ချစ်သူများနေ့ဆိုတာ လိင်ကိစ္စတွေအတွက် လိုင်စင်ရတဲ့နေ့လား။

blank

ချစ်သူများနေ့ဆိုတာ ဖေဖော်ဝါရီလထဲရောက်ရင် လူတွေစိတ်အဝင်စားဆုံးအရာတစ်ခု ဖြစ်နေတယ်။

ချစ်သူရှိတဲ့သူတွေက ပျော်နေတယ်။ ရင်ခုန်စိတ်လှုပ်ရှားနေတယ်။ မွှေးပွအရုပ်လှလှလေးတွေ၊ ချောကလက်တွေ၊ နှင်းဆီပန်းတွေရဲ့ အလှက တစ်မြို့လုံးကို အသက်သွင်းထားသလား ထင်ရအောင်ကို သက်ဝင်လှုပ်ရှားနေတယ်။ ချစ်သူများနေ့ဆိုရင် ကျွန်မစဉ်းစားမိတဲ့ အကြောင်းအရာတစ်ခုရှိတယ်။

ကျွန်မက ငယ်ငယ်ကတည်းက မိဘရဲ့အုပ်ထိန်းမှုအောက်မှာ ကျွန်မချစ်တဲ့သူတွေ၊ ကျွန်မကြိုက်တဲ့အလုပ်နဲ့ ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ လွန်ခဲ့တဲ့ နှစ်နှစ်က ချစ်သူတစ်ယောက်ရဖူးတယ်။ သူနဲ့ကျွန်မပြတ်သွားခဲ့ရတဲ့ အကြောင်းအရင်းကတော့ သူကကျွန်မကို လက်မထပ်ခင်မှာ အတူနေဖို့တောင်းဆိုတယ်။ ကျွန်မ ငြင်းဆိုလိုက်တော့ သူနဲ့ကျွန်မပြတ်သွားခဲ့တယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အစပိုင်းမှာ ကျွန်မဝမ်းနည်းခဲ့တယ်။ ကြေကွဲခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့တယ်။ သူနဲ့လမ်းခွဲပြီးကာစမှာ ကျွန်မကိုယ်တိုင်ကပဲ လိုအပ်ချက်ရှိခဲ့လိုလား။ ကျွန်မရဲ့အတွေးတွေကပဲ ရှေးရိုးဆန်နေတာလား။ ချစ်သူတွေကြားမှာ အတူတူနေခြင်းဟာ သာမန်ကိစ္စတစ်ခုပဲလားလို့တွေးပြီး ရှုပ်ထွေးမွန်းကြပ်နေခဲ့တယ်။

အချိန်ကြာလာတာနဲ့ အချစ်ရေးမှာ အဲ့ဒီကိစ္စတစ်ခုတည်းကို ဦးစားပေးတဲ့လူတစ်ယောက်ကို ဆုံးရှုံးရတာက ဝမ်းနည်းစရာမဟုတ်ဘူးဆိုတာကို ကျွန်မနားလည်လာခဲ့တယ်။ ကျွန်မကိုတကယ်ချစ်မြတ်နိုးတဲ့သူဆိုရင် ကျွန်မရဲ့သူနဲ့ကြားမှာ ယုံကြည်မှုတွေတည်ဆောက်လိမ့်မယ်။ နားလည်မှုတွေ စိုက်ပျိုးလိမ့်မယ်။ ကျွန်မဘဝမှာ တန်ဖိုးထားတဲ့အရာတွေကို သိဖို့ ကြိုးစားလိမ့်မယ်။ သေချာတာတစ်ခုကတော့ အတူတူနေဖို့ ငြင်းဆိုလိုက်တာ တစ်ခုတည်းနဲ့ ကျွန်မတို့လမ်းခွဲရခဲ့မှာ မဟုတ်ဘူး။

အခုတော့ ကျွန်မဘဝကို ကျွန်မကျေနပ်စွာဖြတ်သန်းနေခဲ့ပြီ။ နောင်တမရသင့်တဲ့အရာတွေကို လွှတ်ချပြီး ပေါ့ပါးစွာဖြတ်သန်းနေတတ်ခဲ့ပြီ။

ချစ်သူများနေ့ရောက်ရင် ကျွန်မစဉ်းစားမိတယ်။ ချစ်သူများနေ့ရောက်ရင် ချစ်သူကိုဆုံးရှုံးရမှာကြောက်ပြီး ဖြည့်ဆည်းပေးနေတဲ့ မိန်းကလေးတွေကော ဘယ်လောက်ရှိနေမလဲ။