ဆားဟာ အလှအပအတွက် များစွာအထောက်အကူပြုတယ်ဆိုတာ သင်သိပြီးပြီလား။

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ….

ကျွန်မတို့အားလုံးဟာ “ဆား” လို့ဆိုလိုက်တာနဲ့ ဟင်းချက်တဲ့နေရာမှာ အသုံးပြုတဲ့အရာလို့ပဲ ပြေးမြင်တတ်ကြပါတယ်။ အဲဒီ့ဆားဟာ ဟင်းတွေကို အရသာကောင်မွန်စေရုံသာမက ကျွန်မတို့ရဲ့ အလှအပအတွက်လည်း များစွာ အထောက်အကူပြုနေပါတယ်။ ဒီတစ်ပတ်မှာတော့ ဆားရဲ့ အလှအပအတွက် အသုံးဝင်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ မျက်နှာအသားအရေရဲ့အစိုဓာတ်ကို ထိန်းညှိပေးတဲ့ ပေါင်းတင်ပစ္စည်း။

ဆားနဲ့ပျားရည်မှာ မျက်နှာပြင်ရဲ့ အဆီပြန်မှုနဲ့ အစိုဓာတ်ကို မျှတအောင် ထိန်းညှိပေးနိုင်တဲ့အစွမ်းသတ္တိတွေပါဝင်ပါတယ်။

ပြုလုပ်နည်း – ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်းနဲ့ ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း ၄ ဇွန်းကို ရောမွှေပါ။ ထို့နောက် မျက်လုံးနေရာတွေကို ရှောင်ပြီး မျက်နှာပြင်အနှံ့လိမ်းပြီး ၁၅မိနစ်ခန့် ထားပါ။ လက်ကိုင်ပုဝါသန့်သန့်လေးကို ရေဆွတ်ပြီး စက္ကန့် ၃ဝခန့် မျက်နှာကို အုပ်ထားပါ။ ပြီးနောက် မျက်နှာကို ရေနွေးနွေးလေးနဲ့ အသာအယာဆေးချလိုက်ပါ။ အဆီပြန်မှုကင်းပြီး စိုပြေလှပတဲ့ မျက်နှာအသားအရေလေးကို ရရှိစေနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ အဆီပြန်ခြင်းကို ထိန်းချုပ်ပေးတဲ့ toner။

ဆားက အရေပြားရဲ့အတွင်းပိုင်းအလွှာအထိ သန့်ရှင်းပေးနိုင်ပါတယ်။ အဆီပြန်ခြင်းကို ထိန်းချုပ်ပေးတဲ့အပြင် ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

ပြုလုပ်နည်း – ဆားလက်ဖက်ရည်ဇွန်း ၁ဇွန်းကို ရေနွေး ၄အောင်စနဲ့ရောပြီး ရေဖျန်းပုလင်းလေးထဲကို ထည့်ပါ။ ဆားကို ရေမှာ အပြည့်အဝ ပျော်ဝင်ပါစေ။ မျက်လုံးနေရာတွေကိုရှောင်ပြီး ခြောက်သွေ့သန့်ရှင်းတဲ့ မျက်နှာကို တစ်နေ့နှစ်ကြိမ်ဖြန်းပေးခြင်းဖြင့် အဆီပြန်ခြင်းကင်းဝေးတဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်စေမှာပါ။

၃။ အသားအရေကို နူးညံ့စေတဲ့ Scrub။

အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကလည်း ဆားရဲ့ထူးခြားတဲ့ဂုဏ်သတ္တိတစ်မျိုးပါ။ အသားအရေကို နူးညံ့စေတဲ့အပြင် ရေဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

ပြုလုပ်နည်း – သံလွင်ဆီ ခွက်တစ်ဝက်ခန့် ထဲကို ဆားများများထည့်ပြီး ပျစ်ပျစ်လေးဖြစ်အောင် မွှေပါ။ ရေမချိုးခင် တစ်ကိုယ်လုံးကိုသုတ်လိမ်းပြီး ပွတ်တိုက်ချေးချွတ်ပါ။

၎။ စိတ်ကိုကြည်လင်လန်းဆန်းစေတဲ့ ဆားရေချိုးခြင်း။

ဆားက ခန္ဓာကိုယ်ပေါ်ကအညစ်အကြေးတွေ၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကိုစိုပြေနေအောင် ရေဓာတ်ထိန်းထားပေးနိုင်ပါတယ်။ ဆားထည့်ထားတဲ့ ရေထဲမှာ အကြာကြီး စိမ်ပြီးရေချိုးတာက အရေပြားပေါ်က နေလောင်ကွက်တွေကို ပျောက်ကင်းစေပြီး စိုပြေလှပစေပါတယ်။

ပြုလုပ်နည်း – ရေနွေးအပြည့်ဖြည့်ထားတဲ့ ရေချိုးကန်ထဲကို ဆားလက်တစ်ဆုပ်စာထည့်ပြီး ပျော်ဝင်သွားအောင် မွှေပါ။ ထိုဆားရည်ထဲမှာ မိနစ်၃ဝခန့်စိမ်ပြီးမှ ရေချိုးပါ။

၅။ ဦးရေပြားကို ဗောက်ကင်းစင်စေတဲ့ ဗောက်ပျောက်ဆေး။

ဆားက ဦးရေပြားကို နူးညံ့ပျော့ပျောင်းစေပြီး ဦးရေပြားအပေါ်က ဆဲလ်သေတွေ၊ ဗောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ဗောက်တွေကိုဖြစ်ပေါ်စေတဲ့ မှိုတွေကိုလည်း သေစေနိုင်ပါတယ်။

ပြုလုပ်နည်း – ဆံပင်ကို ရှုပ်မနေအောင် ခေါင်းဖီးထားပါ။ ဆားအနည်းငယ်ကို ဦးရေပြားပေါ် ကျဲပက်ပါ။ ရေစိုနေတဲ့လက်နဲ့ ဆားအမှုန့်လေးတွေကို ဦးရေပြားအနှံ့ ၁၅မိနစ်ခန့် ပွတ်တိုက်ပြီး သင်နှစ်သက်ရာခေါင်းလျှော်ရည်၊ ပေါင်းဆေးတို့ကိုသုံးပြီး ခေါင်းလျှော်လိုက်ပါ။

၆။ သဘာဝသွားဖြူဆေး။

ဆားနဲ့ မုန့်ဖုတ်ဆိုဒါကို ရောသုံးပေးပါက သွားပေါ်က အစွန်းအထင်းတွေ ကင်းစင်စေပြီး သွားတွေကို ဖြူစင်တောက်ပစေပါတယ်။ ဆားမှာ ဖလိုရိုက်ဓာတ်လည်း ပါဝင်တာကြောင့် သွားတွေကို ခိုင်မာစေပါတယ်။

ပြုလုပ်နည်း – ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ဇွန်းကို ရောမွှေပါ။ သွားတိုက်တံမှာ ထိုအမှုန့််အရောကို သုတ်လိမ်းပြီး သွားတိုက်သလို တိုက်ပေးပါ။ အရသာမခံနိုင်ဘူးဆိုရင် ဆားနဲ့ဆိုဒါအမှုန့်မသုတ်လိမ်းခင် သွားတိုက်ဆေးနည်းနည်း အရင်သုတ်လိမ်းလိုက်ပါ။

၇။ သဘာဝခံတွင်းသန့်ဆေး။

ခံတွင်းအနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားတွေ၊ သွားပိုးတွေကို သေစေနိုင်တဲ့ သဘာဝပစ္စည်းတစ်မျိုးက ဆားပဲဖြစ်ပါတယ်။

ပြုလုပ်နည်း – ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ရေနွေးခွက်တစ်ဝက်စာထဲထည့်ပြီး ပျော်ဝင်အောင်ရောမွှေပါ။ ထို့နောက် ခံတွင်းတစ်ခုလုံး ပျံ့နှံ့သွားအောင် ပလုတ်ကျင်းပါ။
၈။ လက်သည်းကျန်းမာရေးအတွက် သဘာဝဆေး။

ဆားက လက်သည်းပေါ်မှာရှိတဲ့ ဖယောင်းလွှာကို နူးညံ့စေပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ ရှောက်သီးကတော့ လက်သည်းပေါ်က ဝါကျင်ကျင်အစွန်းတွေကို ချွတ်ပေးနိုင်ပြီး တောက်ပကျန်းမာတဲ့ လက်သည်းလေးတွေကို ပိုင်ဆိုင်စေနိုင်ပါတယ်။

ပြုလုပ်နည်း – ဆား၊ မုန့်ဖုတ်ဆိုဒါနဲ့ ရှောက်ရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းဆီကို ရေနွေးအနည်းငယ်နဲ့ ဇလုံငယ်လေးထဲမှာ ရောမွှေပါ။ ထိုဇလုံထဲမှာ လက်သည်းလေးတွေကို ၁ဝမိနစ်ခန့်စိမ်ထားပြီး နူးညံ့တဲ့ brush လေးနဲ့ တိုက်ချွတ်ဆေးကြောပါ။

အခုလောက်ဆိုရင် ဆားရဲ့ ဘက်စုံအသုံးဝင်ပုံတွေကို ဂန္ထဝင်ပရိသတ်ကြီး သိရှိသွားမယ်လို့ထင်ပါတယ်။ ကျွန်မတို့ရဲ့ အသားအရေ၊ ဆံကေသာ၊ ခြေသည်းလက်သည်းလေးတွေ လှပနေစေဖို့ အချိန်ကုန်၊ ငွေကုန်ခံပြီး တကူးတကပြင်ဆင်နေစရာမလိုတော့ပါဘူး။ ဆားတစ်ထုပ်တည်းနဲ့တောင် လုံလောက်ပြီနော်။ သင့်သူငယ်ချင်းတွေကိုလည်း အဖိုးတန်ရုံမက သုံးရလွယ်ကူတဲ့ ဆားကိုသုံးပြီးလှပစေမယ့် နည်းလေးတွေကို လက်ဆင့်ကမ်းဖို့ ဒီစာလေးကို SHARE ပေးပါဦး။