အယုံလွယ်သူမှားတာလား။ လိမ်နိုင်တဲ့သူ တော်တာလား။

blank

ကျွန်မက နယ်ကပါ။ ရန်ကုန်မှာအလုပ်လာလုပ်ပါတယ်။ လွန်ခဲ့တဲ့ (၄) နှစ်က သူငယ်ချင်းမိတ်ဆက်ပေးမှုနဲ့  သူနဲ့ ဆုံခဲ့တယ်။ အရင်ရည်းစာနဲ့ကွဲပြီး အရက်သမားလုံးလုံးဖြစ်နေချိန်မှာ ကျွန်မနဲ့တွေ့ခဲ့တာပါ။  ခင်ပြီးနောက်ပိုင်း ကျွန်မကိုညတိုင်း message ပို့တာတွေ၊ ရင်ဖွင့်တာတွေလုပ်တယ်။ ကျွန်မတို့သူငယ်ချင်းတစ်စု ခရီးထွက်တော့လည်း သူလိုက်လာခဲ့တယ်။ (၆) လလောက်နေတော့ သူအနည်ထိုင်လာပြီး။ အရက်အရင်လိုမသောက်တော့ဘဲ လိမ်မာလာတယ်။

မကြာခင်မှာ သူက propose လုပ်တယ်။ သူငယ်ချင်းတွေကြားမှာ လက်ထပ်ဖို့ရည်ရွယ်ထာတဲ့ကောင်မလေးတွေ့ပြီလို့ အသိပေးတယ်။ ၂ဝ၁၉ မှာ wedding လုပ်မယ် ဆိုပြီး နှစ်ဦးသဘောတူနေထိုင်ကြတယ်။

အမေရုတ်တရက်ဆုံးသွားတဲ့အချိန်မှာ ကျွန်မတစ်ယောက်တည်း နယ်မှာ သွားနေတယ်။  (၆) လလောက်အကြာမှာ သူကိုယ်တိုင် နယ်ကိုလာခေါ်တယ်။ နယ်ကခြံကို အကုန်ပိတ်၊ ဆွေမျိုးနီးစပ်သူတွေကို ခွင့်တောင်းပြီး ခေါ်လာတယ်။ သူကရာထူးတိုး ဆက်ဖြေမယ်။ ကျွန်မက အဆောင်မှာနေသင်တန်းတက် ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး တူတူနေမယ်လို့ စီစဉ်ထားခဲ့တယ်။ ဆိုင်စာချုပ်ချုပ်ပြီးခါမှ ရည်းစားဟောင်းနဲ့ ကမ်းခြေမှာ နှစ်ည သွားအိပ်တယ်ဆိုတာကို သိလိုက်ရတယ်။ နှစ်ယောက်သား သူ့ကားနဲ့သွားတယ်ဆိုတာကို ကောင်မလေးက facebook မှာ တင်ထားခဲ့တယ်။ Viber မှာလည်း profile တင်ထားတယ်။ ကျွန်မသိတော့ “အပျော်ပါတဲ့ ကျွန်မကိုပဲ လက်ထပ်ပါ့မယ် နယ်မပြန်နဲ့” ဆိုပြီးပြန်ခေါ်ပြန်တယ်။ ဆိုင်ဖွင့်ဖို့ပြင်ဆင်နေချိန် ကျွန်မကဆိုင်မှာနေနေတဲ့အချိန်မှာ ဟိုကောင်မလေးက သူ့ဆီမှာ ဝင်ထွက်ညအိပ်နေကြတာကို ကျွန်မသိသွားတော့ အဲ့ဒီကောင်မလေးကို ပါးချလိုက်မိတယ်။ ပြီးတော့ သူ့ကိုလည်း ကိုယ့်လမ်းကိုလျှောက်ဆိုပြီး လမ်းခွဲခဲ့ပေမယ့် သူ့ဘက်က ဆိုင်ကိုအမြဲလာပြီး ဟိုဘက်ကကောင်မလေးကို သူတာဝန်မကျေခဲ့တာတွေအတွက် မိတ်ဆွေမောင်နှမလို ဆက်ဆံပေးနေတာပါလို့ တောင်းပန်တယ်။ ကျွန်မခွင့်လွှတ်မှ သူစာမေးပွဲ ပြန်ဖြေပါ့မယ်လို့ အကြပ်ကိုင်တော့ လက်ခံပေးမိပြန်တယ်။ ဒါပေမဲ့လည်း ဟိုကောင်မလေးနဲ့ ပိတ်ရက်တွေမှာ ခရီးခိုးထွက်နေတယ်ဆိုတာကိုသိလိုက်လို့ အပြီးလမ်းခွဲပေးလိုက်တယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မကို လမ်းခွဲပြီးတဲ့နောက်မှာ ဟိုကောင်မလေးကို အရမ်းချစ်တယ် ဘာညာတွေ facebook မှာတင်တယ်။ ပြီးတော့ ချစ်သူသက်တမ်း (၁ဝ) နှစ်တဲ့။ အဲ့ဒါဆိုကျွန်မနဲ့ တွဲခဲ့တဲ့ (၃) နှစ်က ဘယ်ရောက်သွားတာလဲ။

ကျွန်မဘာဆက်လုပ်ရမှန်းမသိတော့ပေမယ့် ထားခဲ့နေရာမှာ တတ်တဲ့ပညာနဲ့တစ်ယောက်တည်း ဆက်ရပ်တည်နေပါတယ်။ နယ်ကိုလည်း မပြန်ရဲတော့ဘူး။ ရည်းစားဦးလည်းဖြစ် အရမ်းလည်းချစ်မိလို့ နေ့နေ့ညည ငိုကြွေးနေရတဲ့ချိန်မှာ သူတို့ကတော့ ခရီးတွေထွက်၊ ပုံတွေတင်ပျော်လို့ပါးလို့။

အခုနောက်ပိုင်းမှာတော့ ကိုယ့်တန်ဖိုး ကိုယ့်ကို မြှင့်တင်မှရမယ်ဆိုတာကို နားလည်လာတယ်။

ဘဝကိုတိုးတက်မြှင့်မားအောင်ကြိုးစားတတ်လာတယ်။

အယုံလွယ်မိလို့ ဒုက္ခရောက်သွားတဲ့ ကျွန်မလို မိန်းကလေးတွေ ဘယ်လောက်များလိုက်မလဲ။