သားသမီးတွေကို ဆုံးမတဲ့အခါ ကာဆီးကာဆီးလုပ်တဲ့ လူကြီးမိဘတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင်…။

blank

စာချစ်သူတို့ရေ….။

“ သားအချစ်မြေးအနှစ်” ဆိုတဲ့အတိုင်း သင့်ရဲ့သားသမီးလေးတွေဟာ သင့်မိဘတွေအတွက်တော့ ရင်နှစ်သည်းချာလေးတွေပါပဲ။ သင့်ရဲ့ကလေးတွေကိုချစ်တဲ့စိတ်နဲ့ အလိုလိုက်တတ်တဲ့ အဘိုးအဘွားတွေကို ကလေးတွေကလည်း သင့်ထက်ပိုပြီးတော့တောင် ခင်တွယ်တတ်သေးတယ်မဟုတ်လား။ အဘိုးအဘွားတွေက မြေးတွေကို ချစ်ပြီးအလိုလိုက်တာက ပြဿနာမဟုတ်သေးပေမယ့် မိဘတွေက ဆုံးမတဲ့အခါမှာ ကာဆီးကာဆီးလုပ်ပြီး ကလေးတွေဖက်က ပါတတ်တာကတော့ မိဘတွေအတွက် ပြဿနာတစ်ရပ်ပါ။ လူကြီးမိဘတွေကို ပြန်ပြောရလည်းခက်၊ သားသားမီးမီးလေးတွေကိုလည်း ဆိုဆုံးမချင်နဲ့ အခက်တွေ့စေတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒါကြောင့် သားသမီးတွေကို ဆုံးမတဲ့အခါ ကာဆီးကာဆီးလုပ်တဲ့ လူကြီးမိဘတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင် ဒီစာစောင်လေးကို ဖတ်ကြည့်လိုက်ပါနော်။

  • သင့်ကလေးအတွက် ဘယ်အရာတွေက အရေးကြီးတယ်၊ သင်ကဘာတွေစဉ်းစားထားတယ်ဆိုတာကို မိဘတွေကို နားလည်အောင် ယဉ်ကျေးသိမ်မွေ့စွာပြောဆိုပါ။
  • ကလေးကိုဆိုဆုံးမတဲ့အခါ ကာဆီးကာဆီးလုပ်ခြင်းအားဖြင့် သင်နဲ့သင့်ကလေးအကြားမှာ ဖြစ်လာနိုင်တဲ့ ပြဿနာလေးတွေကိုပြောပြပါ။ ဒါပေမဲ့ တစ်ဖက်စောင်းနင်းပြီးပြောတာမျိုး၊ ကလေးရှေ့မှာ အဲ့ဒီကိစ္စအကြောင်း ပြောတာမျိုးတွေကိုရှောင်ကြဉ်ပါ။
  • သင့်ရဲ့မိဘတွေအနေနဲ့လည်း သင်ငယ်စဉ်ကပေးခဲ့တဲ့ ကောင်းတဲ့အလေ့အကျင့်လေးတွေကို ပြန်ပြောပြပေးပါ။ သူတို့ရဲ့ဆိုဆုံးမမှုတွေက ဘဝအတွက် အသုံးဝင်ခဲ့တယ်ဆိုတာကို ပြောပြပါ။
  • သင့်ရဲ့ မိဘတွေက သင့်သားသမီးအပေါ် ပြုလုပ်ပေးတဲ့အရာရာတိုင်းကို လိုက်ပြီး အပြစ်ပြောမနေပါနဲ့။ အသေးအဖွဲကိစ္စလေးတွေဆိုရင် လွတ်ထားသင့်လွှတ်ထားလိုက်ပါ။
  • ကလေးတွေနဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပါ။ ကလေးကို ဆုံးမရမယ့်အရာတွေကို သူတို့ကိုအရင်အသိပေးပြီး ဆွေးနွေးခြင်းအားဖြင့် ကလေးကိုပြုစုပျိုးထောင်ခြင်းဖြစ်စဉ်မှာ ပါဝင်လာအောင် ဆွဲခေါ်ပါ။
  • ကလေးကို အလိုလိုက်လွန်းတဲ့အခါ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ပြောပြထားပေးပါ။ အပြုသဘောဆောင်တဲ့ စကားလုံးတွေကိုပဲ အသုံးပြုပါ။

သင်ကော… အဖိုးအဖွားရဲ့ အသည်းကျော် သားသားမီးမီးတွေကို ဘယ်လိုများကိုင်တွယ်ရမလဲလို့ စဉ်းစားပြီး ခေါင်းခြောက်နေလား။ ဒီနည်းလမ်းလေးတွေကို သုံးကြည့်ပါ။ သင့်ရဲ့အတွေ့အကြုံလေးတွေကို comment box မှာ မျှဝေပေးပါဦး။

ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့်ဗဟုသုတလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin Plus တို့မှ ပူပေါင်းစီစဉ်တင်ဆက်ပေးထားပါတယ်ရှင်။