ကိုယ့်ဘက်မှာ မရပ်တည်တဲ့ ခင်ပွန်းကို ကွာရှင်းလိုက်တာ ကျွန်မအမှားလား။

blank

ကျွန်မခင်ပွန်းနဲ့ ကျွန်မကွာရှင်းဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

အဲ့ဒီအကြောင်းသူ့ကိုဖွင့်ပြောတော့ သူက “ကိုယ်နဲ့မင်းကြားမှာ ဘာပြဿနာမှမရှိဘဲနဲ့” တဲ့။

တကယ်လည်း ကျွန်မနဲ့သူ့ကြားမှာ ပြဿနာကြီးကြီးမရှိပါဘူး။ ဒါပေမဲ့ နှစ်နှစ်ကြာပေမယ့် ကျွန်မတစ်စက်မှ မပိုင်ဆိုင်ရတဲ့ အိမ်ထောင်ရေးမှာ ကျွန်မကိုယ်ကျွန်မလှောင်ပိတ်ထားရတာ ကျွန်မပင်ပန်းမောပန်းလှပါပြီ။

အပြင်ထွက်ဖို့ ချိန်းတိုင်း လူကြီးမို့အသိပေးရတယ်ဆိုတာ နားလည်ပေမယ့် ကျွန်မရဲ့ခွင့်ပန်မှုတွေကို ပယ်ပယ်ချတာ အကြိမ်ရေများလာတယ်။ ကိုယ့်ခင်ပွန်းနဲ့ ညစာစားဖို့ အပြင်ထွက်မယ်ဆိုရင်တောင် မျက်နှာပေါင်းများစွာကို ငဲ့ကွက်နေခဲ့ရတယ်။ အလုပ်လုပ်တဲ့ ဇနီးမောင်နှံတွေဖြစ်တာကြောင် ရုံးပိတ်ရက်အပြင်သွားဖို့တောင် ခွင့်မသာဖြစ်ခဲ့ရတယ်။ “ရုံးပိတ်ရက်မှာ အမေနဲ့လည်ဖို့ တစ်ရက်.. မိန်းမနဲ့ လည်ဖို့တစ်ရက်” လို့ သတ်မှတ်ထားပေမယ့် ကျွန်မရဲ့တနင်္ဂနွေနေ့တွေဟာ “အမေသိပ်နေမကောင်းလို့” ဆိုတဲ့ စကားအောက်မှာ အိမ်မှာကုန်ဆုံးခဲ့ရတယ်။

အိမ်ထောင်ကျပြီးသွားရင်လည်း အလုပ်ဆက်လုပ်မယ်လို့ ကျွန်မခင်ပွန်းနဲ့သဘောတူညီမှု ရရှိထားပြီးဖြစ်ပေမယ့် အိမ်ထောင်ကျပြီးတဲ့နောက် ကျွန်မအလုပ်ပြောင်းခဲ့ရတယ်။ ကျွန်မသိပ်ချစ်တဲ့အလုပ်ကို စွန့်လွတ်ခဲ့ရတဲ့အကြောင်းက တစ်လတစ်ခါလောက် နယ်ကရုံးခွဲကို သွားရတဲ့ အဲ့ဒီအလုပ်ကို ကျွန်မယောက္ခမက သဘောမကျလို့ပဲ။ ဒါလည်းကျွန်မအပြစ်မမြင်ခဲ့ပါဘူး။  ကျွန်မက အိမ်ထောင်သည်တစ်ယောက်ဖြစ်လာတော့ ညှိနှိုင်းပေးရမှာပေါ့လို့ ယူဆခဲ့တယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မတို့ဘဝမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ဘာမှမပါခဲ့ရဘူး။ အိပ်ယာခင်းအရောင်ရွေးတာကအစ အားလပ်ရက်ခရီးစဉ်အဆုံး အကုန်လုံးကို ကျွန်မယောက္ခမသဘောကျဖြစ်ခဲ့ရတယ်။ ကျွန်မက အိမ်မှုကိစ္စတွေမှာ ကျွမ်းကျင်မှုသိပ်မရှိဘူး။ ဒါပေမဲ့ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားပြီး သင်ယူခဲ့တယ်။ ဒါပေမဲ့ကျွန်မရဲ့ ကြိုးစားမှုတွေ ဘယ်တော့မှအရာမထင်ခဲ့ဘူး။ အမြဲတမ်းထောက်ပြဝေဖန်ပြီး အမှားအရှာခံနေခဲ့ရတယ်။ ကြာလာတော့တစ်ခုခုလုပ်တိုင်း မှားမှာကြောက်ပြီး ပိုမှားပါလေရော။ လုပ်ငန်းခွင်မှာ ထက်ထက်မြက်မြက်နဲ့ ဦးဆောင်လုပ်နေတဲ့ကျွန်မဟာ အိမ်ရောက်တာနဲ့ ဘာအစွမ်းအစမှမရှိတဲ့ ခပ်တုံးတုံးမိန်းမတစ်ယောက်ဖြစ်လာပါတော့တယ်။

ထိုင်နေရင်ထိုင်နေတယ်၊ အပြင်သွားရင်အပြင်သွားတယ်၊ စားရင်စားနေတယ်၊ အလုပ်လုပ်နေရင်လည်း အလုပ်လုပ်ပြန်ပြီ၊ ဘာမှဆိုထောက်ပြနေတတ်တော့ အသေးအဖွဲလေးတွေပေမယ့် ကျွန်မခံနိုင်ရည်မရှိတော့ဘူး။ ငြိမ်နေတဲ့အခါ ပိုဆိုးလာပြီး အကျိုးအကြောင်းရှင်းပြပြီး ကျွန်မခင်ပွန်းပြန်လာတဲ့အခါ “မင်းမိန်းမ အမေ့ကိုပြန်ပြောတယ်” ဆိုတဲ့ စကားကိုမျက်ရည်စမ်းစမ်းနဲ့ ပြောပြန်တယ်။ ကြာလာတော့ ကျွန်မစိတ်တွေက အကျဉ်းချခံရသလို ဖြစ်လာရော။

ကျွန်မရုံးပြန်နောက်ကျရင် စကားနာထိုးတာတွေ၊ ကျွန်မမိဘတွေလာလည်တာ မကြိုက်သလို ကျွန်မသွားတွေ့ရင်လည်း မကြိုက်တာတွေ၊ ကျွန်မယောက်ျားရဲ့ ဝင်ငွေနဲ့ပတ်သက်ပြီး ဘာမှ စွက်ဖက်ခွင့်မရှိတာတွေ၊ ကျွန်မကြိုက်တာလေးတွေ ချက်စားမိတာနဲ့ တဗျစ်ဗျစ်တောက်တောက် ပြောနေတာတွေက ကျွန်မကိုတဖြည်းဖြည်းနဲ့ လှိုက်စားလာတယ်။

ကျွန်မခင်ပွန်းကို “အိမ်ခွဲနေမလား” “ကွာရှင်းမလား” မေးတော့။ “ကိုယ့်မိဘတွေနဲ့ မင်းအကြား တစ်ခုခုကိုရွေးရမယ်လို့ ဆိုလိုတာလား” တဲ့။ “ကျွန်မတို့ အိမ်ခွဲနေပြီးရင်လည်း ကိုက သူတို့သားအဖြစ်ပဲရှိနေမှာပါ။ ကျွန်မက ကျွန်မမိဘတွေအတွက် သမီးတစ်ယောက်နေရာမှာရှိနေသလိုပေါ့။ သားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို မထမ်းဆောင်ပါနဲ့လို့ ကျွန်မဘယ်တော့မှ တားဆီးမှာမဟုတ်ပါဘူး။ အခုလိုပဲငွေတွေအပ်၊ ရုံးပိတ်ရက်မှာသွားလည်ပေါ့။ မိဘတွေအတွက် ငဲ့သလို ခင်ပွန်းတစ်ယောက်ကို တစ်စက်ကလေးတောင် ပိုင်ဆိုင်ခွင့်မရှိတဲ့ မိန်းမတစ်ယောက်ကိုလည်း နားလည်ပေးပါဦး” လို့ ကျွန်မဆို့နစ်စွာပြောမိတယ်။  ကျွန်မရဲ့စကားတွေဟာ ကျွန်မခင်ပွန်းရဲ့ ဆုံးဖြတ်ချက်တွေကို မပြင်နိုင်ခဲ့ပါဘူး။ သူကျွန်မကို ကွာရှင်းပေးခဲ့တယ်။

သူငယ်ချင်းတွေက ကျွန်မကိုစိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူတဲ့။

တကယ်ကော…. ကျွန်မမှားသွားလား။