လက်ထပ်ဖို့ အသင့်တော်ဆုံး အရွယ်တစ်ခု

blank

ဂန္ထဝင်ပရိသတ်ကြီးရေ…

အယူအဆမျိုးစုံ၊ ခံယူချက်မျိုးစုံဖြစ်တာကြောင့် နိုင်ငံအသီးသီးမှာ လက်ထပ်ဖို့ သင့်တော်ဆုံး အရွယ်သတ်မှတ်ပုံတွေ ကွဲပြားပါတယ်။

ပြီးတော့ လူငယ်တွေများသောအားဖြင့် ယူဆထားတာက တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးကြရင် လက်ထပ်လို့ရပြီပေါ့။ ဒါပေမဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုဆိုတာ ချစ်ခြင်းတစ်ခုတည်းနဲ့  တည်ဆောက်ယူလို့ မရပါဘူး။ ဒါကြောင့်  ချစ်သူနဲ့လက်ထပ်ဖို့ စဉ်းစားထားတယ်ဆိုတဲ့ ပရိသတ်တွေအနေနဲ့ ဒီမေးခွန်းလေးတွေ ဖြေကြည့်ခြင်းအားဖြင့် ကိုယ်တကယ် အိမ်ထောင်တစ်ခုကို တည်ထောင်ဖို့ အဆင်သင့်ဖြစ်ပီလား ဆိုတာကို သိနိုင်ပါတယ်။

လက်ထပ်ခါနီး ချစ်သူတွေအနေနဲ့ မိမိကိုယ်ကို ပထမဦးဆုံးမေးရမယ့် မေးခွန်းလေးကတော့ “အိမ်ထောင်တစ်ခုအတွက် ငွေရေး ကြေးရေး ခိုင်မာမှုရှိပြီလား” ဆိုတဲ့ မေးခွန်းလေးပဲဖြစ်ပါတယ်။

ချစ်သူနှစ်ဦးလက်ထပ်လိုက်တဲ့အခါ ချစ်သူဘဝကလို ရုပ်ရှင်အတူတူကြည့်တာ၊ ညစာအတူတူစားကြတာမျိုးတွေထက် အများကြီး ပိုလေးနက်လာပါပြီ။ အိမ်ထောင်ကျသွားတဲ့အခါ အပျိုလူပျိုဘဝကလို မိဘတွေဆီကနေ လက်ဖြန့်ပြီးတောင်းဖို့ မသင့်တော်တော့တဲ့အတွက် အိမ်ထောင်တစ်ခု ကောင်းကောင်းရပ်တည်နိုင်ဖို့ အာမခံချက်ရှိတဲ့ အလုပ်တစ်ခု ရှိဖို့လိုပါပြီ။ ဒါကြောင့် အိမ်ထောင်သည်ဘဝမှာ ကြုံတွေ့လာနိုင်တဲ့ ငွေရေးကြေးရေး ပြသနာတွေကို ဖြေရှင်းနိုင်တဲ့ ခိုင်မာမှု ရှိတဲ့ အလုပ်တစ်ခုရှိပြီလားဆိုတာ ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒုတိယမေးခွန်းလေးကတော့ “အိမ်ထောင်သည်ဘဝမှာ ကြုံရမယ့် လောကဓံအတွက် စိတ်ဓါတ်ခိုင်မာမှုရှိပြီလား” ဆိုတဲ့ မေးခွန်းလေးပဲဖြစ်ပါတယ်။

လက်ထပ်ပြီးတဲ့အခါ ကိုယ်ရဲ့ လက်တွဲဖော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေဟာလည်း ကိုယ်နဲ့သက်ဆိုင်လာပါပြီ။  မိဘအရိပ်အောက်မှာ အပူပင်မရှိဘဲ လွတ်လပ်ပျော်ရွှင်တဲ့ဘဝမျိုးနဲ့ မတူတဲ့ အိမ်ထောင်သည်ဘဝ ကြုံရမယ့်လောကဓံကို ရင်ဆိုင်ဖို့နှစ်ယောက်လုံး ရင့်ကျက်တည်ငြိမ်ဖို့ လိုပါတယ်။ ဒါကြောင့် အဲဒီလောကဓံတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ယုံကြည်မှုရှိရှိဖြေရှင်းနိုင်ပြီလားဆိုတာ ကိုယ့်ကိုယ်ကိုမေးကြည့်ဖို့လိုပါတယ်။

အိမ်ထောင်သည်ဘဝဆိုတာ ဆိုဖာပေါ်မှာ အခန့်သားထိုင်ပြီး ဇာတ်လမ်းတွဲတွေ ကြည့်နေရတဲ့ ဘဝ၊ ကိုယ်စားထားသမျှတွေကို မငြီးမငြူနဲ လိုက်သိမ်းပေးသူရှိတဲ့ ဘဝတွေနဲ့ လားလားမှမသက်ဆိုင်တော့တဲ့ အခြေအနေတစ်ခုပါ။   ကိုယ့်လက်တွဲဖော်ရဲ့ ကိုယ်သည်းမခံနိုင်လောက်တဲ့ အမူအကျင့်တွေကို သည်းခံရတော့မယ်။ လက်ထပ်ခြင်းဆိုတာ ချစ်သူကို အပြန်အလှန် အလျှော့ပေးညှိနှိုင်းမှုတွေ၊ စွန့်လွတ်မှုတွေ ပြုလုပ်ရတော့မယ့်အရာဖြစ်တဲ့အတွက် တတိယမေးခွန်းဖြစ်တဲ့ “ ငယ်ရွယ်စဉ်က ပိုင်ဆိုင်ခဲ့တဲ့ အဆင်ပြေမှုတွေ၊ လွတ်လပ်ခွင့်တွေ စွန့်လွှတ်နိုင်ပြီလား” ဆိုတဲ့ မေးခွန်းလေးကိုလည်း ကိုယ့်ကိုယ်ကိုမေးကြည့်ဖို့လိုပါတယ်။

စတုတ္ထမေးခွန်းလေးကတော့ “သင့်လက်တွဲဖော်ရဲ့ အားနည်းချက်တွေ သည်းခံခွင့်လွှတ်နိုင်ပြီလား” ဆိုတဲ့ မေးခွန်းလေးပဲဖြစ်ပါတယ်။

အကောင်းအဆိုးဒွန်တွဲနေတဲ့ လောကကြီးမှာ လက်ထပ်လိုက်ပြီဆိုတာနဲ့ လက်တွဲဖော်ရဲ့ အားသာချက်တွေနဲ့အတူ အားနည်းချက်တွေကိုလည်း လက်ခံရတော့မှာဖြစ်ပါတယ်။  ဥပမာ- အိပ်ရင် ဟောက်တတ်တာ၊ ည ခဏခဏ ထတတ်တာ၊ သန့်သန့်ရှင်းရှင်း မနေတတ်တာစတဲ့ အသေးအဖွဲလေးတွေဟာ ချစ်စခင်စမှာ ပြဿနာမရှိပေမဲ့ ကြာလာတဲ့အခါ အဖုအထစ်တွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိမိချစ်သူရဲ့ အပြစ်အနာအဆာတွေ ခွင့်လွှတ်နိုင်ရဲ့လား ဆိုတဲ့ မေးခွန်းကလဲ လက်မထပ်ခင်မှာ မဖြစ်မနေမေးရမှာပါ။

နောက်ဆုံးမေးခွန်းကတော့ “တစ်ယောက်နဲ့တစ်ယောက် အကြိုက် မတူကြတာတွေကိုရော ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပြီလား” ဆိုတဲ့ မေးခွန်းလေးပဲဖြစ်ပါတယ်။

အိမ်ထောင်ကျပြီးအတူတူနေတဲ့အခါ သေးငယ်တဲ့ မတူညီမှုလေးတွေကလည်း ပြဿနာကို ဦးတည်စေပါတယ်။ ဥပမာ- အိမ်ထောင်ဖက်က  ဂိမ်းဆော့ချင်တယ်။ ကိုယ်က တီဗီရှိုးတွေကြည့်ချင်တယ်။ တစ်ယောက်က တရုတ်အစားအစာ နှစ်သက်သလောက်၊ အခြားတစ်ယောက်က အိန္ဒိယ အစားအသောက်တွေကို မက်မက်မော စားတတ်တယ်ဆိုပါတော့။ ချစ်သူဘဝမှာ ဒီလိုမတူညီမှုလေးတွေက ချစ်စရာတောင်ကောင်းနေတတ်ပေမဲ့ နှစ်ယောက်အတူတူနေတဲ့အခါမှာတော့ ချက်ပြုတ်ရတာကအစ အတော် အဆင်မပြေဖြစ်သွားပါတယ်။ အဲဒီလိုအခါမျိုးမှာ တစ်ယောက်ကိုတစ်ယောက်နားလည်ပေးပြီး နှစ်ယောက်လုံးအဆင်ပြေမယ့်နည်းလမ်းတစ်ခုကို ညှိနှိုင်းဖို့အဆင်သင့်ဖြစ်ပြီလားဆိုတာကလဲ သိပ်ကိုအရေးပါပါတယ်။

သင်ရော ဘယ်အရွယ်မှာ လက်ထပ်ဖို့ အသင့်တော်ဆုံးလို့ ထင်ပါသလဲ ။ Comment box မှာ မျှဝေပေးခဲ့ပါဦးနော်။