အမေမရှိလည်းဖြစ်ပါတယ်။

blank

အမေနဲ့ အဝေးကိုရောက်သွားခဲ့ရင် ကျွန်မအဆင်ပြေမှပြေပါ့မလားလို့တွေးခဲ့ဖူးတယ်။ အရွယ်ရောက်လာလို့ ဘဝအတွက်ရုန်းကန်ရချိန် အမေနဲ့အဝေးကိုရောက်လာတဲ့အချိန်မှာ အမေမရှိလည်း ဖြစ်တယ်ဆိုတာကိုတွေ့လာခဲ့ရတယ်။

အမေမရှိရင်လည်း နေမင်းကြီးကတော့ ထွက်တာပဲ။ အဲ့ဒီတော့တစ်နေ့တာလုံးက ဝတ္တရားမပြတ် ရှင်သန်ရုန်းကန်ဖို့ဖြစ်နိုင်တယ်ဆိုတာကို ကျွန်မသိလာခဲ့တယ်။

အမေမရှိရင်လည်း ကျွန်မကတော့ မနက်စာစားရတာပဲ။ အမေ့လက်ရာလောက်မကောင်းတဲ့ အစားတွေကလည်း ကျွန်မကိုဗိုက်ဝစေတာပဲ။

အမေမရှိရင်လည်း ကျွန်မနေထိုင်ဖို့ အဆင်ပြေတာပဲ။ အမေ့အိမ်မဟုတ်တဲ့ တိုက်ခန်းလေးဟာ ကျွန်မကိုလေဒဏ်မိုးဒဏ်ကာကွယ်ပေးပြီး နွေးနွေးထွေးထွေးအိပ်ပျော်စေတာပဲ။

အမေမရှိလည်း ကျွန်မရဲ့လိုအပ်ချက်တွေကို ကျွန်မကိုယ်တိုင်ဖြည့်ဆည်းနိုင်ပါတယ်။ အားလပ်ချိန်တွေမှာ ကျွန်မလိုတတ်တာတွေကို ကြိုဝယ်ထားပြီး အဆင်ပြေပြေဖြတ်ကျော်နိုင်တာပဲ။

အမေမရှိလည်း နေထိုင်ရတာ အဆင်ပြေပါတယ်။ အိမ်အပြန်နောက်ကျချိန်တွေမှာ တံခါးဖွင့်ပေးဖို့ အော်ခေါ်စရာမလိုဘဲ သော့ဖွင့်ဝင်လို့ရနေတာပဲ။

ကျွန်မဟာအမေ့ရဲ့ စိန်တုံးစိန်ခဲလေးတဲ့။ ကျွန်မမရှိရင် အိမ်ကမည်းမှောင်တိတ်ဆိတ်သွားလိမ့်မယ်လို့ အမေကပြောဖူးတယ်။ ကျွန်မအတွက်တော့ အမေမရှိရင်လည်းဖြစ်နေတာပဲ။ ဒါပေမဲ့…။

အမေမရှိတဲ့အခါမှာ ကျွန်မရဲ့တစ်နေတာလုံးဟာ ကုန်ဆုံးသွားပေမယ့် အဓိပ္ပါယ်မဲ့နေတယ်။

အမေမရှိတဲ့အခါ စားသမျှတွေက ဗိုက်ဝစေပေမယ့် အရသာကင်းမဲ့လို့။

အမေမရှိတဲ့အခါ အမိုးအကာလုံတဲ့ နေအိမ်လေးဟာ နွေးထွေးမှုတွေ ပျောက်ဆုံး။

အမေမရှိတဲ့အခါ လိုအပ်ချက်မရှိဘဲနေရပေမယ့် နှလုံးသားဟာ လှစ်ဟာလို့။

အမေမရှိဘူးလို့ သိနေတဲ့အိမ်တံခါးကို သော့ဖွင့်ဝင်ရတဲ့ နေ့တွေမှာ “ဘာကြောင့်နောက်ကျနေတာလဲ” ဆိုတဲ့ အမေ့ဆူပူသံတွေကို လွမ်းဆွတ်တသနေမိတယ်။

လွမ်းတယ်အမေရယ်။

အမေ့ရဲ့စိန်တုံးစိန်ခဲလေး ကျွန်မဟာ အမေမရှိတဲ့အရပ်မှာ အလင်းတွေ မဖြာနိုင်ဘူးဆိုတာကို ကျွန်မနားလည်လာတဲ့အခါ အမေဟာကျွန်မအတွက် အလင်းရောင်ပါဆိုတာကို ဖော်ပြနိုင်မယ့်လက်ဆောင်လေးတစ်ခုကို ကျွန်မရွေးချယ်ထားမိတယ်။ အမေကတော့ ထုံးစံအတိုင်း “ငွေတွေအကုန်ခံလို့” ဆိုပြီး ဆူဦးပူဦးမယ်။ ဒါပေမဲ့အမေ့ရဲ့ စိန်ပွင့်လေးကျွန်မဟာ အမေ့အတွက် စိန်ပွင့်လေးကို “တော်ဝင်စိန်တိုက်” ကနေ သေချာရွေးဝယ်ထားတယ်ဆိုတာကိုသိရင် “ငါ့သမီးတောင် လူကြီးဖြစ်ပြီ” လို့ ကျေနပ်စကားတွေ ဆိုဦးမယ်ဆိုတာကို ကျွန်မသိနေတယ်လေ။ အမေကသမီးပဲ ပန်ပါလို့ ငြင်းဆန်ဦးမှာကိုလည်း ကျွန်မသိနေတယ်။ ဒါပေမဲ့ အမေ့အနားမှာနေပြီး ဆိုးနွဲ့ခွင့်မရတုန်းခဏမှာ အမေ့နားမှာစိန်ပွင့်လေးအဖြစ် လင်းလက်ခွင့်ပေးပါလို့ ကျွန်မပူဆာရဦးမယ်။

“ပြာသိုလပြည့်အမေနေ့မှာ အမေတစ်ယောက်ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာပါစေ” လို့ အဝေးရောက်သမီးက ဆုမွန်ကောင်းတောင်းအပ်ပါတယ်အမေ။ အမေ့အနားမှာနေထိုင်ရင်း အမေ့ကို အနီးကပ်ပြုစုစောင့်ရှောက်ခွင့်ရနေတဲ့ သားသမီးတွေကို အားကျရင်း ဒီစာလေးကိုရေးလိုက်ပါတယ်။

အမေချစ်သူအားလုံး အမေနေ့မှာ ပျော်ရွင်ချမ်းမြေ့ကြပါစေ။