မျက်နှာအလှကို ဖျက်ဆီးနေတဲ့ ဆားဝက်ခြံတွေကို အလွယ်ကူဆုံးဖယ်ရှားရအောင်

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… မျက်နှာလှလှလေးမှာ ဝက်ခြံတွေ၊ ဆားဝက်ခြံတွေရှိနေတာက တကယ့်ကို စိတ်ပျက်စရာကောင်းလှပါတယ်ရှင်။ မျက်နှာပေါ်မှာ ဒီလိုဆားဝက်ခြံတွေဖြစ်နေတဲ့သူအချို့ဆိုရင် သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ဖို့တောင် မဝံ့မရဲဖြစ်နေကြပါတယ်။

ဒီတစ်ပတ်မှာတော့ ဆားဝက်ခြံနဲ့ ဝက်ခြံတွေကို ကုသဖို့ အလွယ်ဆုံးနည်းလမ်းလေးတစ်ခု တင်ဆက်ပေးမယ်။ ဆားဝက်ခြံတွေကို မိနစ်ပိုင်းအတွင်း ဖယ်ရှားပေးနိုင်တာကြောင့် လိုက်လုပ်ကြည့်ရအောင်နော်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပါဝင်ပစ္စည်းများ – ကြက်ဥတစ်လုံး၊ လက်ကိုင်ပုဝါ သန့်သန့်တစ်ထည်။

ပြုလုပ်နည်း

– ကြက်ဥကို ဖောက်ပြီး အကာကိုယူပါ။

– အနှစ်ကိုဖယ်လိုက်ပါ။

– ကြက်ဥအကာကို အမြှုပ်ထပြီး ပျစ်လာသည်အထိ ဇွန်းဖြင့် ခေါက်မွှေပါ။

– ပျစ်လာပြီဆိုရင် မျက်နှာအနှံ့ကို လိမ်းပါ။

– လက်ကိုင်ပုဝါကို အပိုင်းလေးတွေညှပ်ပြီး ဝက်ခြံတွေရှိနေတဲ့ မျက်နှာအစိတ်အပိုင်းတွေကို အုပ်ထားပါ။

– လိမ်းပြီးကျန်နေသေးတဲ့ ကြက်ဥအကာတွေကို လက်ကိုင်ပုဝါမှာပါ သုတ်လိမ်းပါ။

လက်ကိုင်ပုဝါ လုံးဝခြောက်သွားတဲ့အချိန်မှ မျက်နှာပေါ်ကခွာလိုက်ပါ။ မျက်နှာမှာ စပ်ဖျဉ်းဖျဉ်းခံစားရရင်၊ ယားယံလာရင် မကြောက်ပါနဲ့။ ဆားဝက်ခြံတွေ ထွက်သွားလို့ ဖြစ်တာပါ။ မကြာခင် ပုံမှန်အတိုင်းပြန်ဖြစ်သွားမှာပါ။

ဖယ်ထားတဲ့ ကြက်ဥအနှစ်ကို – မျက်နှာမှာ လိမ်းပြီး ၅မိနစ်ခန့်ထားပါ။ ထို့နောက် ရေနွေးလေးနဲ့ တစ်ကြိမ်၊ ရေအေးလေးနဲ့တစ်ကြိမ် ဆေးချပါ။

အကျိုးသက်ရောက်ပုံ – ကြက်ဥအကာမှာ အရေပြားကို အားဖြည့်ပေးတဲ့ ဓာတ်တွေ ပါဝင်ပြီး ဝက်ခြံနဲ့ ဆားဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ လက်ကိုင်ပုဝါနဲ့ တွဲသုံးလိုက်တဲ့အခါ မျက်နှာပေါ်က ဝက်ခြံဖြစ်စေတဲ့ အဆီနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။

အကောင်းဆုံးရလဒ်ရချင်ရင်တော့ တစ်ပတ်မှာ တစ်ကြိမ်ပဲ ပုံမှန်ပြုလုပ်ပေးပါ။