ဒီဆောင်းပါးလေး ဖတ်ပြီးမှ ဝိတ်လျှော့ပါ။

blank

သွယ်လျတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့က ပျိုမေတိုင်းရဲ့အိပ်မက်ပါ။ ခန္ဓာကိုယ်လေးလှပနေစေဖို့ အစားလျှော့ပြီး diet လုပ်တယ်၊ လေ့ကျင့်ခန်းလုပ်တယ်။ လိုချင်တဲ့ခန္ဓာကိုယ်ပုံစံမရလို့ စိတ်ညစ်ရတယ်၊ လိုချင်တဲ့ခန္ဓာကိုယ်ရပြန်တော့လည်း မကြာခင်မှာပဲ ပြန်ဝလာတယ်။ ဒါဟာ ကိုယ်အလေးချိန်လျှော့ချသူတိုင်းလိုလို ကြုံရတဲ့ ပြဿနာပါ။

ဒီတော့ ခန္ဓာကိုယ်အလေးချိန်လျှော့ချချင်တဲ့ ပျိုမေတို့အတွက် ကိုယ်အလေးချိန် လျှော့ချတဲ့အခါမှာ သိထားပြီး လိုက်နာသင့်တဲ့အချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ သင့်ကို စိတ်မချမ်းမသာဖြစ်စေတဲ့ diet plan ကို ရှောင်ပါ။

ကိုယ်အလေးချိန်လျှော့ချတဲ့ diet plan အတွင်းမှာ သင်အရမ်းစားချင်ပေမဲ့စားလို့မရတဲ့ အစားတစ်ခုခုကို စားမိလိုက်လို့ သင့်ကိုယ်သင်အပြစ်ရှိသလို ခံစားနေရတာမျိုး မဖြစ်သင့်ပါဘူး။ အရမ်းကြီး တင်းကျပ်စွာ diet မလုပ်ဘဲ လေ့ကျင့်ခန်းကိုပါ တွဲဖက်ပြုလုပ်တာမျိုး လုပ်သင့်ပါတယ်။ စိတ်ပျော်ရွှင်ဖို့က အဓိကပဲ မဟုတ်လား။

၂။ တင်းကျပ်လွန်းတဲ့ diet plan ကို ရှောင်ပါ။

သင့်ရဲ့ diet plan က တင်းကျပ်လွန်းရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်းမှုတွေ၊ စိတ်မတည်ငြိမ်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ အခန့်မသင့်ရင် အစားစားချိန်မမှန်ကန်တာတွေပါဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်အတွက် အသင့်တော်ဆုံး diet plan ကို နားလည်တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှ သတ်မှတ်တာ အကောင်းဆုံးဖြစ်ပါတယ်။

၃။ ဖြစ်နိုင်ချေရှိတဲ့ ကိုယ်အလေးချိန်ကိုပဲ လျှော့ချပါ။

တစ်ပတ်အတွင်း ပေါင် (၂ဝ) လျော့ကျတာတို့၊ ပေါင်ချိန် ၁၆ဝလောက်ရှိတဲ့ ခန္ဓာကိုယ်ကို တစ်လအတွင်း Victoria’s Secret မော်ဒယ်တွေလိုဖြစ်အောင် လျှော့ချတာတို့ဆိုတာ မဖြစ်နိုင်တဲ့ weight loss goal တွေပါ။ အချိန်တိုအတွင်း ဝိတ်တွေလုံးဝလျော့သွားအောင် ချနိုင်တယ်ဆိုရင်တောင် ဒါဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့နည်းနဲ့ ဝိတ်လျှော့တာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် မကြာခင်မှာ ပြန်ဝလာနိုင်တဲ့ ဝိတ်လျှော့နည်းပဲ ဖြစ်နိုင်မှာပါ။ ဒါကြောင့် ဝိတ်လျှော့ချင်တယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့နည်းတွေနဲ့ ဖြည်းဖြည်းချင်းလျှော့ချပါ။

၎။ သင့်ရဲ့စိတ်စွမ်းအားကို ယုံကြည်ပါ။

သင့်ရည်မှန်းချက်ပန်းတိုင်ကို ရအောင်တွန်းပို့ပေးနိုင်တာဟာ သင့်စိတ်စွမ်းအားပါ။ လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကိုရောက်အောင်ပြောင်းလဲပေးနိုင်တာကလည်း သင့်ရဲ့စိတ်ပါ။ ဒါကြောင့် ဘာအကြောင်းပဲရှိရှိ စိတ်မလျှော့လိုက်ပါနဲ့။ စိတ်မလျှော့မှ ဝိတ်လျော့နိုင်တာလေ။

၅။ နည်းနည်းနဲ့ ခဏခဏစားပါ။

ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချချင်တယ်ဆိုရင် ဗိုက်ဆာမှ စားတတ်တဲ့အကျင့်ကို ဖျောက်ပြီး ပမာဏနည်းနည်းလေးနဲ့ မကြာခဏစားတတ်တဲ့အကျင့်လုပ်ပါ။ ဒီလိုစားသောက်ပုံက ဗိုက်ဆာပြီး အစားအများကြီးစားမိတာမျိုးမဖြစ်အောင် ကာကွယ်ပေးပြီး metabolism ဖြစ်ပေါ်မှုနှုန်းကို မြန်ဆန်စေပါတယ်။

၆။ သင့်ရဲ့ဝိတ်လျှော့လုပ်ငန်းစဉ်ကို အမြဲတမ်းဆန်းစစ်ပြီး မှတ်တမ်းတင်ထားပါ။

Diet Plan စပြီဆိုတာနဲ့ နေ့တိုင်း ပေါင်ချိန်ပြီး မှတ်သားထားပါ။ ဒါဟာ ဝိတ်လျော့အောင် ကြိုးစားချင်တဲ့စိတ်ကို အမြဲတမ်းဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်အလေးချိန်ပြန်မတက်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

၇။ လေ့ကျင့်ခန်း မဖြစ်မနေလုပ်ပါ။

အစားလျှော့စားတဲ့ diet ဟာ ခန္ဓာကိုယ်အလေးချိန်ကိုပဲ လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အချိုးအစားကျနစွာ လှပစေဖို့ကတော့ လေ့ကျင့်ခန်းလုပ်ပြီး ပုံသွင်းယူမှ ရမှာပါ။ လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်ကို လှပစေရုံသာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေအများကြီး ဖြစ်ပေါ်စေနိုင်ပါတယ်။

ဂန္ထဝင်ပျိုမေများအားလုံး ကျော့ရှင်းသွယ်လျပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြစေရန်ရည်ရွယ်၍ ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆင်ပေးလိုက်ပါတယ်ရှင်။

မျှဝေပေးတဲ့အနေနဲ့ ဒီစာစောင်လေးကို SHARE လိုက်ပါနော်။