“Frozen II” ကနေ ရခဲ့တဲ့ ဘဝသင်ခန်းစာများ။

blank

တချို့ကပြောကြတယ်။ နတ်သမီးပုံပြင်တွေဟာ စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့နဲ့ကင်းလွတ်နေတယ်တဲ့။ ဒါပေမဲ့ နတ်သမီးပုံပြင်တွေက ကျွန်မတို့ရဲ့ နှလုံးသားကို နူးညံ့အောင်သင်ပေးသလို စိတ်သဘောထားကောင်းတဲ့သူက အမြဲတမ်းအနိုင်ရတယ်ဆိုတဲ့ သင်ခန်းစာကို ပေးပါတယ်။ နတ်သမီးပုံပြင်ကို အခြေခံပြီး ရိုက်ထားတဲ့ Frozen ကို ကလေးကော လူကြီးပါနှစ်သက်ကြပါတယ်။  ဂန္ထဝင်အနေနဲ့ Frozen II သွားကြည့်ပြီး စိတ်အပန်းပြေခဲ့သလို ဘဝသင်ခန်းစာတွေလည်း ရခဲ့ပါတယ်။ အဲ့ဒီသင်ခန်းစာလေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

“ကလေးတွေကို ကလေးနဲ့မဆိုင်ဘူးလို့ ပစ်ပယ်ထားတာထက် သူတို့သိသင့်သိအပ်တဲ့ အရာလေးတွေကို ပြောပြပေးသင့်ပါတယ်။”

King Agnarr နဲ့ Queen Iduna ဟာ Elsa နဲ့ Anna ကို ငယ်ငယ်ကတည်းက သူတို့ရဲ့ ရှေးအစဉ်အဆက်နဲ့ ပတ်သက်ခဲ့တဲ့ ဇာတ်လမ်းလေးအကြောင်းကို ပုံပြင်သဖွယ်လုပ်ပြီး ပြောပြထားခဲ့ပါတယ်။ အဲ့ဒီ အကြောင်းကိုသာ မပြောပြထားခဲ့ဘူးဆိုရင် ညီအစ်မနှစ်ယောက်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့တောအကြောင်းနဲ့ စစ်ပွဲအကြောင်းကို ဘယ်တော့မှ ဖော်ထုတ်နိုင်ခဲ့မှာမဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

“တစ်အူတုံ့ဆင်း ညီအစ်မဆိုတာ ဘဝရဲ့ အကြီးမားဆုံး ဆုလာဘ်တစ်ခုပါ”

Elsa နဲ့ Anna ဟာ ပြဿနာတွေ အတူတူရင်ဆိုင်ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေခဲ့တာတွေ “ငါ့ကိုမီးမလောင်စေချင်ဘူးဆိုရင် နင်လည်းမီးပုံထဲမဆင်းနဲ့” ဆိုတဲ့စကားတွေ “အန္တရာယ်ရှိနေတာ သိနေလည်း သွားရမှာပဲ သူက ကျွန်မအစ်မလေ” ဆိုတဲ့ Anna ရဲ့ စကားတွေကတဆင့် Elsa ကအန္တရာယ်ကြီးတဲ့နေရာကို သွားခါနီး Anna ကို အဝေးကြီးရောက်သွားအောင် တွန်းပို့ခဲ့တာတွေကနေ တဆင့် သွေးသားရင်းခြာညီအစ်မတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို မြင်နိုင်ခဲ့ပါတယ်။

တကယ်ချစ်တဲ့သူဆိုတာ အခြေအနေအရပ်ရပ်ကို ရှင်းပြစရာမလိုဘဲ ကိုယ့်ကိုနားလည်နေတဲ့သူ၊ လိုအပ်ချက်တွေကို ဘေးနားကဖြည့်ဆည်းပေးနေရုံနဲ့ ကျေနပ်နေတဲ့သူ”

Kristoff ဟာ Anna ရုတ်တရက်ပျော်ကွယ်သွားပြီး Giant ကြီးတွေရှေ့မှာ ပြေးနေချိန်မှာ ပြန်တွေ့ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ “ဘာဖြစ်နေတာလဲ” ဆိုတဲ့ မေးခွန်းတွေကို မေးမနေဘဲ “ဘာဖြစ်ချင်တာလဲ” ဆိုတဲ့မေးခွန်းကိုမေးပြီး Anna က တံတားကို ဖြိုပစ်ချင်တာလို့ပြောတော့ “ဖြစ်စေရမယ်” လို့ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဘဝလက်တွဲဖော်ဆိုတာ ဘဝရဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ဘေးနားမှာရှိနေပေးရုံတင်မကဘဲ ရှင်းပြစရာမလိုဘဲ ကိုယ့်ကိုနားလည်နေတဲ့သူဆိုတာကို သိစေခဲ့ပါတယ်။

စာချစ်သူတို့ကော… Frozen II ကြည့်ပြီးကြပြီလား။ ဘယ်လိုသင်ခန်းစာလေးတွေရခဲ့လဲ ဝေမျှပေးခဲ့ပါဦးနော်။