နေရောင်ခြည်ဟာ ဝက်ခြံတွေကို တကယ်ပဲပျောက်ကင်းအောင် ကုသပေးနိုင်သလား

blank

          ဝက်ခြံတွေကြောင့် မျက်နှာအလှပျက်မှာစိုးလို့ ဝက်ခြံထွက်တာနဲ့ အမြန်ပျောက်ကင်းဖို့ ဘယ်နည်းနဲ့မဆိုကြိုးစားတတ်ကြတာဟာ မိန်းကလေးတိုင်းရဲ့ သဘာဝပါ။ ဝက်ခြံကုသနည်း အမျိုးမျိုးရှိတဲ့ထဲကမှ နေရောင်ခြည်နဲ့ ကုသနည်းက လူပြောအများဆုံးဖြစ်ပြီး အဲဒီကုသနည်းအကြောင်းကို ပညာရှင်တွေ ယနေ့ထက်တိုင်အငြင်းပွားနေဆဲဖြစ်ပါတယ်။ ရှေးယခင်ခေတ်တွေတုန်းက နေရောင်ခြည်ကို ဝက်ခြံအပါအဝင် အရေပြားပြဿနာအမျိုးမျိုးကို ကုသဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။

ဝက်ခြံတွေကို နေရောင်ခြည်နဲ့ကုစားမယ့် ကုထုံးမစတင်မီမှာ ဒီကုထုံးအကြောင်းကို အသေးစိတ်သိထားဖို့ လိုပါတယ်။ နေရောင်ခြည်ဟာ ဒီကမ္ဘာကြီးအတွက်တော့ စွမ်းအင်တွေရဲ့ အခြေခံအရင်းအမြစ်ဖြစ်ပါတယ်။ နေရောင်ခြည်ဟာ ခန္ဓာကိုယ်ကို ကျန်းမာအောင်ကုစားရာမှာ လိုအပ်တဲ့ ဓာတုဓာတ်ပြုမှုတွေဖြစ်ပေါ်စေဖို့ အစပြုပေးပါတယ်။ နေရောင်ခြည်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကို ဖြည့်တင်းပေးပြီး အရေပြားပေါ်က အရောင်ခြယ်ပမာဏကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ နေရောင်ခြည်ရဲ့ စွမ်းအင်တွေကို ကန့်သတ်အသုံးချနိုင်မယ်ဆိုရင် ခန္ဓာကိုယ်နဲ့ အရေပြားပေါ်က ပိုးမွှားတွေကို သေစေနိုင်ပြီး ကောင်းကျိုးဖြစ်စေနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က ဝက်ခြံကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး ဝက်ခြံပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ဝက်ခြံပေါက်တဲ့နေရာတဝိုက်က ရောင်ရမ်းနီရဲမှုတွေကိုလည်း လျော့ကျစေပါတယ်။

ဘယ်လိုပဲကောင်းကျိုးပေးနေပါစေ “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့စကားအတိုင်း နေရောင်ခြည်ပမာဏများသွားတယ်ဆိုရင် အရေပြားအတွက် သိပ်ကိုအန္တရာယ်ပေးနိုင်ပါတယ်။ သင့်တော်တဲ့နေရောင်ခြည်ပမာဏက ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်ပေမဲ့လည်း နေရောင်ခြည်ပမာဏများတဲ့အခါမှာတော့ အရေပြားကို ဓာတ်မတည့်မှုတွေဖြစ်စေပြီး ဘက်တီးရီးယားတွေကို ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ နေရောင်ခြည်ထိတွေ့မှုပမာဏများပြားတဲ့အခါမှာ အသားအရေနေလောင်ခြင်း၊ အရေပြားဆဲလ်သေတွေကြောင့် ဖြစ်ပေါ်လာရတဲ့ နီခရိုစစ် (necrosis) အနာရောဂါဖြစ်ခြင်း၊ အမည်းစက်နဲ့ မှဲ့ခြောက်များဖြစ်ပေါ်ခြင်းတို့အပြင် အခန့်မသင့်ပါက အရေပြားကင်ဆာဖြစ်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

နောက်တစ်ခုသိထားသင့်တဲ့အချက်က လူတစ်ဦးနဲ့တစ်ဦး နေရောင်ခြည်ဒဏ်ခံနိုင်တဲ့ ပမာဏခြင်းမတူဘူးဆိုတာပါပဲ။ အသားဖြူတဲ့သူနဲ့ အသားမည်းတဲ့သူတွေမှာ အသားမည်းတဲ့သူတွေက နေရောင်ခြည်ဒဏ်ကို ပိုခံနိုင်ပါတယ်။ အသားအရေမှာ မယ်လနင်ဓာတ်ပါဝင်မှုများတဲ့သူတွေက နေရောင်ခြည်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိတာကြောင့် အသားညိုလေလေ နေရောင်ကို ပိုမိုခံနိုင်လေလေပါပဲ။

ဒါကြောင့် ဝက်ခြံတွေပျောက်ကင်းစေဖို့ နေရောင်ခြည်နဲ့ကုသတော့မယ်ဆိုရင် အားပျော့တဲ့နေရောင်ခြည်ဖြစ်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အရေပြားဆိုင်ရာရောဂါတွေကို ပိုမိုဖြစ်ပွားစေနိုင်တာကို သတိပြုပါ။

အလှအပရေးရာစာစောင်လေးကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။