မနက်ခင်းနိုးထလာတဲ့အချိန်မှာ လှပတဲ့ဆံကေသာလေးတွေကို ပိုင်ဆိုင်နိုင်စေဖို့

ဇာတ်ကားတွေ၊ TV ကြော်ငြာတွေထဲမှာ သရုပ်ဆောင်မင်းသမီးလေးတွေက သပ်ရပ်လှပတဲ့ ဆံနွယ်လေးတွေအတူ နိုးထလာတာကို မြင်ဖူးကြတယ်မဟုတ်လား။ “TV တွေထဲမှာပဲ ဒီလိုလှလှပပနိုးထလာနိုင်တယ်၊ လက်တွေ့မှာတော့ မနက်အိပ်ရာနိုးတိုင်း ဆံပင်တွေရှုပ်ပွနေတာပဲ” လို့ မထင်လိုက်ပါနဲ့။ လက်တွေ့ဘဝမှာလည်း လှပတဲ့ဆံနွယ်လေးတွေနဲ့အတူ နိုးထပြီး မနက်ခင်းတစ်ခုကို အစပျိုးနိုင်ပါတယ်။ အောက်ပါနည်းလမ်းတွေအတိုင်း လိုက်နာတယ်ဆိုရင်တော့ မနက်လင်းချိန်မှာ ပြိုင်ဘက်ကင်းတဲ့ ဆံကေသာအလှတရားကို ခံစားရမှာပါ။

၁။ ကျစ်ဆံမြီးကျစ်ပြီးမှ အိပ်ပါ။

ကျစ်ဆံမြီးကျစ်ပြီးအိပ်ခြင်းက ဆံသားကျိုးကြေတာ၊ ကြမ်းတမ်းတာတွေမဖြစ်အောင် ကာကွယ်ပေးပြီး ဆံသားမရှုပ်ထွေးအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ဆံပင်ဖြောင့်သူတွေအနေနဲ့ သာမန်ကျစ်ဆံမြီးလေးကျစ်သင့်ပြီး ဆံပင်ကောက်သူတွေအနေနဲ့ ကျစ်ဆံမြီးသေးသေးလေးတွေကို လိမ်ကောက်နေအောင် ကျစ်တာက ဆံပင်ကောက်သားကို ပိုမိုပေါ်လွင်လှပစေပါတယ်။

၂။ အုန်းဆီအနည်းငယ်လိမ်းအိပ်ပါ။

        ညအိပ်ရာဝင်ခါနီးမှာ အုန်းဆိလိမ်းအိပ်တာက ဆံသားကို ချောမွေ့ တောက်ပြောင်စေပါတယ်။ အုန်းဆီလိမ်းတဲ့အခါမှာ ပမာဏအနည်းငယ်သာလိမ်းဖို့ လိုအပ်ပြီး ဦးရေပြားကို မထိမိအောင် လိမ်းသင့်ပါတယ်။

၃။ ပိုးသားခေါင်းအုံးစွပ်နဲ့အိပ်ပါ။

ချည်သားခေါင်းအုံးစွပ်တွေက ဆံသားကို ကျိုးကြေစေတယ်၊ ဆံသားနှစ်ခွဖြစ်စေတယ်၊ ဆံပင်ကျွတ်စေတယ်။ ဒါကြောင့် ညအိပ်တဲ့အခါ နူးညံ့တဲ့ ပိုးသားခေါင်းအုံးစွပ်လေးတွေကို အသုံးပြုသင့်ပါတယ်။ ဒါမှမဟုတ် ညအိပ်တဲ့အခါ ခေါင်းကို ပိုးပုဝါပတ်ပြီး အိပ်လို့ရပါတယ်။ နူးညံ့တဲ့ပိုးသားလေးတွေကြောင့် မနက်အိပ်ရာနိုးတဲ့အခါ ဆံသားလေးတွေ ချောမွေ့နူးညံ့နေတာကို တွေ့ရမှာပါ။

၎။ ရှားစောင်းလက်ပပ် လိမ်းအိပ်ပါ။

ရှားစောင်းလက်ပပ်အနှစ်ကို ရေသန့်နဲ့ရောဖျော်ပြီး ရေဖျန်းဘူးထဲမှာထည့်ပါ။ ညအိပ်ခါနီးတိုင်း ဆံကေသာကို ရှားစောင်းလက်ပပ်ရည်လေး ဖျန်းပေးပါ။ ရှားစောင်းလက်ပပ်မှာ ဆံသားကို ချောမွေ့တောက်ပြောင်စေပြီး အစိုဓာတ်ထိန်းပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ Body Lotion လိမ်းအိပ်ပါ။

ညအိပ်ခါနီး ဆံသားကို body lotion အနည်းငယ်လိမ်းတာကလည်း ဆံသားအတွက် လိုအပ်တဲ့ ဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။ Body lotion ကို ဆံသားမှာ လိမ်းတဲ့အခါ ဆံပင်အဖျားတွေကို များများလိမ်းပေးပါ။

၆။ ဆံထုံးထုံးအိပ်ပါ။

ဆံပင်ရှည်သူတွေအတွက်ကတော့ ကျစ်ဆံမြီးကျစ်တာထက် ဆံထုံးထုံးတာက ပိုပြီးအဆင်ပြေပါတယ်။ အရင်ဆုံး ဆံပင်ကို ခပ်လျော့လျော့ စုစည်းလိုက်ပါ။ ပြီးတော့မှ ဆံထုံးမြင့်မြင့်လေး ထုံးလိုက်ပါ။ မနက်နိုးတဲ့အခါမှာ နှစ်ခွဖြစ်တာတွေ၊ ကျိုးကြေတာတွေ၊ ရှုပ်ထွေးတာတွေမရှိတဲ့ ဆံသားလှလှလေးကို ပိုင်ဆိုင်နိုင်မှာပါ။

၇။ Baby Shampoo နဲ့ ခေါင်းလျှော်ပါ။

ကလေးအသုံးအဆောင်ပစ္စည်းတွေမှာ နူးညံ့မှုကို အသားပေးတဲ့ပါဝင်ပစ္စည်းတွေကို အများဆုံးသုံးထားပါတယ်။ ဒါကြောင့် ညအိပ်ရာဝင်ခါနီးမှာ baby shampoo နဲ့ ခေါင်းလျှော်ပါ။ ခြောက်အောင်သုတ်ပြီး baby oil လေး လိမ်းအိပ်ပါ။ မနက်အိပ်ရာနိုးတဲ့အခါမှာ ကလေးလေးတွေလို သင်းပျံ့တဲ့ရနံ့လေးနဲ့ ချောမွေ့တောက်ပြောင်တဲ့ ဆံသားလေးတွေကို ပိုင်ဆိုင်စေနိုင်မှာပါ။

၈။ ကလေးပေါင်ဒါမှုန့်ကို သုံးပါ။

ဆံပင်သားတွေကို ကလေးပေါင်ဒါမှုန့်ဖြူးပါ။ ကျစ်ဆံမြီး သေးသေးလေးတွေကျစ်ပြီး ညအိပ်ရာဝင်ပါ။ မနက်အိပ်ရာနိုးရင်တော့ ဟောလိဝုဒ်မင်းသမီးတွေလို လှပပြီး စမတ်ကျတဲ့ ဆံနွယ်ခွေကောက်ကောက်လေးတွေ ပိုင်ဆိုင်နိုင်မှာပါ။

၉။ နိုင်လွန်စတော့ကင်သုံးပါ။

အရင်ဆုံး ဆံပင်ကို ရှင်းလင်းသွားအောင် ဖြီးသင်ပါ။ ဆံထုံးပြေပြေလေးထုံးပါ။ ထုံးထားတဲ့ ဆံထုံးပေါ်ကို နိုင်လွန်သား စတော့ကင်နဲ့အုပ်ပြီး ညအိပ်ရာဝင်ပါ။ မနက်မိုးလင်းလို့ ဆံထုံးလေးဖြေလိုက်ရင် နူးညံ့ချောမွေ့တဲ့ ဆံသားလေးတွေကို ပိုင်ဆိုင်နိုင်ပြီပေါ့။

၁ဝ။ ပလတ်စတစ်ပစ္စည်းတွေကိုပဲသုံးပါ။

သတ္တုနဲ့လုပ်တဲ့ ခေါင်းစည်းကြိုးတွေ၊ ကလစ်တွေက ဆံသားကို ပိုမိုပျက်စီးစေနိုင်ပါတယ်။ အထူးသဖြင့် ဆံပင်စည်းထားတဲ့အချိန်မှာပေါ့။ ဒါကြောင့် ဆံပင်နဲ့ ပတ်သက်တဲ့ accessories တွေကို ဝယ်ယူတဲ့အခါ ပလတ်စတစ်ပစ္စည်းတွေကိုပဲ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။