သိချင်ပေမယ့် ဖွင့်ဟမေးဖို့ ရှက်နေကြတဲ့ ရာသီသွေးဆိုင်ရာ မေးခွန်းလေးများ

blank

စာချစ်သူတို့ရေ…။

အမျိုးသမီးတွေအနေနဲ့ ရာသီသွေးနဲ့ ပတ်သက်ပြီး သိချင်ကြပေမယ့် တစ်စုံတစ်ယောက်ကို ဖွင့်ဟမေးဖို့၊ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ မဝံ့မရဲဖြစ်နေတဲ့ မေးခွန်းလေးတွေရှိပါတယ်။ အဲ့ဒီမေးခွန်းလေးတွေအတွက် အဖြေလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ တစ်လတာရာသီစက်ဝန်းကာလဟာ ပုံမှန်အားဖြင့် ဘယ်နှရက်ရှိလဲ။

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ဘဝနေထိုင်မှု ပုံစံကို လိုက်ပြီး တစ်လတာ ရာသီစက်ဝန်းကာလတွေ ကွဲပြားမှုရှိပါတယ်။ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကာလဟာ ၂၁ ရက်ကနေ ၃၅ ရက်အတွင်း ရှိပါတယ်။

၂။ အမျိုးသမီးတွေအနေနဲ့ တစ်ခါရာသီလာရင် သွေးပမာဏဘယ်လောက် ဆင်းတတ်သလဲ။

အမျိုးသမီးတွေရဲ့ ရာသီသွေးပမာဏဟာလည်းပဲ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားပါတယ်။ ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်ရဲ့ ရာသီသွေးပမာဏဟာ ၃ဝ မီလီလီတာကနေ ၅ဝ မီလီလီတာ အတွင်းရှိပါတယ်။

၃။ ရာသီလာတဲ့အချိန်မှာ ဘာ့ကြောင့် နာကျင်ကိုက်ခဲရတာလဲ။

သန္ဓေအောင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ မမျိုးဥဟာ အဖိုမျိုးပွားဆဲလ်နဲ့ မပေါင်းစပ်ရတဲ့အခါမှာ သားအိမ်နံရံမှာ ကပ်နေတဲ့ အရိအရွဲတွေနဲ့ အတူ ကြွေကျလာပါတယ်။ အဲ့ဒီလိုကြွေကျလာတဲ့အခါမှာ သားအိမ်နံရံက ကျုံ့ပေးရတဲ့အတွက် ကျောအောင့်တာ၊ ဗိုက်အောင့်တာစတဲ့ နာကျင်ကိုက်ခဲမှုတွေကို ကြုံတွေ့ရပါတယ်။

၎။ ရာသီသွေးမှာ ဘာ့ကြောင့်အနံ့ရှိရတာလဲ။

သားအိမ်အတွင်းက တစ်ရှူးတွေ၊ အရိအရွဲတွေ ရောပါနေတာကြောင့် ရာသီသွေးမှာ အနံ့အနည်းငယ်တော့ ရှိပါတယ်။ ဒါပေမဲ့ ရာသီသွေးအနံ့ဟာ ပြင်းပြင်းထန်ထန်နံနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

၅။ ရာသီလာနေတဲ့အချိန်မှာ လေ့ကျင့်ခန်းလုပ်လို့ရလား။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထွက်တဲ့ endorphins ဟော်မုန်းဟာ ရာသီစက်ဝန်းကာလမှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ပင်ပန်းလောက်တဲ့အထိ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုတော့ မလုပ်သင့်ပါဘူး။

၆။ ရာသီလာတဲ့အချိန်မှာ လိင်ဆက်ဆံလို့ရလား။

အိမ်ထောင်ရှင်အမျိုးသမီးတွေအနေနဲ့ အဲ့ဒီမေးခွန်းကို မေးချင်ကြပေမယ့် ဖွင့်ဟမေးဖို့အတွက် မဝံ့မရဲဖြစ်နေတတ်ပါတယ်။ သားဖွားမီးယပ်ပညာရှင်တွေကတော့ ရာသီလာစဉ်မှာ လိက်ဆက်ဆံတာက ပြဿနာမရှိပါဘူးလို့ဆိုပါတယ်။ ရာသီလာစဉ်မှာ လိင်ဆက်ဆံတာက ကိုယ်ဝန်ရနိုင်ချေပိုများတာရယ်၊ လိင်ပိုင်းဆိုင်ရာကနေ ကူးစက်တတ်တဲ့ ရောဂါတွေကူးစက်ဖို့ အလားအလာများတာရယ်ကိုတော့ သတိပြုသင့်ပါတယ်။

သင့်အနေနဲ့ကော… အထက်ပါမေးခွန်းလေးတွေအတွက် သိထားတဲ့အချက်လေးတွေရှိလား။ Comment box မှ မျှဝေပေးခဲ့ပါဦးနော်။

စာချစ်သူတို့အတွက် ဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dolfenal တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။