ရှုံးနိမ့်မှုတွေက ကလေးတွေအတွက် ဘာ့ကြောင့်အရေးကြီးတာလဲ။

blank

မိဘတိုင်းကတော့ မိမိရဲ့ သားသမီးတွေကို အောင်မြင်စေချင်ကြတာချည်းပါပဲ။ ဒါ့ကြောင့်လည်း ငယ်ငယ်ကတည်းက ပညာတွေသင်ပေး၊ အသိပညာတွေရှိအောင် သွန်သင်ပေးခဲ့ကြတာပေါ့။ ကလေးတွေကျောင်းတက်တဲ့အခါမှာလည်း ကလေးတွေကို ပညာရေးနယ်ပယ်မှာ ထိပ်တန်းရစေချင်ကြတယ်။ အဆင့် တစ်နေရာကို အမြဲရောက်နေစေချင်ကြတယ်။

တကယ်တော့ ကျွန်မတို့တတွေက ကလေးတွေကို သင်ပေးဖို့မေ့နေတာက လူတစ်ယောက်ရဲ့ ဘဝမှာ အောင်မြင်မှုတွေနဲ့ချည်းကြုံတွေ့နေရမှာ မဟုတ်ပါဘူး။ ငယ်ငယ်က လမ်းကောင်းကောင်းမလျှောက်တတ်ခင်တုန်းက ခဏခဏလဲကျသလိုပေါ့။ ဘဝမှာ ရှုံးနိမ့်ခြင်းတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ အဲ့ဒါကိုလက်ခံတတ်ဖို့ ရှုံးနိမ့်ခြင်းတွေကပေးတဲ့ သင်ခန်းစာတွေကိုယူတတ်ဖို့လည်း လိုပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေကို အောင်မြင်နေအောင် ပံ့ပိုးနေသလိုပဲ ရှုံးနိမ့်ခြင်းတွေနဲ့ ကြုံရခဲ့ရင် မှန်ကန်တဲ့ စိတ်ထားတတ်ဖို့၊ အခြေအနေတွေကို အဆိုးမြင်မနေဘဲ ပိုကောင်းမွန်အောင် တည်ဆောက်နိုင်ဖို့ ကူညီပေးသင့်ပါတယ်။

ဒါ့ကြောင့် သင့်ကလေးငယ်အနေနဲ့ သူကြိုစားထားတဲ့အရာတွေ ထင်သလောက်ဖြစ်မလာတဲ့အခါ၊ ကြိုးစားထားသလောက် မအောင်မြင်တဲ့အခါ၊ ကျရှုံးမှုတွေနဲ့ ကြုံရတဲ့အခါမှာ…

  • အဲ့ဒီအဖြစ်အပျက်ကနေ ရခဲ့တဲ့ သင်ခန်းစာတွေကို မေးကြည့်ပါ။ ဘယ်နေရာတွေမှာ ပိုကြိုးစားဖို့လိုခဲ့တာလဲ၊ ဘာတွေမှားခဲ့တာလဲဆိုတာကို ကလေးနဲ့အတူတူသုံးသပ်ပါ။ အမှားတစ်ခုတည်းကိုပဲ နောက်တစ်ခါမမှားဖို့ သတိပေးပေးပါ။
  • ရှုံးနိမ့်ခြင်းဆိုတာက ကြိုးစားမှုရဲ့ ဖြစ်စဉ်တစ်ခုဆိုတာ နားလည်အောင်ပြောပြထားပေးပါ။ လိုချင်တာနဲ့ လွဲဖယ်သွားတဲ့အခါ၊ ထင်သလောက် မပေါက်မြောက်တဲ့အခါမှာ အားငယ်စိတ်ပျက်နေမယ့်အစား သင်ခန်းစာယူပြီး အားအပြည့်နဲ့ ပြန်ကြိုးစားနိုင်အောင် ကူညီပေးပါ။ ဘဝမှာဘယ်လိုအခြေအနေတွေပဲ ကြုံရကြုံရ မိဘတွေအနေနဲ့ အမြဲတမ်းအားပေးနေမယ်ဆိုတာကို ပြောပြထားပေးပါ။
  • ကလေးတွေကို လဲကျခွင့်ပေးပါ၊ ရှုံးနိမ့်ခွင့်ပေးပါ။ သင်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ရှုံးနိမ့်ခြင်းတွေ၊ သင်ခန်းစာယူပြီး ပြန်လည်ကြိုးစားခဲ့တဲ့အကြောင်းလေးတွေကို ဝေမျှပါ။ လူတိုင်းက ရှုံးနိမ့်ခြင်းတွေ ကြုံရပေမယ့် သင်ခန်းစာယူပြီး အမှန်ပြင်နိုင်တဲ့ သူတွေကသာ အောင်မြင်သူတွေဖြစ်လာတယ်ဆိုတာကိုလည်း နားလည်လာအောင် လုပ်ပေးပါ။

စာချစ်သူမိဘများရှင်… .။

သင့်ရဲ့ကလေးလေးဟာ အမှားတွေ၊ ရှုံးနိမ့်မှုတွေ ကြုံရတဲ့အခါမှာ  ကလေးကို ဆူပူကြိမ်းမောင်းတာမျိုးတွေ၊ ရိုက်နှက်တာမျိုးတွေ မလုပ်ပါနဲ့။ အမှားဆိုတာ အမှန်ရဲ့အစဖြစ်သလို၊ ရှုံးနိမ့်ခြင်းဆိုတာ အောင်မြင်ခြင်းရဲ့ လမ်းစပဲမဟုတ်လား။

စာချစ်သူများရဲ့ ဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦးနော်။