မကြင်နာတတ်ရင် မချစ်ရဘူးတဲ့လား။

blank

ကျွန်မက ရည်မှန်းချက်ရှိတဲ့ မိန်းမသား တစ်ယောက်ပါ။ သူနဲ့ မတွေ့ခင်တုန်းက အရာအားလုံး အဆင်ပြေနေခဲ့တယ်။ ကိုယ်တိုင် သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းတယ်။ ငယ်စဉ်ကတည်းက စာကြိုးစားပြီး မိဘ၊ ဆရာသမား၊ သူငယ်ချင်းတွေ အားကိုးရတဲ့ စံပြကျောင်းသူတစ်ဦးဖြစ်ခဲ့ဖူးတယ်။ မွေးကတည်းက ပါလာတဲ့ ဗီဇလို့ ပြောရမလား၊ သမီးကြီးမို့ အဖေတူတယ်ပဲ ဆိုရမလား၊ ကျွန်မက အဖေလို ခပ်အေးအေး၊ ခပ်တည်တည် နေတတ်သူ တစ်ဦးဖြစ်တယ်။ သူကတော့ ကျွန်မနဲ့ တခြားစီပါပဲ။ နွေးထွေးတယ်၊ ကြင်နာတတ်တယ်၊ အပေါင်းအသင်း ဝင်ဆန့်တယ်၊ လူတိုင်းနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်တယ်။

ရည်းစားဖြစ်ပြီး တစ်နှစ်လောက်အထိ ကျွန်မတို့ နှစ်ဦးကြားက ဆက်ဆံရေးက သာယာဖြောင့်ဖြူးနေတာပါပဲ။ ဘယ်ကစပြီး ဘယ်လို ဖြစ်တယ်ဆိုတော့ သူ့သူငယ်ချင်းတွေက စတယ်လို့ ပြောရမှာပါ။ သူ့သူငယ်ချင်းတွေနဲ့တွေ့တိုင်း သူတို့ချစ်သူတွေက သူတို့ကို ဘယ်လို ဂရုစိုက်ကြတယ်၊ ဘယ်လိုကြင်နာတတ်ကြတယ် ဆိုတဲ့အကြောင်း ဂုဏ်ယူပြီး ပြောကြသတဲ့။

‘မောင်လည်း ဂုဏ်ယူချင်တာပေါ့ မင်းက ထင်သလောက်လည်း မကြင်နာတတ်ဘူးလို့’ သူ ကျွန်မကို ပြောလာတယ်။ ‘လူမှုရေးပိုင်းနဲ့ ပတ်သက်လို့ ကျွန်မက ဝေးတယ်’ လို့ မောင်က ပြောတယ်။ အဲ့ဒီနောက်ပိုင်း ကျွန်မဟာ မကြင်နာတတ်သူ၊ မနွေးထွေးတတ်သူလို့ မောင်စွပ်စွဲ ပြဿနာရှာလာတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မလည်း မကျေနပ်တာနဲ့ မောင့်သူငယ်ချင်းအတွဲနဲ့ ကျွန်မတို့အတွဲချိန်းကြဖို့  တောင်းဆိုလိုက်တယ်။ မောင်ပြောတဲ့  မောင့်သူငယ်ချင်းရဲ့ ချစ်သူလေးဟာ အမှန်တကယ်ပဲ ကြင်နာယုယပေးတတ်ပါတယ်။ ဆိုင်ကယ်စီးရင်း အေးမှာမို့ သူ့ချစ်သူ ပတ်ရအောင် မာဖလာတစ်ထည် ဆောင်ပေးထားတယ်။ ချစ်သူ စိတ်ရှုပ်တဲ့အခါမျိုးမှာ ဖွာဖို့ ဆေးလိပ်ကိုတောင် သူက မီးညှိပေးနေတာကို မြင်လိုက်ရပြန်တယ်။ ကျွန်မကတော့ ဒါကို ချစ်တယ်လို့ မယူဆမိပါဘူး။ အကဲပိုတယ်လို့ပဲ ယူဆတယ်။ ပြီးတော့ ဆေးလိပ်ဆိုတာကလည်း ကျန်းမာရေးအတွက် မကောင်းဘူးမဟုတ်လား။ အဲ့ဒီနောက်ပိုင်း ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ မောင်နဲ့ ကျွန်မ ငြင်းခုံလာတတ်ကြတယ်။ ကျွန်မကောင်းဖို့ပဲ သူက အမုန်းခံပြီးပြောနေရတယ်လို့ ပြောတဲ့အချိန်မှာ  ‘ကျွန်မပုံစံက အရင်ကတည်းက ဒီလို ခပ်အေးအေး ခပ်ပေပေပဲ၊ မောင်ဘာလို့ ကျွန်မကို ချစ်တာလဲ’ လို့ မေးခွန်းထုတ်ဖြစ်တယ်။ မောင်ဘာမှ မပြောဘဲငြိမ်သွားခဲ့တယ်။ ဒီနောက်ပိုင်း မောင်နဲ့ကျွန်မ အဆက်အသွယ် ပြတ်သွားခဲ့တယ်။ တစ်ယောက်ပြီးတစ်ယောက် တွဲနေတယ်ဆိုတဲ့ သတင်းတွေလည်း ကြားလာရတယ်။ ကျွန်မ အရမ်းခံစားရပေမယ့် ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောဖြစ်ခဲ့ဘူး။

တစ်လတိတိ အဆက်အသွယ် ပြတ်နေပြီးတဲ့နောက် မောင်ကျွန်မကို ပြန်ဆက်သွယ်လာတယ်။ Messenger ကနေ ကျွန်မကို လွမ်းတဲ့အကြောင်းတွေ လာလာပြောတယ်။ မောင်ပြန်ဆက်သွယ်လာတဲ့အချိန် ကျွန်မ အရမ်းအဆင်ပြေနေခဲ့ပြီ။ တစ်ယောက်တည်းလည်း နေနိုင်နေပါပြီ။ ကျွန်မဟာ ဂုဏ်သိက္ခာကို အမြတ်တနိုး တန်ဖိုးထားတတ်တဲ့ မိန်းမသားတစ်ယောက်ပါ။ “အပြီးတိုင် ပြတ်လိုက်ကြရအောင်” လို့ ကျွန်မ ခပ်ပြတ်ပြတ်ပဲပြောလိုက်မိတယ်။ မောင်က ကျွန်မကို ရက်စက်တယ်၊ အသည်းနှလုံးမရှိတဲ့ မိန်းမတဲ့။

မောင် ပို့လိုက်တဲ့ စာတွေ တစ်စောင်ပြီးတစ်စောင် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေဆဲမှာပဲ ဖုန်းစခရင် ပေါ်ကို အရည်ကြည်တချို့ ကျဆင်းသွားတယ်။ ကျွန်မသူ့ကိုချစ်နေဆဲလားဆိုတာ ကျွန်မမသိဘူး။ ဒါပေမဲ့ သူ့အနားမှာနေပြီး ငြင်းခုံရန်ဖြစ်နေရမယ့်အတူတူ သူနဲ့အဝေးမှာကျွန်မရဲ့ စိတ်အေးချမ်းမှုတွေနဲ့ အတူတူရှင်သန်ဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။

သူပြောသလို ကျွန်မက အသည်းနှလုံးမရှိတဲ့သူလား။