မျက်နှာအသားအရေကို ဖြူဝင်းလှပလာစေမယ့် သဘာဝနည်းလမ်းကောင်းလေးများ

blank

၁။ ပျားရည်နဲ့နွားနို့ကို အသုံးပြုပြီး မျက်နှာပေါင်းတင်နည်း။

ပျားရည်မှာ အသားအရေနဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့အကျိုးကျေးဇူးတွေ အများကြီးပါဝင်ပါတယ်။ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအတွက် ပျားရည်နဲ့ပေါင်းတင်တဲ့နည်းက သင့်တော်သလို အရေပြားပြဿနာတော်တော်များများကိုလည်း ပျားရည်က ဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ ပျားရည်ကိုသန့်စင်တဲ့နွားနို့စိမ်းနဲ့ ရောစပ်လိုက်ရင်တော့ အသားအရေကောင်းမွန်အောင်ထိန်းသိမ်းဖို့အတွက် အကောင်းဆုံးပေါင်းတင်ဆေးနည်း တစ်လက်ဖြစ်သွားပါပြီ။

ပါဝင်ပစ္စည်းများ

ပျားရည် – စားပွဲတင်ဇွန်းတစ်ဇွန်း

နွားနို့စိမ်း – စားပွဲတင်ဇွန်းတစ်ဇွန်း

ပျားရည်နဲ့နွားနို့ကို ဖန်ခွက်တစ်ခွက်ထဲထည့်ပြီး ရောမွှေလိုက်ပါ။ မျက်နှာသစ်ဆေးနဲ့ သေချာသန့်စင်ထားတဲ့မျက်နှာပေါ်လိမ်းပါ။ ထို့နောက် မျက်နှာပြင်ပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာနှိပ်နယ်ပေးပါ။ မိနစ်နှစ်ဆယ်ခန့်ထားပြီးရင် ရေဆေးချလိုက်ပါ။

၂။ အာလူးအနှစ်နဲ့ရှောက်သီးကိုအသုံးပြုပြီး မျက်နှာပေါင်းတင်နည်း။

အာလူးအရည်နဲ့အနှစ်ဟာ အသက်အရွယ်ရလာချိန်မှာ အသားအရေတောက်ပမှုကို ထိန်းသိမ်းပေးနိုင်တဲ့သဘာဝဆေးစွမ်းကောင်းပဲဖြစ်ပါတယ်။ မျက်နှာပေါ်ကအရေးအကြောင်းတွေကိုဖယ်ရှားပေးပြီး ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်စေပါတယ်။ အဆီပြန်တဲ့အသားအရေအတွက် အာဟာရဖြစ်စေတဲ့ပေါင်းတင်ဆေးလည်းဖြစ်ပါတယ်။ ဗီတာမင် -C ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် အမည်းစက်တွေနဲ့ မျက်ကွင်းညိုတာတွေကိုပျောက်ကင်းစေပြီး အသားအရေကို စိုပြေစေပါတယ်။ ရှောက်သီးရဲ့အကျိုးကျေးဇူးတွေကတော့ အသားအရေကို ကြည်လင်တောက်ပစေပြီး အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ မျက်နှာပေါ်က ဆဲလ်အသေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ အာလူးအနှစ်နဲ့ရှောက်ရည်ကို ရောစပ်ပြီး ပေါင်းတင်ခြင်းအားဖြင့် မျက်နှာပေါ်က အမည်းစက်တွေကို ဖယ်ရှားပေးပြီး ဖြူဝင်းလှပစေပါတယ်။

ပါဝင်ပစ္စည်းများ

အာလူး – ခပ်သေးသေး ၁ လုံး

ရှောက်သီး – ၁ လုံး

အာလူးကို အခွံနွှာပြီး နူးညံ့တဲ့အနှစ်သားလေးတွေရတဲ့အထိ ကြိတ်စက်နဲ့ကြိတ်ပါ။ ရှောက်သီးကိုလည်း အရည်ဖျော်ပြီး အာလူးအနှစ်တွေထဲရောထည့်ပြီးမွှေပါ။ ထို့နောက် မျက်နှာသစ်ဆပ်ပြာနဲ့သန့်စင်ထားတဲ့မျက်နှာပေါ် လိမ်းလိုက်ပါ။ မိနစ်နှစ်ဆယ်ခန့်ထားပြီးရင် ရေနဲ့ဆေးချလိုက်ပါ။

၃။ ဒိန်ချဉ်နဲ့ ဂျုံကြမ်းမှုန့်ကိုအသုံးပြုပြီး မျက်နှာပေါင်းတင်နည်း။

       ဒီပေါင်းတင်နည်းလေးကတော့ မျက်နှာပေါ်မှာရှိတဲ့ အမည်းစက်နဲ့နေလောင်ကွက်တွေကို ဖယ်ရှားပြီး မျက်နှာကို ဖြူစင်ဝင်းပလာစေပါတယ်။ ဂျုံမှာပါတဲ့ဓာတ်တွေကတော့ မျက်နှာပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို ဖြူဝင်းလာစေပါတယ်။ ဒိန်ချဉ်ကတော့ အသားအရေရဲ့စိုပြေနူးညံ့မှုကို ထိန်းသိမ်းပေးနိုင်ပြီး ဝက်ခြံတွေကို သက်သာပျောက်ကင်းစေတဲ့ lactic acid နဲ့ alpha hydroxy acid တွေပါဝင်ပါတယ်။ ဒါ့ကြောင့် ဒိန်ချဉ်နဲ့ဂျုံကြမ်းမှုန့်ကိုရောစပ်ပြီး မျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးပြုခြင်းအားဖြင့် အသားအရေကို ချောမွတ်ဖြူဝင်းလာစေနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဒိန်ချဉ် – စားပွဲတင်ဇွန်းနှစ်ဇွန်း

ဂျုံကြမ်းမှုန့် – စားပွဲတင်ဇွန်းတစ်ဇွန်း

ဒိန်ချဉ်နဲ့ဂျုံကြမ်းမှုန့်ကို ဖန်ခွက်တစ်ခွက်ထဲရောထည့်ပြီး မွှေပါ။ ထို့နောက် မျက်နှာ၊ လည်ပင်းနဲ့ လက်မောင်းတွေပေါ်လိမ်းပြီး တစ်နေရာကို ငါးမိနစ်ခန့်ဖွဖွနှိပ်ပေးပါ။  မိနစ်နှစ်ဆယ်ခန့်ကြာရင် ရေနဲ့ဆေးချလိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ငှက်ပျောသီးနဲ့ဗာဒံစေ့အဆီကို အသုံးပြုပြီးမျက်နှာပေါင်းတင်နည်း။

ငှက်ပျောသီးမှာ အသားအရေကို ကျုံ့နိုင်ဆန့်နိုင်ပြီး ပျော့ပျောင်းနူးညံ့စေတဲ့ ဗီတာမင် C နဲ့ B6 ကြွယ်ဝစွာပါဝင်ပါတယ်။ ဗာဒံစေ့ဆီကတော့ အသားအရေအမျိုးအစားအားလုံးအတွက် သင့်တော်တဲ့သဘာဝဆီပဲဖြစ်ပါတယ်။ ဗာဒံစေ့ဆီမှာ ပါဝင်တဲ့ ဗီတာမင် E , A နဲ့D တို့က ခြောက်သွေ့တဲ့အသားအရေကို အစိုဓာတ်ထိန်းသိမ်းပေးနိုင်ပါတယ်။ ငှက်ပျောသီးနဲ့ဗာဒံစေ့အဆီကို ရောစပ်ပြီး မျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးပြုခြင်းအားဖြင့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် ထိခိုက်ပျက်စီးနေတဲ့အသားအရေတွေကို ပြန်လည်ကောင်းမွန်လာစေသလို မျက်နှာပေါ်က သွေးလည်ပတ်မှုကိုလည်း အားကောင်းစေပါတယ်။

ပါဝင်ပစ္စည်းများ

ငှက်ပျောသီးမှည့် – ၁ လုံး

ဗာဒံစေ့ဆီအချို – လက်ဖက်ရည်တစ်ဇွန်း

ကြိတ်ချေထားတဲ့ငှက်ပျောသီးတစ်လုံးနဲ့ ဗာဒံစေ့ဆီတွေကို ရောစပ်ပြီး သန့်စင်ထားတဲ့မျက်နှာပေါ် လိမ်းလိုက်ပါ။ ထို့နောက် မိနစ်နှစ်ဆယ်ခန့်ထားပြီး ရေဆေးချလိုက်ပါ။

၅။ လိမ္မော်ခွံနဲ့စန္ဒကူးအမှုန့်ကိုသုံးပြီး ပေါင်းတင်နည်း။

လိမ္မော်ခွံမှာ ကယ်လစီယမ်နဲ့ ဗီတာမင် C ဓာတ်တွေ လုံလောက်စွာပါဝင်နေပါတယ်။ အဲ့ဒီဓာတ်တွေက မျက်နှာပေါ်က နေလောင်ဒဏ်နဲ့ အမည်းစက်တွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ကောင်းမွန်စေပါတယ်။ စန္ဒကူးကတော့ အရေပြားပြဿနာတွေအတွက် ဖော်စပ်တဲ့ဆေးတွေမှာ စန္ဒကူးအမှုန့်ကို ထည့်သွင်းဖော်စပ်ကြလေ့ရှိပါတယ်။ ဒါ့ကြောင့် လိမ္မော်ခွံအမှုန့်နဲ့ စန္ဒကူးအမှုန့်ကို ရောစပ်ပြီးမျက်နှာပေါင်းတင်ပေးခြင်းအားဖြင့် အသားအရေ ကျန်းမာလှပမှုနဲ့ ဖြူဝင်းလာမှုကို တစ်ပြိုင်တည်းပိုင်ဆိုင်ခွင့်ရစေမှာပါ။

ပါဝင်ပစ္စည်းများ

လိမ္မော်ခွံအမှုန့် – စားပွဲတင်ဇွန်းတစ်ဇွန်း

စန္ဒကူးအမှုန့် – စားပွဲတင်ဇွန်းတစ်ဇွန်း

လိမ္မော်ခွံအမှုန့်နဲ့စန္ဒကူးအမှုန့်တို့ကို ဖန်ခွက်တစ်ခွက်ထဲမှာရောထည့်ပြီး ရေအနည်းငယ်ထည့်ပါ။ သမမျှတအောင်မွှေပြီး သန့်စင်ထားတဲ့မျက်နှာနဲ့လည်ပင်းပေါ်မှာ လိမ်းလိုက်ပါ။ ထို့နောက်  ငါးမိနစ်ခန့်နှိပ်နယ်ပေးပါ။ ဆယ့်ငါးမိနစ်ခန့်ကြာရင် ရေကိုဆေးချလိုက်ပါ။

၆။ မန်ကျည်းသီးမှည့်နဲ့ကုလားပဲမှုန့်ကိုအသုံးပြုပြီး မျက်နှာပေါင်းတင်နည်း။

မန်ကျည်းသီးမှည့်က အရေပြားပေါ်မှ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်သလို ခြောက်သွေ့တဲ့အသားအရေကိုလည်း စိုပြေစေပါတယ်။ အနီအပိန့်များထတဲ့အရေပြားရောဂါ၊ ခူနာရောဂါတွေကိုကုသရာမှာ အသုံးပြုတဲ့ဆေးတစ်လက်ဖြစ်ပါတယ်။ ကုလားပဲမှုန့်ကတော့ နေလောင်ကွက်တွေကို ပျောက်ကင်းစေပြီး အသားအရေကိုဖြူစင်ဝင်းပစေပါတယ်။ မန်ကျည်းသီးမှည့်နဲ့ ကုလားပဲမှုန့်ကို ရောစပ်ပြီးပေါင်းတင်ဆေးအဖြစ် အသုံးပြုခြင်းအားဖြင့် မျက်နှာလေး ချောမွေ့ဖြူစင်ဝင်းပလာမှာပါ။

ပါဝင်ပစ္စည်းများ

မန်ကျည်းသီးမှည့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း

ကုလားပဲမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း

မန်ကျည်းသီးအမှည့်၊ ကုလားပဲမှုန့်နဲ့ နွားနို့တစ်ဇွန်းကို ဖန်ခွက်တစ်ခွက်ထဲရောထည့်ပြီး မွှေပါ။ ထို့နောက် သန့်စင်ထားတဲ့မျက်နှာပေါ် လိမ်းပါ။ ဆယ့်ငါးမိနစ်ခန့်ထားပြီး ရေနဲ့ဆေးချလိုက်ပါ။

၇။ ခရမ်းချဉ်သီးနဲ့သခွားသီးကို အသုံးပြုပြီး မျက်နှာပေါင်းတင်နည်း။

ခရမ်းချဉ်သီးကို နေလောင်ဒဏ်ခံနိုင်တဲ့စွမ်းရည်တွေပါရှိသလို အသားအရေရဲ့ပိုလျှံနေတဲ့အဆီတွေကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ သခွားသီးအရည်နဲ့အနှစ်က အသားအရေကို ကျန်းမာလှပစေပြီး အနာရွတ်တွေနဲ့ မှဲ့ခြောက်တွေကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့ကြောင့် ခရမ်းချဉ်သီးနဲ့သခွားသီးကို ရောစပ်ပြီး ပေါင်းတင်ခြင်းအားဖြင့် မျက်ကွင်းညိုတာသက်သာစေသလို အသားအရေကို ဖြူစင်ဝင်းပလာစေပါတယ်။

ပါဝင်ပစ္စည်းများ

ခရမ်းချဉ်သီး – ခပ်သေးသေး ၁ လုံး

သခွားသီး – တစ်ဝက်

ကြိတ်ချေထားတဲ့ခရမ်းချဉ်သီးနဲ့ သခွားသီးကို ခွက်တစ်ခွက်ထဲရောမွှေလိုက်ပါ။ သန့်စင်ထားတဲ့မျက်နှာပေါ် လိမ်းပြီး မိနစ်နှစ်ဆယ်ခန့်အကြာမှာ ရေနဲ့ဆေးချလိုက်ပါ။

၈။ သစ်ကြားသီးနဲ့မလိုင်ကိုအသုံးပြုပြီး မျက်နှာပေါင်းတင်နည်း။

သစ်ကြားသီးမှာ ဗီတာမင် E နဲ့ B တို့ပါဝင်တဲ့အတွက်  အသားအရေရဲ့အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ အသားအရေကို အာဟာရဖြစ်စေပြီး စွတ်စိုမှုကိုထိန်းသိမ်းပေးနိုင်သလို ဆဲလ်အသစ်ဖြစ်ခြင်းကိုလည်း အားပေးပါတယ်။ မလိုင်ကတော့ ခြောက်သွေ့ပြီး အသားပပ်တတ်တဲ့အသားအရေ အတွက် အစိုဓာတ်ထိန်းသိမ်းပေးနိုင်ပါတယ်။ သစ်ကြားသီးနဲ့မလိုင်ကိုရောစပ်ပြီး မျက်နှာကိုပေါင်းတင်ပေးခြင်းအားဖြင့် အသားအရေမညီညာမှုကို ညီညာအောင်ပြုလုပ်ပေးနိုင်ပြီး မျက်ကွင်းညိုတာကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

သစ်ကြားသီး – ၄လုံး သို့မဟုတ် ၅ လုံး

မလိုင် – စားပွဲတင်ဇွန်းတစ်ဇွန်း

တစ်နာရီကြာအောင်ရေစိမ်ထားပြီး ကြိတ်ချေထားတဲ့ သစ်ကြားသီးအနှစ်နဲ့မလိုင်ကိုရောမွှေလိုက်ပါ။ ထို့နောက် သန့်စင်ထားတဲ့မျက်နှာပေါ်နဲ့ လည်ပင်းမှာလိမ်းပြီး ငါးမိနစ်ခန့်နှိပ်နယ်ပေးပါ။ မိနစ်နှစ်ဆယ်ခန့်အကြာမှာ ရေနဲ့ဆေးချလိုက်ပါ။

၉။ စတော်ဘယ်ရီသီးနဲ့နွားနို့ကို အသုံးပြုပြီးမျက်နှာပေါင်းတင်နည်း။

စတော်ဘယ်ရီသီးမှာ ellagic acid ပါဝင်တဲ့အတွက်ကြောင့် နေလောင်ခံတဲ့အစွမ်းသတ္တိရှိသလို မျက်နှာပေါ်မှာရှိတဲ့အမာရွတ်တွေ၊ ဝက်ခြံတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ပြီးတော့ ဗီတာမင် C နဲ့  folic acid လည်းပါဝင်တဲ့အတွက် ဆဲလ်အသစ်တွေဖြစ်ပေါ်လာအောင် အားပေးပါတယ်။ စတော်ဘယ်ရီသီးနဲ့နွားနို့ကို ရောစပ်ပြီး မျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးပြုခြင်းအားဖြင့် ဖြူဝင်းလှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာပါ။

ပါဝင်ပစ္စည်းများ

စတော်ဘယ်ရီသီးမှည့် – ၂ လုံး

နွားနို့စိမ်း – စားပွဲတင်ဇွန်းတစ်ဇွန်း

ကြိတ်ချေထားတဲ့စတော်ဘယ်ရီသီးမှည့်ကို နွားနို့စိမ်းနဲ့ရောပြီး မွှေလိုက်ပါ။ ထို့နောက် သန့်စင်ထားတဲ့မျက်နှာပေါ်လိမ်းပါ။ မိနစ်နှစ်ဆယ်ခန့်အကြာမှာ ရေနဲ့ဆေးချလိုက်ပါ။

၁ဝ။ သင်္ဘောသီးနဲ့ပျားရည်ကိုအသုံးပြုပြီး မျက်နှာပေါင်းတင်နည်း။

သင်္ဘောသီးမှာ အသားအရေကို အသစ်ဖြစ်စေတဲ့အင်ဇိုင်းဓာတ်တွေကြွယ်ဝစွာ ပါဝင်ပါတယ်။ ပြီးတော့ အသားအရေကို အစိုဓာတ်ထိန်းသိမ်းပေးပြီး ကူးစက်ရောဂါတွေက ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် A, C နဲ့ E လည်းပါဝင်ပါတယ်။ နေရောင်ခြည်ဒဏ်ကလည်း ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့အရေးအကြောင်းတွေနဲ့ အစက်အပြောက်တွေကိုလည်း လျှော့ချပေးနိုင်တယ်။ ဒါ့ကြောင့် သင်္ဘောသီးကို ပျားရည်နဲ့ရောစပ်ပြီး မျက်နှာပေါင်းတင်ပေးခြင်းအားဖြင့် အစက်အပြောက်တွေကို ပျောက်ကင်းစေပြီး မျက်နှာလေးကို ဖြူစင်ဝင်းပလာစေပါတယ်။

ပါဝင်ပစ္စည်းများ

ကြိတ်ချေထားတဲ့သင်္ဘောသီး – ဖန်ခွက်တစ်ဝက်

ပျားရည် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း

ကြိတ်ချေထားတဲ့သင်္ဘောသီးအနှစ်တွေကို ပျားရည်နဲ့ရောစပ်ပြီး မွှေလိုက်ပါ။ သန့်စင်ထားတဲ့ မျက်နှာပေါ်လိမ်းပါ။ ထို့နောက် မိနစ်နှစ်ဆယ်ခန့်ထားပြီး ရေဆေးချလိုက်ပါ။

အသားအရေဖြူဝင်းလာစေဖို့ အကြံပြုချက်လေးတွေ

၁။ မအိပ်ခင် မျက်နှာပေါ်ကမိတ်ကပ်တွေကုန်စင်အောင် ဖျက်ပစ်ဖို့ မမေ့ပါနဲ့။

၂။ အသားအရေရဲ့အစိုဓာတ်ထိန်းသိမ်းပေးတဲ့ ခရင်မ်တွေကို မှန်မှန်လိမ်းပါ။

၃။ အသားအရေကို နေရောင်ခြည်ဒဏ်မှမထိခိုက်အောင်ကာကွယ်ပါ။

၎။ ချေးချွတ်ဆေး ဒါမှမဟုတ် အန္တရာယ်များတဲ့ဓာတုပစ္စည်းပါတဲ့အလှကုန်တွေကို အသုံးမပြုပါနဲ့။