ဘဝမှာ ပျော်ရွှင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။

blank

တကယ်တော့ ကျွန်မမှာ သူများတကာတွေလို တင်စားဖွဲ့နွဲ့ပြစရာ ကျွန်မအကြောင်းထွေထွေထူးထူးတော့ မရှိပါဘူး။ဒါပေမဲ့ ကျွန်မငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကိုယ် လုံးဝမချစ်တတ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်တော့ ဖြစ်ခဲ့တယ်။

ငယ်ငယ်တုန်းကကျွန်မရဲ့ပါးဖောင်းဖောင်းလေးနဲ့ နဖူးပြောင်ပြောင်လေးကို လူတွေက ဟာသလို စနောက်ခဲ့ကြတယ်။ တကယ်လည်း ကျွန်မက နဖူးပြောင်တဲ့သူလေးပါ။အဲ့ဒီအရွယ်တုန်းက သူများပြောသမျှကို လိုက်နားထောင်ပြီး အရမ်းရှက်တတ်ခဲ့တယ်။

အထက်တန်းကျောင်းသူအရွယ်ရောက်တော့ အပျိုဖော်ဝင်စအရွယ်ရောက်လာတယ်။ အဲ့ဒီပြောင်းလဲမှုတွေကို နားမလည်ဘဲ ကျွန်မရဲ့စွင့်ကားလာတဲ့ တင်ပါးတွေကို အင်္ကျီပွပွရှည်ရှည်တွေနဲ့ ဖုံး ဖိဖို့ ကြိုးစားခဲ့မိတယ်။ နောက်ပြီး ကျွန်မရဲ့နဖူးပြောင်လေးကိုလည်း ဆံမြိတ်ချပြီး ဖုံးဖိခဲ့သေးတယ်။ ကျောင်းမှာ နာမည်ကြီးတဲ့ ပိန်ပိန်ပါးပါးနဲ့ခန္ဓာကိုယ်ကောက်ကြောင်းလှပတဲ့ ကောင်မလေးတွေကို မြင်ရင်လည်း သိပ်ပြီးအားကျတာပါပဲ။ အဲ့ဒီအရွယ်တုန်းက ကျွန်မကိုယ်ကျွန်မ မချစ်တတ်ဘဲ အပြစ် တွေချည်း တင်နေခဲ့တာပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အထက်တန်းကျောင်းပြီးလို့ ကျွန်မတက္ကသိုလ်ကျောင်းသူဖြစ်လာတော့ လူတွေအကြောင်းကို နည်းနည်းနောကျေလာခဲ့ပါပြီ။ ဒါကြောင့် ကျွန်မမှာ ပိုင်ဆိုင်နေပြီးသားအရာတွေကို ဇွတ်အတင်း ပြောင်းလဲဖို့ မကြိုးစားချင်တော့ပါဘူး။ ကျွန်မရဲ့ရှိရင်းစွဲ အလှတရားကိုလည်း လက်ခံတတ်လာပြီ။ ဒါကြောင့် အများက လှောင်ပြောင်နေကြတဲ့ ကျွန်မရဲ့နဖူးပြောင်လေးကိုလည်း ချစ်တတ်လာတယ်။အရွယ်ရောက်လို့ ပြောင်းလဲလာတဲ့ ကျွန်မရဲ့ခန္ဓာကိုယ်လေးကိုလည်းချစ်တယ်။

အရွယ်ရောက်လာတော့ အများကလှောင်ပြောင်ကဲ့ရဲ့ကြတာတွေကို ရယ်စရာတစ်ခုအနေနဲ့ပဲ သဘောထားလိုက်တယ်။ အခုဆိုရင် ကျွန်မကိုယ်ကျွန်မ ချစ်တတ်လာခဲ့ပြီမို့ ကိုယ့်ကိုယ်ကိုယ် အပြစ်မြင်စရာတစ်စက်လေးတောင် ရှာမတွေ့တော့ပါဘူး။ ကျွန်မရဲ့မပြည့်စုံမှုတွေအပေါ်လည်း ကျွန်မရှက်ရွံ့မနေတော့ဘူး။

ပြီးပြည့်စုံတဲ့လူဆိုတာ ဘယ်သူမှမှမရှိတာ။ ဒါပေမဲ့ မြင်တတ်မယ်ဆိုရင် လူတိုင်းမှာတော့ ပင်ကိုယ်အလှကိုယ်စီရှိကြပါတယ်။ အခုဆိုရင် ကျွန်မက ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်နေပါပြီ။ သင်လည်း ကျွန်မလို ပျော်ရွှင်ချင်တယ်ဆိုရင် သင်ပိုင်ဆိုင်ထားတဲ့ဘဝကို အရှိအတိုင်းလက်ခံကြည့် လိုက်ပါနော်။

ဒီစာစောင်ကို နှစ်သက်တယ်ဆိုရင် LIKE & SHARE လုပ်ပေးပါဦး။