အမြန်ဆုံးဝိတ်ချနည်း။

blank

တစ်ရက်တစ်ရက် ပိုပိုတိုးလာတဲ့ ကျွန်တော့်ခန္ဓာကိုယ်ကို လျှော့ချဖို့အတွက် ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်ပြီး ဝိတ်ချအစီအစဉ်တစ်ခုကို ဝယ်ခဲ့တယ်။ သူတို့အပြောအရ အဲ့ဒီအစီအစဉ်အတိုင်းဆိုရင် တစ်ပတ်အတွင်း ၅ ပေါင်ကနေ ၁ဝပေါင်းအတွင်း ကျတယ်ဆိုပဲဗျ။

နောက်တစ်နေ့မနက် အစောကြီး ကုမ္ပဏီက ဖုန်းဆက်တယ်။ ကျွန်တော့်အိမ်ရှေ့မှာ အစီအစဉ် နံပါတ်တစ်ရောက်နေပြီတဲ့။ ကျွန်တော်တံခါးဖွင့်ကြည့်လိုက်ကော ၃၄၊ ၂၄၊ ၃၆ ခန္ဓာကိုယ်နဲ့ ကောင်မလေးတစ်ယောက်။ အားကစားဝတ်စုံ ချပ်ချပ်ရပ်ရပ်လေးကို ဝတ်ထားတော့ စဉ်းစားသာကြည့်ပေါ့။ ကောင်မလေးရဲ့ အင်္ကျီမှာရေးထားတာက “ကျွန်မကိုမိအောင်ဖမ်းနိုင်ရင်၊ ရှင်ပိုင်ပြီ” တဲ့။ ကျွန်တော်လည်း နှစ်ခါပြန်တောင် စဉ်းစားမနေဘူး။ ကောင်မလေးနောက်ကို ပြေးလိုက်တာပေါ့။ တော်တော်အပြေးသန်တဲ့ ကောင်မလေးဗျာ။ ၄၅ မိနစ်လောက်ပြေးလိုက်ပြီး ဘယ်လိုမှဆက်မလိုက်နိုင်တာနဲ့ လက်လျှော့လိုက်ရတယ်။

နောက်နေ့မနက်တွေမှာလည်း သူကလေး ရောက်လာပြန်တယ်။ အရင်နေ့တွေကလိုပဲ သူလေးကပြေး။ ကျွန်တော်က လိုက်ပေါ့။ လူဆိုးမလေးကို အခုထိမမိသေးဘူး။ ၅ ရက်မြောက်နေ့မှာ ပေါင်ချိန်ကြည့်တယ်။ တစ်ပတ်မပြည့်ခင်မှာပဲ ကျွန်တော် ၆ ပေါင်ကျနေပြီဗျ။ တစ်ပတ်အတွင်း ၁၅ ပေါင်ကျတဲ့ အစီအစဉ်ကို ထပ်ဝယ်လိုက်ပြန်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက်နေ့မနက်ရောက်လာတဲ့ ကောင်မလေးက အရင်ကောင်မလေးထက်တောင်လန်းသေး။ ဝိတ်ထားတဲ့အားကစားဝတ်စုံကလည်း သေးသေးလေးရယ်။ ဒီကကောင်ကလည်း ဘယ်ရမလဲ ရေကုန်ရေခမ်းပြေးလိုက်တော့တာပေါ့။ ဒါပေမဲ့ ငနဲမလေးက အရင်ကောင်မလေးထက် အပြေးမြန်တယ်ဗျ။ ပြေးလိုက်တာ ၅ ရက်သာရှိသွားတယ်။ သူကလေးရဲ့ ငါးပေအနီးကိုတောင် မရောက်ခဲ့ဘူး။  ဝိတ်ချိန်ကြည့်တော့ တကယ်ပဲ ၁ဝပေါင်တိတိ ကျသွားခဲ့ပြီ။

ဒါနဲ့ကျွန်တော်လည်း တစ်ပတ်အတွင်း ၂၅ ပေါင်ကျတဲ့ အစီအစဉ်တစ်ခုကို ထပ်ဝယ်လိုက်တယ်။ မနက်ရောက်လာမယ့် ကောင်မလေးဘယ်လောက်များကိတ်မလဲ တွေးတွေးပြီး အိပ်မရခဲ့ဘူး။ အရင်ကောင်မလေးထက် ဝတ်ထားတာ လန်းတယ်ဆိုရင်တော့ အရိုးကြေကြေ အရေခမ်းခမ်းမိအောင်ဖမ်းဖို့ ပိုင်းဖြတ်ထားတယ်ဗျာ။

နောက်တစ်နေ့မနက်ရောက်တော့ ကျွန်တော်ရင်တဖိုဖိုနဲ့ စောင့်နေမိတယ်။ ရောက်လာတော့ အရင်နေ့တွေတုန်းကလို စကီအလန်းလေး မဟုတ်တော့ဘူးဗျာ။ ကြွက်သား အဖုအထစ်တွေနဲ့ ဘဲတောင့်တောင့်တစ်ပွေဗျ။ အင်္ကျီမှာရေးထားတာကလည်း “ငါမင်းကိုဖမ်းမိရင်၊ မင်းကို ငါပိုင်ပြီ” တဲ့။ တောင်တောင်အီအီစဉ်းစားမနေတော့ပါဘူး။ အသက်ကိုလုပြီး ပြေးတော့တာပဲဗျို့။

ဒီလိုနဲ့ မောင်မင်းကြီးသားက မနက်တိုင်း ရောက်လာပြီး ကျွန်တော့်ကို လိုက်ဖမ်း ကျွန်တော်က အသားကုန်ပြေးပေါ့ဗျာ။ တစ်ပတ်ကြာလို့ ပေါင်ချိန်စက်ပေါ် တက်ကြည့်လိုက်တော့ ၃၃ ပေါင်တောင် ကျသွားပြီဗျ။

ခင်ဗျားတို့ကော…. ဝိတ်ချချင်သေးလား။