လာတာတွေ၊ သူ့အခန်းထဲကို အကြောင်းမရှိအကြောင်းရှာပြီး ခေါ်၊ ကိစ္စတစ်ခုကို အပြန်ပြန်အလှန်လှန်မေးတာတွေ လုပ်လာပါတယ်။ သူကကျွန်မပြောရင်ပြီးတယ်ဆိုတဲ့ စကားသံသဲ့သဲ့တွေ ရုံးမှာကြားလာရသလို၊ ကျွန်မဟာအရည်အချင်းမရှိပေမယ့် သူသဘောကျနေတဲ့ ကောင်မလေးဖြစ်တာကြောင့်ပဲ နေရာရလာသလိုလို အားလုံးကပြောလာကြပါတယ်။ အစည်းအဝေးတွေမှာဆို အခြားလူတွေက သူတို့ရဲ့ထင်မြင်ချက်တွေတောင် မပြောတော့ဘဲ “နောက်ဆုံးကျရင် ကျွန်မစကားပဲ အတည်” ဆိုတဲ့ စကားတွေထွက်လာပါတော့တယ်။ သူ့မှာ သူ့ဇနီးအပြင် နောက်ထပ်အငယ်အနှောင်းတွေ၊ စပွန်ဆာပေးထားတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်ဆိုတာကို သိလာရပါတယ်။

သူဟာရာထူးအကြီးဆုံးဖြစ်တာကြောင့် ကျွန်မမှာတိုင်စရာလည်း လူမရှိခဲ့တော့ အလုပ်မှာမပျော်တော့ဘူး။ ကျွန်မသိပ်ယုံကြည်ပြီး ဂုဏ်ယူတဲ့ ကျွန်မရဲ့အရည်အချင်းတွေကိုလည်း ထုတ်ပြရမှာကြောက်လာတယ်။ ကျွန်မတစ်ကိုယ်လုံးကို သိမ်းကျုံးပြီးကြည့်နေတတ်တဲ့သူ့ကို သိပ်မုန်းတယ်။ သူငယ်ချင်းတွေကတော့ ကျွန်မကိုလက်ထပ်လိုက်တော့တဲ့။ ဒါပေမဲ့ ကျွန်မချစ်သူနဲ့ကျွန်မ အဆင်သင့်မဖြစ်သေးဘူးလေ။ ကိုယ်စီကိုယ်စီမှာ မိသားစုတာဝန်တွေရှိနေတဲ့အချိန်မှာ အိမ်ထောင်ပြုခြင်းဟာ ကောင်းတဲ့ထွက်ပေါက်တစ်ခု ဖြစ်မလာနိုင်ဘူးဆိုတာ ကျွန်မသိနေတယ်။

အလုပ်ထွက်ပစ်လိုက်ဖို့လည်း ကျွန်မသိပ်ချစ်တဲ့အလုပ်ကို ကျွန်မနှမျောတယ်။ ဒါပေမဲ့အလုပ်မှာ မပျော်တော့တာတော့ အမှန်ပဲ။ ကျွန်မအရှုံးပေးပြီးထွက်လိုက်ရင် သူနိုင်သွားမှာပေါ့။ ကျွန်မဘာလုပ်ရမလဲ။ သင်သာကျွန်မနေရာမှာဆို ဘာလုပ်မလဲ။