နေရာတကာလိုက်ချုပ်ချယ်နေတာက အချစ်စစ်နဲ့ ချစ်နေလို့လား။

blank

ကျွန်မနဲ့သူက အိမ်ထောင်သက်တစ်နှစ်။

သူက ကျွန်မကို သိပ်ကိုဂရုစိုက်တတ်တယ်။ သူနဲ့လက်ထပ်ပြီးနောက်မှာ လက်ပြတ်မဝတ်ရဘူး။ စကပ်အတိုမဝတ်ရဘူး။ ဆံပင်ဖြန့်ချထားရင်မကြိုက်ဘူး။ အပြင်သွားတဲ့အခါ အလှပြင်လွန်းရင် မကြိုက်ဘူး။ မိတ်ကပ်များလိမ်းမိရင် အဆူအပူခံရတာ ပြီးကိုမပြီးတော့ဘူး။ အတိုက်အခံလုပ်ပြီး ပြောမိရင် “လင်ငယ်နေချင်တာလား” လို့ အမေးခံရတော့တာပဲ။ ကျွန်မကိုချစ်လွန်းလို့ လိုက်ချုပ်ချယ်တယ်လို့ ထင်တာပါပဲလေ။

သူဟာလေ သိပ်သဝန်တိုတတ်တာ။

သူငယ်ချင်းတွေနဲ့သွားတွေ့ရင်လည်း သူလိုက်လာတာပဲ။ ရုံးက ညစာစားပွဲတွေဆိုလည်း သူကကျွန်မဘေးမှာ ကပ်ထိုင်ရမှ။ လုပ်ငန်းဖော်ယောက်ျားလေးတွေနဲ့ စကားပြောဖို့ မပြောနဲ့ ပြုံးပြမိရင်တောင် အိမ်ရောက်ရင်မိုးမီးလောင်ပြီ။ ကြာလာတော့ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ရဲတော့ဘူး။

ဟိုးတစ်နေ့က မိန်းကလေးသူငယ်ချင်းတွေချည်းစုပြီး ခရီးထွက်ကြတယ်။ သူငယ်ချင်းတွေရဲ့ ယောက်ျားတွေကတော့ ကလေးထိန်းပေးပြီး အိမ်မှာကျန်ခဲ့ကြတယ်။ ကျွန်မယောက်ျားကတော့ သူလိုက်လို့ မရရင်ကျွန်မလည်း အိမ်မှာနေခဲ့ရမယ်ဆိုပဲ။ ကျွန်မအဲ့ဒီခရီးကို သိပ်လိုက်ချင်တာပဲ။ တစ်ခါတလေတော့လည်း သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါးနေချင်မိတယ်။ ကျွန်မသူငယ်ချင်းတွေကို သူတို့ရဲ့ယောကျာ်းတွေက မချစ်လို့များ သူတို့မပါဘဲ ခရီးပေးသွားတာလား မသိဘူးနော်။

ဤဆောင်းပါးကိုဂန္ထဝင်မှရေးသားတင်ဆက်သည်။

ဟိုတစ်နေ့က ကျွန်မဂါဝန်တစ်ထည်ဝယ်လာခဲ့တယ်။ ရုံးကအစ်မတစ်ယောက်ရဲ့ မင်္ဂလာဆောင် ဒင်နာမှာ ဝတ်မလို့ပေါ့။ ကျွန်မကအနက်ရောင်နဲ့သိပ်လိုက်တယ်လို့ သူငယ်ချင်းတွေက ပြောတတ်တယ်။ ကျွန်မကလည်းအနက်ရောင် သိပ်ကြိုက်တယ်လေ။ ရုံးအပြန်ခေါင်းဝင်လျှော်ပြီး ဆံပင်ကိုအခွေအခွေလေးတွေ လုပ်လာခဲ့တယ်။ ဂါဝန်အနက်ရောင်လေးရယ် ဆံပင်အခွေလေးရယ်နဲ့ ကျွန်မသိပ်လှနေမှာကို စိတ်ကူးထဲမှာတွေးပြီး ပျော်လာခဲ့တယ်။

အိမ်ရောက်တော့သူက အဲ့ဒီဂါဝန်ကြီးက ကောက်ကြောင်းတွေပေါ်လွန်းတယ်တဲ့။ ကျွန်မရဲ့ဆံပင်ဖြောင့်ဖြောင့်လေးတွေကို သူကသိပ်ကြိုက်တာတဲ့။ ဆံပင်ကိုသူကိုယ်တိုင် ဖြောင့်စက်နဲ့ ဆွဲပေးမယ်လို့ပြောတယ်။ ကျွန်မက လက်မခံတော့ သူကစိတ်ဆိုးတယ်။  “ငါကြိုက်တဲ့ဆံပင်ပုံစံမဟုတ်ဘဲ မင်းကဘယ်ကောင့်အတွက် ဆံပင်အခွေဖြစ်ချင်တာလဲ” တဲ့။

မင်္ဂလာဆောင်ဒင်နာမှာ သူကြိုက်တဲ့အပြာရောင်အင်္ကျီကိုကျွန်မဝတ်ခဲ့ရတယ်။ သူကြိုက်တဲ့ဆံပင် အဖြောင့်လေးနဲ့ပေါ့။ ကျွန်မသူငယ်ချင်းကတော့ ကျွန်မကို “နင်လှောင်ချိုင့်မှာ မိနေပြီတဲ့”။

တကယ်တော့လေ သူကျွန်မကိုချစ်လို့ပါ။ ချစ်လို့ချုပ်ချယ်နေတာ၊ လိုက်ပြီးထိန်းချုပ်နေတာပေါ့။ ကျွန်မအိမ်ထောင်ကျပြီးကတည်းက စိတ်တွေကျဉ်းကြပ်နေပေမယ့်လည်း၊ ကျွန်မစိတ်မချမ်းသာတော့ပေမယ့်လည်း ကျွန်မနားလည်ပါတယ်။ သူကျွန်မကိုချစ်လွန်းလို့ ချုပ်ချယ်နေတာပါလေ။

သင်ကော.. ကျွန်မသူငယ်ချင်းထင်သလို ကျွန်မလှောင်ချိုင့်မှာမိနေပြီလို့ထင်လား။