အိမ်ထောင်ပြုပြီးသွားရင် မဖြစ်မနေကလေးယူရမှာလား။

blank

ကျွန်မရဲ့ လင်ညီမဖြစ်သူ နှင်းတစ်ယောက် ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ သတင်းကြားကြားချင်း ကျွန်မသိပ်ပျော်သွားတယ်။ ပြီးတော့ သူတို့ကိုအိမ်မှာညစာလာစားဖို့ ဖိတ်ခေါ်လိုက်တယ်။ ညစားစားပွဲမှာ ကျွန်မရဲ့ ယောက္ခမရယ်၊ မတ်တို့လင်မယားရယ် ကျွန်မရယ် ကျွန်မရဲ့အမျိုးသားရယ် တက်ညီလက်ညီနဲ့ ပျော်စရာကောင်းလို့ပေါ့။

နှင်းက “လူစုံတက်စုံနဲ့ ပျော်စရာကောင်းလိုက်တာ အစ်မရေ။ နှင်းတို့ကလည်း ဆုံဖို့ခက်လိုက်တာနော်။ ဒါနဲ့ အစ်မနှင်းတို့ကို စိတ်တော့မဆိုးဘူးမဟုတ်လား” လို့မေးတယ်။ ကျွန်မက “အစ်မက နှင်းတို့ကို ဘာလို့စိတ်ဆိုးရမှာလဲ နှင်းရဲ့။ ဘာတွေမဟုတ်တာလုပ်ထားလို့ အိုးမလုံအုံပွင့်နေတာလဲ” လို့ ပြန်ပြီးမေးခွန်းထုတ်လိုက်မိတယ်။ နှင်းက “အစ်မတို့က နှင်းတို့ရဲ့ စီနီယာ၊ ပြီးတော့ နှင်းတို့ထက် အိမ်ထောင်ကျတာလည်း လေးနှစ်လောက်စောတယ်။ နှင်းတို့က အိမ်ထောင်ကျပြီး တစ်နှစ်မှာ ကလေးယူပစ်တော့ ကျော်တက်တယ်ဆိုပြီး စိတ်များဆိုးနေမလားလို့ပါ” လို့ ရယ်ကျဲကျဲနဲ့ ပြောတယ်။

ကျွန်မက “ စိတ်မဆိုးပါဘူးနှင်းရာ။ အစ်မတို့အတွက် သွေးရင်းသားရင်း တစ်ယောက်ခေါ်လာတော့မယ်ဆိုတော့ အစ်မက ကျေးဇူးတင်နေတာ။ အစ်မတို့ကတော့ အစီအစဉ်မရှိသေးပါဘူး” လို့ဖြေလိုက်တဲ့အချိန်မှာ ကျွန်မရဲ့ယောက္ခမကြီးက “အိမ်ထောင်ကျတာ ငါးနှစ်ကျော်နေပြီ ညည်းတို့လင်မယားက ကလေးဘယ်တော့မှယူဖို့ စဉ်းစားထားတာတုန်း” လို့ ဝင်မေးတယ်။

ကျွန်မယောက်ျားက “ သားတို့ကလေးယူဖို့ အစီအစဉ်မရှိဘူးအမေ။ သားတို့ဘဝကို သားတို့ကျေနပ်တယ်။ ပြီးတော့ ဒီလိုပဲဆက်သွားဖို့ စီစဉ်ထားတယ်” လို့ ဝင်ဖြေတဲ့အခါမှာ “မင်းတို့က ကလေးမယူချင်လို့ ဘာလို့အိမ်ထောင်ပြုခဲ့လဲ၊ အခုတော့ပတ်ဝန်းကျင်က ငါ့ကိုမေးလှပြီ။ ချွေးမမှာချို့ယွင်းချက်ရှိတာလား။ သားမှာချို့ယွင်းချက်ရှိတာလား။ ဘာလို့ကလေးမယူကြသေးတာလဲနဲ့။ ငါဘယ်လိုဖြေရမလဲမသိဘူး။ မင်းတို့ ဆရာဝန်တွေဘာတွေကော ပြရဲ့လား” လို့ မေးတော့တယ်။ “ကျွန်မက အမေသမီးတို့ နှစ်ယောက်လုံး ဘာချို့ယွင်းချက်မှမရှိပါဘူး။ သမီးတို့ပါသမီးတို့ ကလေးမလိုချင်တာပါ။ ပြီးတော့ သမီးတို့လက်ထပ်ခဲ့တာလည်း တစ်ယောက်ကိုတစ်ယောက်ချစ်လို့ ဘဝကိုအတူတူရင်ဆိုင်ချင်လို့ပါ” လို့ဖြေလိုက်တော့ “ဟဲ့.. ဟိုက ယောက်ျားမို့လို့ ကလေးမလိုချင်တာ ထားပါဦး ညည်းကမိန်းမတစ်ယောက်လေ။ မိန်းမဆိုတာ ကလေးမမွေးရင် မပြည့်စုံဘူးဟဲ့။ ညည်းက မိန်းမဖြစ်ပြီး ကလေးမချစ်တတ်ဘူးလား” လို့ပေါက်ကွဲတော့တာပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

“ ချစ်တတ်တာပေါ့ အမေရဲ့ ကလေးတွေကို သမီးသိပ်ချစ်တယ်။ ဒါပေမဲ့ သမီးကလေးမယူချင်ဘူး။ သမီးတို့ အခုဘဝကို သမီးသဘောကျတယ်။ အခက်အခဲတွေကို အတူတူ ရင်ဆိုင်ရတာ၊ တစ်ယောက်ကိုတစ်ယောက်အချိန်ပေးနိုင်တာ၊ ဘဝမှာအောင်မြင်အောင် ပံ့ပိုးနေနိုင်တာကို သမီးကြိုက်တယ်။ အိမ်ထောင်ရှင်တိုင်းရဲ့ ရွေးချယ်မှုဟာ မိဘတွေဖြစ်လာဖို့ မဟုတ်ဘူးမေမေ” လို့ ဖြေလိုက်တဲ့အခါ “ ညည်းတို့ နောက်တစ်ချိန်ကျမှ ကလေးလိုချင်လာရင်ကော။ အခု ညည်းအသက်က ၂၉ ကျော်နေပြီ။ ကလေးရဖို့ ခက်တဲ့အချိန်ကျမှ ကလေးလိုချင်လာရင်ကော။ ဘာလုပ်ကြမှာလဲ” လို့မေးပြန်တယ်။ ကျွန်မယောကျာ်းက “ အဲ့ဒီအချိန်ကျရင် ကလေးလေးတစ်ယောက်လောက် မွေးစားလိုက်မှာပေါ့။ အလွယ်လေး” လို့ ဖြေလိုက်တဲ့အခါ ကျွန်မယောက္ခမရဲ့ ဒေါသက ငယ်ထိပ်ရောက်သွားခဲ့တယ်။ “ဟဲ့…မွေးစားသားသမီးက  ကိုယ့်သွေးသားနဲ့ တူမလားဟဲ့။ နင်တို့နော်။ ငါမပြောချင်ဘူး။ အိမ်ထောင်ပြုပြီးမှ ကလေးမယူတော့ လူတွေက ဘာတွေပြောကြမလဲ။ အခုတောင်ကဲ့ရဲ့လှပြီ” လို့အော်တော့တယ်။

ကျွန်မက “သမီးတို့အတွက် လူတွေရဲ့ကဲ့ရဲ့စကားတွေက အရေးမကြီးပါဘူး။ အမေရယ် မောင်လေးတို့လင်မယားရယ်က သမီးတို့ရဲ့ ရွေးချယ်မှုကို လေးစားလက်ခံရင် သမီးတို့ ကျေနပ်ပါတယ်။ လူတိုင်းရဲ့ရွေးချယ်မှုတွေက မတူညီပါဘူး အမေ။ အဲ့ဒီရွေးချယ်မှုတွေကို လက်ခံပေးတတ်ဖို့ပဲ အရေးကြီးတာပါ” လို့ ဖြေလိုက်မိတယ်။

ပြီးတော့ “သမီးတို့ရဲ့ ဆုံးဖြတ်ချက်တွေကို အမေလက်ခံရမှာပေါ့” တဲ့။

သင်တို့ကော… ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို လက်ခံနိုင်ရဲ့လား။