လတ်တလောအဆင်ပြေနေတဲ့အခြေအနေနဲ့ ရေရှည်အတွက်မျှော်မှန်းချက် ဘယ်ဟာကအရေးကြီးလဲ။

blank

ကျွန်မကလုပ်ငန်းတစ်ခုမှာ စီမံအုပ်ချုပ်ရေးအပိုင်းက  တာဝန်ယူဆောင်ရွက်နေတဲ့ အိမ်ရှင်မတစ်ယောက်ပါ။ အလုပ်တွေကို မလစ်ဟင်းအောင် ကြိုးစားရသလို သမီးနှစ်ယောက်ရဲ့ ဘဝတွေကိုလည်း ထိန်းကျောင်းပြုပြင်ရေးမှာ မလှစ်ဟင်းအောင် ကြိုးစားရပါတယ်။ အိမ်ရဲ့အလုပ်တွေမှာ ကျွန်မရဲ့ဝန်တွေကို ပေါ့စေဖို့အတွက် အိမ်အကူတစ်ယောက်ထားထားပါတယ်။ အဲ့ဒီအိမ်အကူက အိမ်အလုပ်တွေမှာ ကျွန်မလှည့်ကြည့်စရာမလိုအောင် အားကိုးရပါတယ်။ ကျွန်မကလေးတွေကလည်း သူ့ကိုခင်တွယ်သလို ကျွန်မရဲ့သားသမီးတွေကိုလည်း ကြင်ကြင်နာနာဆက်ဆံတတ်ပါတယ်။

ကျွန်မက စနေ-တနင်္ဂနွေတွေ၊ ရုံးအားရက်တွေ၊ ရုံးချိန်ပြင်ပတွေမှာ သမီးတွေကို အချိန်ပေးဖို့ အတတ်နိုင်ဆုံးကြိုးစားပါတယ်။ သမီးတွေကို ဆရာဝန်၊ အင်ဂျင်နီယာတွေဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေမရှိပေမယ့် သူတို့လေးတွေကို ပျော်ရွှင်ကျန်းမာတဲ့ ကလေးတွေဖြစ်အောင်၊ သူတစ်ပါးကို ကိုယ်ချင်းစာတတ်တဲ့ ကလေးတွေ၊ အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ ကိုယ်ကျင့်တရားကို တန်ဖိုးထားတတ်တဲ့ကလေးတွေဖြစ်အောင် ပျိုးထောင်ပေးဖို့ပဲ ရည်ရွယ်ထားပါတယ်။ သမီးလေးတွေကို စာတစ်ခုတည်း ဖိသင်တာမျိုးမဟုတ်ဘဲ ဝါသနာပါရာလေးတွေမှာလည်း  ကျွန်မကိုယ်တိုင်ပါဝင်ပြီး လုပ်ဆောင်ပေးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်မရဲ့ သမီးလေးတွေမှာ အနုတ်ဆန်တဲ့ အပြုအမူလေးတွေကို စပြီးတွေ့လာရပါတယ်။ လူကြီးစကားပြောနေရင် ပြောင်ပြတာတို့၊ စကားပြောရင်း အသံကျယ်ကျယ်နဲ့ ရိုင်းပြတဲ့ စကားလုံးလေးတွေ ပါတာတို့ပေါ့။ အစကတော့ သမီးတွေကို ကျွန်မသေသေချာချာလေး ဆုံးမလိုက်ပါတယ်။ တစ်ခါတလေမှာ ကျွန်မနဲ့ကျွန်မအိမ်သားလို မဟုတ်တဲ့ အပြုအမူတချို့ကို တွေ့လာရပါတယ်။ ပြောပလောက်တဲ့ အပြုအမူတွေမဟုတ်ပေမယ့် သမီးလေးတွေကို အပြုသဘောဆောင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်စေချင်တဲ့ ကျွန်မအနေနဲ့ လက်မခံနိုင်တဲ့ အပြုအမူလေးတွေပေါ့။

အဲ့ဒီကိစ္စကို ကျွန်မသေချာသုံးသပ်ကြည့်တော့ အိမ်မှာက ကျွန်မရဲ့ အိမ်သားနဲ့ ကျွန်မရယ် အိမ်အကူရယ်ပဲရှိတာပါ။ ကျောင်းမှာလည်း အဲ့ဒီလိုအပြုအမူတွေ သင်ရလိမ့်မယ်လို့ ကျွန်မမထင်မိဘူးလေ။  အဲ့ဒါနဲ့ပဲ အိမ်အကူကို သေချာလေ့လာသုံးသပ်ကြည့်တော့ သမီးလေးတွေကို ကူးစက်နေတဲ့ အပြုအမူဆိုးလေးတွေက သူ့ဆီက ရလာတယ်ဆိုတဲ့ အဖြေကို ကျွန်မရခဲ့တယ်။ သမီးလေးတွေဟာ ကျွန်မတို့မရှိတဲ့အချိန်မှာ သူနဲ့ကျန်ခဲ့တတ်တယ်လေ။ သူနဲ့ကစားရင်း သူရဲ့အပြုအမူလေးတွေကို သင်ယူလာတယ်ဆိုတာ ကျွန်မသူ့ကို တိုးတိုးတိတ်တိတ်သတိပေးပါတယ်။ သမီးလေးတွေကို ကျွန်မက ဘယ်လိုလေးတွေ မျှော်လင့်ထားတယ်ဆိုတာကိုလည်း သူ့ကိုရှင်းပြလိုက်ပါတယ်။ ကျွန်မအိမ်မှာမရှိတဲ့အချိန် သူဆေးလိပ်ခိုးသောက်တာကို ကျွန်မသိပေမယ့် မသိချင်ဟန်ဆောင်ထားတဲ့အကြောင်း၊ ကလေးတွေနဲ့အတူရှိနေတဲ့အချိန် ဆေးလိပ်မသောက်ဖို့ကိုလည်း သတိပေးဖြစ်ပါတယ်။

တစ်နေ့မှာ ကျွန်မရဲ့အိမ်အကူပိုက်ဆံအိတ်ထဲကနေ စူပါမားကတ် မှာ ဈေးဝယ်ထားတဲ့ ဘောက်ချာတစ်စောင်ကျလာပါတယ်။ အဲ့ဒီဘောက်ချာထဲမှာ ဆေးလိပ်နဲ့ ဘီယာတွေဝယ်ထားတာကိုလည်း တွေ့လိုက်ရပါတယ်။ သူ့ရဲ့ဘီဒိုထဲမှာလည်း သောက်လတ်စ ဘီယာဘူးတွေ၊ ဆေးလိပ်အတိုတွေတွေ့ပါတယ်။  ကျွန်မရဲ့ သမီးကြီးဟာ အခုဆယ်ကျော်သက်အရွယ်ကို စရောက်လာတဲ့အချိန်ပါ။ သမီးလေးမှာ ဒီလိုအပြုအမူလေးတွေ ကူးစက်သွားမှာ ကျွန်မစိုးရိမ်မိတယ်။ အဲ့ဒါနဲ့ပဲ ကျွန်မက အိမ်အကူကို အလုပ်ကနေ ထုတ်ပစ်လိုက်ပါတယ်။ ကျွန်မအမေကတော့ ကျွန်မအလုပ်တွေနဲ့ အိမ်အလုပ်တွေကြားပင်ပန်းနေတာကို ကြည့်ပြီး အဆင်ပြေနေတာကို ထုတ်ပစ်လိုက်လေခြင်းလို့ အပြစ်တင်နေဆဲပါ။ အခုကျွန်မ မနက်တိုင်း ကျွန်မအစောကြီးထပြီး အိမ်အလုပ်တွေ လုပ်ရတယ်။ အိမ်အကူရှာနေတဲ့စပ်ကြားမှာ ကျွန်မပင်ပန်းရပါတယ်။ ဒါပေမဲ့ ကျွန်မလတ်တလောမှာ ပင်ပန်းတာကို ကျွန်မရဲ့သမီးလေးတွေရဲ့ အနာဂတ်နဲ့ မလဲလှယ်ချင်ပါဘူး။

မိဘတွေအနေနဲ့ သားသမီးလေးတွေ ကိုယ်တိုင်ဆုံးဖြတ်ချက်တွေ မချတတ်သေးခင်မှာ ဘယ်လိုလူတွေနဲ့ ဝန်းရံထားပေးမယ်။ ထိတွေ့ခွင့်ပေးထားမယ်ဆိုတာကို သေချာရွေးချယ်ထားသင့်တယ်လို့ ကျွန်မထင်တယ်။ ပတ်ဝန်းကျင်ကို ကြည့်ပြီး သင်ယူနေတဲ့ ကလေးလေးတွေရဲ့ ပတ်ဝန်းကျင်ကိုလည်း တတ်စွမ်းသလောက်တော့ ကောင်းမွန်စွာရွေးချယ်သင့်တယ်လို့လည်း ယုံကြည်တယ်။

သင်ကော…..။

စာချစ်သူတို့ရဲ့ ဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။