အောင်မြင်လာချိန်မှ ကိုယ့်အနားရှိချင်တဲ့သူကို ဘဝထဲဝင်လာခွင့်ပြုသင့်ရဲ့လား။

blank

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်တုန်းက ကျွန်မနဲ့ကျွန်မခင်ပွန်း ကွာရှင်းခဲ့ကြတယ်။ ကျွန်မမှာ ရင်သွေးလေး လွယ်ထားရပြီလို့ စသိတဲ့အချိန်မှာပေါ့။ ကျွန်မက “မောင့်ရဲ့ ရင်သွေးလေးကို လွယ်ထားရပြီ” လို့ စိတ်လှုပ်ရှားစွာပြောလိုက်တဲ့အချိန် သူက ကျွန်မကိုစိမ်းစိမ်းကားကားကြည့်ပြီး “အခုအချိန်မှာ မောင်တို့ကလေးယူလို့ မရသေးဘူးလေ။ မောင့်မှာအိပ်မက်တွေအများကြီးရှိတယ်။ မောင်တို့စားသောက်ဆိုင်လေးက အခုမှ ရုန်းတုန်းကန်တုန်း။ ချမ်းသာဖို့ကလွဲပြီး ဘာမှမောင်စဉ်းစားလို့ မရသေးဘူး။ ဖျက်ချလိုက်” လို့ အလွယ်တကူပြောခဲ့တယ်။

ကျွန်မက ” မောင်က ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ချင်သလို ကျွန်မက မောင်ရယ် သားသမီးလေးတွေနဲ့ ပျော်ရွှင်တဲ့မိသားစုတစ်ခုကိုဖန်တီးချင်တာ” လို့ ဖြောင့်ဖျသလိုပြောမိတယ်။ သူက “ကလေးတစ်ယောက်ရဲ့ စရိတ်စကဘယ်လောက်ကြီးတယ်ဆိုတာ မင်းသိလား။ စီးပွားရေးအတွက် ရင်းနှီးမြှပ်နှံဖို့ ရုန်းကန်ရဦးမယ့်ဒီအချိန်မှာ ကလေးမယူချင်ပါနဲ့။ကလေးကိုဖျက်ချလိုက်” လို့ပြောခဲ့တယ်။ ” အပြစ်မဲ့တဲ့ကလေးလေးကို မဖျက်ချပါရစေနဲ့။ ငွေဆိုတာက ရှာလို့ရပါတယ် ” လို့ပြောတော့ သူက “ကောင်းပြီလေ… ဒီကလေးကိုရွေးမလား။ ငါ့ကိုရွေးမလား မင်းစဉ်းစား။ ကလေးကိုရွေးရင်တော့ ဒီအိမ်ပေါ်ကဆင်းဖို့သာပြင်။ ပြီးတော့ ကိုယ်ရုန်းကန်ရတဲ့နေ့ရက်တွေမှာ ကိုယ့်အနားမနေပေးနိုင်ဘူးဆိုရင် ကိုယ်အောင်မြင်လာတဲ့တစ်နေ့ ပြန်လာဖို့ မစဉ်းစားနဲ့” တဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မ နယ်ကိုပြန်ပြီး အမေ့ရဲ့အိမ်မှာ ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့တယ်။ လွယ်တော့ဘယ်လွယ်ခဲ့မလဲ။ ပင်ပန်းဆင်းရဲမှုတွေဆိုတာ ပါးစပ်ကဖွင့်ပြောလို့တောင်မရဘူး။ ဒါပေမဲ့ ကျွန်မရဲ့ ကြိုးစားမှုကြောင့်လား။ ကလေးရဲ့ကံကြောင့်ပဲလားမသိ “သားသား” လို့ နာမည်ပေးခဲ့တဲ့ စားသောက်ဆိုင်လေး တစ်စတစ်စအောင်မြင်ခဲ့တယ်။ ဆယ်တန်းအောင်ပြီးတဲ့နောက်မှာ အချက်အပြုတ်ဝါသနာပါတဲ့ သားလေးက အချက်အပြုတ်နဲ့ပတ်သက်ပြီး မြို့အထိတက်ပြီး ဆက်လက်လေ့လာသင်ယူခဲ့တယ်။ နိုင်ငံတကာအစားအစာတွေကို အရသာကောင်းကောင်း၊ စေတနာကောင်းကောင်းနဲ့ ရောင်းချနိုင်လာတဲ့အခါ ဆိုင်လေးဟာ နယ်မြို့လေးရဲ့ နံပါတ်တစ်စားသောက်ဆိုင် တစ်ခုဖြစ်လာခဲ့တယ်။ သားလေးက မြို့အထိတက်ပြီး အဆင့်မြင့်စားသောက်ဆိုင်တစ်ခုကို ဖွင့်ချင်ခဲ့တယ်။ အဲ့ဒါနဲ့ပဲ ကျွန်မက မြို့ကိုပြန်ရောက်လာခဲ့တာပေါ့။

တစ်နေ့မှာ အသိတစ်ယောက်ရဲ့ အိမ်ကိုရှာဖို့ သားနဲ့ကျွန်မ ရပ်ကွက်တစ်ခုကိုရောက်လာခဲ့တယ်။ အဲ့ဒီရပ်ကွက်လေးထဲက လမ်းဘေးဆိုင်တစ်ဆိုင်မှာ လမ်းမေးရင်း လူတစ်ယောက်နဲ့ဆုံခဲ့တယ်။ ဖြူဖွေးနေတဲ့ ဆံပင်တွေရယ်၊ ညစ်နွမ်းနေတဲ့ အသားအရောင်ပိုင်ရှင်ဟာ ကျွန်မရဲ့ ခင်ပွန်းဟောင်းရယ်ပါ။ သူကျွန်မကို နှုတ်ဆက်လိုက်တဲ့အခါမှာ ကျွန်မ ချက်ခြင်းတောင်မမှတ်မိဘူး။

“ဘယ်လိုဖြစ်ရတာလဲ ကိုလင်းဦးရယ်။ ရှင့်ဆိုင်ကကော” လို့မေးတော့ “ချမ်းသာချင်တဲ့စိတ်တစ်ခုတည်းကို လိုက်ပြီးလမ်းမှန်တာ မမှန်တာတွေကို မစဉ်းစားနိုင်တော့တဲ့အချိန်မှာ ဆိုင်လေးကိုရောင်းလိုက်ရတယ်။ မင်းမရှိတော့တဲ့နောက် အကောင်းအဆိုးကို ထောက်ပြတဲ့သူလည်းမရှိတော့တာပါမှာပေါ့ကွာ” လို့ပြောတယ်။ “ကျွန်မစိတ်မကောင်းပါဘူး။ ကိုလင်းဦးရယ်။ ကျွန်မက ရှင်ကအောင်မြင်တဲ့ လူချမ်းသာကြီးဖြစ်နေပြီလို့တွက်ထားတာ” လို့ ကျွန်မပြောလိုက်တဲ့အခါ “ကိုယ်သိပ်မှားသွားခဲ့တယ်။ ပင်ပန်းတဲ့နေ့တွေမှာ မိသားစုရဲ့ နွေးထွေးမှုက ပိုပြီး အရေးပါတယ်ဆိုတာကို ကိုယ်နားလည်လာခဲ့တယ်။ ကိုယ့်အမှားတွေကို ခွင့်လွှတ်နိုင်မလား။ ကိုယ်တို့ မိသားစုဘဝကိုပြန်ပြီး အတူတူနေကြမယ်လေ” လို့ ပြောတယ်။

သားလေးက “ဒီက ဦးလင်းဦးနော်။ တွေ့ရတာ ဝမ်းသာပါတယ်ဗျ။ ဦးပြောတာကိုကြားတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က မေမေ့ကိုလူတစ်ယောက်ပြောခဲ့တဲ့ စကားတစ်ခွန်းကို သတိရမိတယ်ဗျ။ “ကိုယ်ရုန်းကန်ရတဲ့နေ့ရက်တွေမှာ ကိုယ့်အနားမနေပေးနိုင်တဲ့သူတွေဟာ၊ ကိုယ်အောင်မြင်လာတဲ့နေ့မှာ ကိုယ့်ဘေးမှာမရှိထိုက်ဘူး” တဲ့။ အဲ့ဒီစကားကို ဦးကြားဖူးလားမသိဘူး” လို့ပြောတယ်။ သူကတော့ ကျွန်မနဲ့ သားလေးဘေးကနေ ခေါင်းငိုက်စိုက်ပြီးထွက်ခွာသွားတော့တယ်။

ကျွန်မသားပြောတာကို သိပ်သဘောကျတာပဲ။  စာဖတ်ပရိသတ်ကြီးတို့ကော…