အသည်းကွဲမှာကြောက်နေရင် စိန်ပွင့်လိုထိုက်တန်တဲ့ အချစ်ရေးနဲ့ ထပ်လွှဲရတတ်တယ်…

blank

ကျွန်တော်ချစ်ရတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။ သူမရဲ့ မျက်နှာလေးကို ပထမဦးဆုံးမြင်လိုက်တဲ့အချိန်မှာပဲ ကျွန်တော်သူ့ကို ချစ်မိသွားခဲ့တယ်။ ဆွေးရိပ်သမ်းနေတဲ့ သူမရဲ့အညိုရောင် မျက်လုံးလေးတွေ၊ တင်းတင်းစေ့ပြီး အရယ်အပြုံးနည်းတဲ့ သူမရဲ့နှုတ်ခမ်းပါးပါးလေးတွေဟာ သူမကို မြတ်နိုးသွားစေခဲ့တယ်။ အတန်းထဲမှာ သီးသန့်နေတတ်တဲ့ သူမရဲ့ပုံစံဟာ သူမကိုပိုပြီးဆွဲဆောင်မှုရှိစေခဲ့တယ်။
တစ်ယောက်တည်း ရှားရှားပါးပါးရှိတဲ့ သူမရဲ့သူငယ်ချင်းကို သူမရဲ့အကြောင်းလေးတွေကို စုံစမ်းကြည့်လိုက်တဲ့အခါ သူမဟာ အတိတ်မှာနာကျင်စရာအချစ်ရေးမှာ ကြုံတွေ့ခဲ့သူတဲ့။ အတိတ်မှာတုန်းက သူမချစ်မိခဲ့တဲ့သူဟာ သူမရဲ့နှလုံးသားကို ဒဏ်ရာမျိုးစုံပေးခဲ့ပြီး ကစားသွားခဲ့တယ်တဲ့။ အဲ့ဒါကြောင့်ပဲ သူမဟာ အချစ်ဆိုတာကို ဝေးဝေးရှောင်နေခဲ့တယ်။ သူမက မိုးစက်တွေကို ချစ်တယ်တဲ့လေ။

သူမနဲ့ကျွန်တော်ကို ကံကြမ္မာက ဆုံတွေ့ခွင့်ပေးလိုက်တာကတော့ အုပ်စုဖွဲ့ပြီးလုပ်ရတဲ့ စာတမ်းမှာ သူမရယ် တစ်အုပ်စု တည်းကျခဲ့တယ်။ စာတမ်းအတူတူလုပ်ရင်းနဲ့ သူမနဲ့ကျွန်တော်ခင်မင်သွားခဲ့တယ်။  ခင်မင်မှုသက်တမ်းကြာလာတော့ သူမက အတိတ်ကအချစ်ရေးအကြောင်းကို ရင်ဖွင့်ပြီး “ရဲ… နင်ငါ့ကို ကတိတစ်ခုပေး။ နင်ငါ့ကိုဘယ်တော့မှ ရည်းစားစကားမပြောရဘူး။ ငါ့ဘေးမှာ အခင်ဆုံးသူငယ်ချင်းအဖြစ်နေရမယ်နော်” ဆိုတဲ့ ကတိကိုတောင်းခဲ့တယ်။ ချစ်ရတဲ့သူ စိတ်ချမ်းသာဖို့ ကျွန်တော့်ရင်ထဲက ချစ်ခြင်းတွေအကုန်လုံးကို သော့ခတ်သိမ်းထားလိုက်တော့တယ်။ ကျောင်းပိတ်မယ့်အချိန်ကိုနီးကပ်လာတော့ သူမကိုပေးခဲ့တဲ့ ကတိကိုတည်ရမလား။ သူမကိုမခွဲချင်တဲ့ ရင်ထဲက ဆန္ဒတွေကို ဦးစားပေးရမလား မခွဲခြားနိုင်အောင် ဖြစ်လာခဲ့တယ်။ ကျောင်းပိတ်ရက် နီးလာလေလေ ကျွန်တော်ရင်တွေ ပူလာလေလေပဲ။ ကတိတွေလည်းတည်၊ သူမနဲ့လည်း မခွဲရမယ့်နည်းလမ်းလေးတစ်ခုကို စဉ်းစားကြည့်လိုက်တဲ့အခါ….

တစ်နေ့မှာ သူမအတွက်လက်ဆောင်လေးရယ်၊ စာလေးရယ်ကို သူမထိုင်တဲ့ ခုံမှာ ထည့်ထားလိုက်တယ်။ တော်ဝင်စိန်တိုက်က ဝယ်ခဲ့တဲ့ စိန်လက်စွပ်လေးမှာ သူမရဲ့ နာမည်အတိုကောက် “နှင်း” ဆိုတဲ့စာလုံးလေးကိုလည်း ရေးထားတယ်။ စာထဲမှာ….

နှင်းရေ…. မကြာခင်မှာ ခွဲရတော့မယ်။ နင့်ကိုရည်းစားစကားဘယ်တော့မှ မပြောဘူးဆိုတဲ့ ကတိလေးကို နင်တောင်းတုန်းကပေးခဲ့သလို အခုငါနင့်ကို ကတိပေးချင်တဲ့ကတိတွေရှိသေးတယ်။ ငါပေးတဲ့စိန်လက်စွပ်လေးဟာ ငါ့ရဲ့ကတိကဝတ်တွေပါတဲ့ ကတိလေးတစ်ခုပေါ့။ အဲ့ဒီစိန်ပွင့်လေးထဲမှာ…။
ငါနင့်ဘေးနားမှာ အမြဲရှိနေပေးမယ်ဆိုတဲ့ ကတိ…

နင်အသက်ကြီးလာလို့ မလှပတော့တဲ့နေ့မှာ နင့်ကိုမြတ်နိုးနေမယ်ဆိုတဲ့ ကတိ…

နင့်ရဲ့ အခင်ဆုံးသူငယ်ချင်းအဖြစ် နင့်ဘေးမှာ တစ်သက်လုံးအမြဲရှိနေပေးမယ်ဆိုတဲ့ ကတိကိုငါပေးပါတယ်ဟာ…

ပြီးတော့လေ…။

တစ်ကြိမ်တစ်ခါ အသည်းကွဲခဲ့ရုံနဲ့ ကမ္ဘာပေါ်က ယောက်ျားလေးတွေ အကုန်လုံးက နင့်ကိုအသည်းခွဲလိမ့်မယ်ဆိုတဲ့ အစွဲအလန်းကိုလည်း မထားပါနဲ့ဟာ။ နင်သာ နင့်နှလုံးသားတံခါးကို စေ့ပိတ်မထားရင်လေ …
• ခံစားချက်တွေကို တန်ဖိုးထားပြီး နှလုံးသားကို ကာကွယ်ပေးမယ့် သူတစ်ယောက်
• ချစ်ခြင်းမေတ္တာတွေပေးပြီး ဘဝနေ့ရက်တွေကို လှပစေမယ့် သူတစ်ယောက်
• သာယာပျော်ရွှင်တဲ့ အချစ်ရေးရဲ့ အဓိပ္ပါယ်ကို သင်ပေးမယ့် သူတစ်ယောက် နင့်ဘဝထဲကို သေချာပေါက်ရောက်လာမှာပါ။

ပြီးတော့ ချစ်ခြင်းမေတ္တာဆိုတာ နင်နဲ့မထိုက်တန်ဘူးဆိုတဲ့ အတွေးတွေကိုလည်း စွန့်လွှတ်လိုက်ပါနော်။ အချိန်အကြာကြီး ဖိသိပ်သိမ်းဆည်းထားတဲ့ နင့်ရဲ့ နှလုံးသားဟာ တန်ဖိုးများစွာ ထိုက်တန်ပါတယ်။ ကမ္ဘာမြေပြင်ရဲ့ ဖိအားအောက်မှာ လှပစွာဖြစ်ပေါ်နေတဲ့ စိန်ပွင့်လေးလိုပေါ့။ အဲ့ဒီစိန်ပွင့်လေးတွေကို လှပစွာပုံဖော်ပေးမယ့်သူ၊ တောက်ပလာအောင် သွေးပေးနိုင်မယ့်သူ၊ တန်ဖိုးထားစွာပန်ဆင်မယ့်သူပဲလိုတာပါ။

အဲ့ဒီလူဟာ ငါဖြစ်လာနိုင်တယ်လို့ နင်ယုံကြည်တယ်ဆိုရင် နင့်ရဲနှလုံးသားရဲ့ သွေးကြောနဲ့ တိုက်ရိုက်ဆက်သွယ်နေတဲ့ နင့်ရဲ့ဘယ်ဘက်လက်သူကြွယ်လေးမှာ ငါ့ပေးတဲ့လက်စွပ်လေးကို ပန်ဆင်လိုက်ပါနော်…။
သူမက ကျွန်တော်ပေးတဲ့လက်စွပ်လေးကို လက်သူကြွယ်မှာ အသာအယာပန်ဆင်လိုက်တာကို တွေ့လိုက်ရတယ်။ ပြီးတော့ သူမမျက်လုံးကနေ မျက်ရည်တစ်စက် လိမ့်ဆင်းလာတယ်။ ကျွန်တော်သူမဘေးကို အပြေးအလွှားသွားပြီး မျက်ရည်စက်လေးကို လက်နဲ့ခံယူလိုက်တယ်။

“နင့်ရဲ့မျက်ရည်တွေဟာ ငါ့အတွက်တော့ စိန်ထက်တောင်တန်ဖိုးကြီးပါတယ်ဟာ။ နင်ဘယ်တော့မှ မငိုပါနဲ့တော့နော်” လို့ ကျွန်တော်ပြောလိုက်တော့ မျက်ရည်တွေကြားထဲမှာ သူမရဲ့ အပြုံးကို ကျွန်တော်တွေ့လိုက်ရတယ်။

စာချစ်သူတို့အတွက် ခံစားမှုရသစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ တော်ဝင်စိန်တိုက်တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။