ပျော့ပျောင်းတဲ့ဆံနွယ်လေးရဖို့ ငွေကုန်၊ အချိန်ကုန်သက်သာစေမယ့် အိမ်တွင်း ပေါင်းတင်နည်း

blank

စာချစ်သူတို့ရေ…….

မိန်းကလေးတွေအနေနဲ့ မျက်နှာကိုပဲ လှပအောင် ပြင်နေလို့မရပါဘူး။ ဆံပင်ဆိုတာကလည်း မိန်းကလေးတွေရဲ့ဒုတိယမျက်နှာပါပဲ။ ဒါကြောင့် ဆံနွယ်တွေကို လှပအောင်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဆံနွယ်တွေကို ပေါင်းတင်ပေးမယ်ဆိုရင် အစိုဓာတ်ဆုံးရှုံးမှုကနေ ကာကွယ်ပေးပြီး ဆံပင်ကိုလည်း လိုအပ်တဲ့အာဟာရတွေ ဖြည့်တင်းပေးပါတယ်။ ငွေလည်း ချွေတာရာရောက်ပြီး အချိန်လည်း အများကြီးပေးစရာမလိုဘဲ အိမ်မှာပဲ ပေါင်းတင်လို့ရမယ့် နည်းလမ်းလေးရှိပါတယ်။ ပျိုမေတို့အတွက် အသုံးဝင်မယ်ဆိုရင် အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါနော်။

ပါဝင်ပစ္စည်းတွေကတော့…..

၁။ ငှက်ပျောသီးမှည့် (ဆံပင်အတိုအရှည်ပေါ်မူတည်ပြီး အနည်းအများရွေးချယ်ပါ)

၂။ ထောပတ် စားပွဲတင်ဇွန်းတစ်ဇွန်း

၃။ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်း

၎။ အုန်းဆီ စားပွဲတင်ဇွန်းတစ်ဇွန်း (ဆံသားအလွန်ခြောက်သူဆိုရင် အနည်းငယ်ပိုထည့်ပါ)

ငှက်ပျောသီးမှည့်မှာ anti oxidants၊ ပိုတက်ဆီယမ်နဲ့ အခြားအာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ပစ္စည်းတစ်ခုခုကို ငှက်ပျောသီးနဲ့ ပွတ်တိုက်ပေးမယ်ဆိုရင် ဝင်းလက်တောက်ပြောင်လာတာဟာ ငှက်ပျောသီးရဲ့ထူးခြားချက်ပါ။ ဒါ့အပြင် အစိုဓာတ်ကိုလည်း ထိန်းပေးတယ်။

သဘာဝအရ ပျားရည်ဟာ ဘက်တီးရီးယားတွေကို သေစေရုံသာမက အစိုဓာတ်ကိုလည်း ကောင်းစွာထိန်းပေးပါတယ်။ ဒါ့အပြင် ဆံသားကို နူညံ့စေတယ်။ ဆံပင်တွေ မွဲခြောက်ပြီး ကောက်ကွေးနေတာကို ကာကွယ်ပေးတယ်။

ထောပတ်မှာ anti oxidants နဲ့ ဗီတာမင် C ဓာတ်တွေ မြောက်မြားစွာ ပါဝင်ပါတယ်။ ဗီတာမင် C ဟာ ဆံသားမွဲခြောက်ခြင်းကို ကာကွယ်ပေးပြီး ဆံသားကို တောက်ပစေပါတယ်။ ထောပတ်က အစိုဓာတ်ထိန်းပေးတယ်။ ဆံပင်တွေ အရောင်လွင့်ခြင်းကနေ ကာကွယ်ပေးတယ်။ ပျားရည်နဲ့ထောပတ်ဟာ ဆံပင်အတွက် အရည်အသွေးကောင်းတဲ့ conditioner တစ်ခုလိုပါပဲ။

အုန်းဆီကတော့ ဆံသားခြောက်သွေ့ခြင်းအတွက် အထောက်အကူဖြစ်စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ခြောက်သွေ့ညိုမွဲနေတဲ့ဆံနွယ်တွေအတွက် ငှက်ပျောသီး၊ ပျားရည်၊ ထောပတ်တို့နဲ့ အိမ်မှာပဲ အလွယ်တကူပေါင်းတင်ဖို့ ဘယ်လိုပြုလုပ်ရမလဲဆိုတာကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

ပြုလုပ်ပုံကတော့…

  • ငှက်ပျောသီးကို အတုံးသေးသေးလေးတွေတုံးပြီး blender ထဲထည့်ပါ။
  • ပြီးရင် ထောပတ်နဲ့ပျားရည်ကို blender ထဲ ထပ်ထည့်ပါ။
  • ပုံမှန်နှုန်းနဲ့ မွှေပါ။
  • ချောမွေ့ပြီး ပျစ်ချွဲနေတဲ့ paste တစ်ခု ရလာပါလိမ့်မယ်။
  • အဲ့ဒီ paste ကို အရည်စစ်လိုက်ပါ။
  • အုန်းဆီကို အရည်စစ်ထားတဲ့ paste ထဲထပ်ထည့်ပါ။

အသုံးပြုပုံကတော့…..

ငှက်ပျောသီး၊ ပျားရည်၊ ထောပတ်နဲ့ အုန်းဆီတွေ ရောမွှေထားတဲ့ paste ကို ဆံပင်အရင်းကနေ အဖျားထိ လိမ်းပေးပါ။ ပြီးရင် ဆံပင်ကို စုချည်ပြီး shower cap စွပ်ထားပါ။ (သို့) Paste ကို ဆံပင်ပေါ် တစ်စက်ချင်းချပေးပါ။ အနည်းဆုံး နာရီဝက်ကြာအောင် ထားပေးပါ။ ပြီးရင် လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ပစ်လိုက်ပါ။

Paste ကိုနောက်ရက်တွေပါသုံးဖို့ ရေခဲသေတ္တာထဲမှာ နှစ်ရက်လောက်အထိ သိမ်းထားနိုင်ပါတယ်။

ဒီလိုပေါင်းတင်ခြင်းရဲ့ရလဒ်ကတော့……

ဆံသားတွေ ခြောက်သွေ့ပျက်စီးခြင်းမှ ကာကွယ်ပေးတယ်။

ဆံသားတွေကို အစိုဓာတ်ဖြည့်တင်းပေးပြီး ပျော့ပြောင်းနူညံ့စေတယ်။

ကောက်ကွေးကြမ်းတမ်းနေတဲ့ဆံသားတွေအတွက် ပုံသွင်းရလွယ်စေတယ်။

ဆံသားအရောင်ကို တောက်ပစေပြီး ပိတုန်းရောင်လို နက်မှောင်သန်စွမ်းစေတယ်။

ဒီပေါင်းတင်နည်းဟာ ဆံပင်အတွက် ဘာဆိုးကျိုးမှမဖြစ်စေတဲ့ သဘာဝနည်းလမ်းလေးဖြစ်ပါတယ်။

ဒါ့အပြင် မျက်နှာနဲ့ခန္ဓာကိုယ်အတွက်လည်း သုံးလို့ရပါတယ်။

ဒီပေါင်းတင်နည်းလေးနဲ့ ပျိုမေတို့ရဲ့ဆံသားလှပဖို့ ထိန်းသိမ်းလိုက်ပါ။

ပျိုမေတို့အတွက် ဒီနည်းလေးက အထောက်အကူဖြစ်စေတယ်ဆိုရင် မျှဝေလိုက်ပါဦးနော်။