ဖုန်းလေးကို ခဏမေ့ထားသင့်တဲ့ (၆)ချက်

blank

နည်းပညာတိုးတက်တဲ့ ခေတ်မှာ လူတိုင်းလက်ထဲမှာ ဖုန်းလေးတွေ ကိုင်ထားကြပါတယ်။ ကိုယ်နှစ်သက်ရတဲ့ ဖုန်းထဲက အရာလေးတွေကို တစ်မိနစ် မကြည့်ရရင်တောင် မနေနိုင်တဲ့ပုံ ပေါ်နေပါတယ်။ တခါတရံကျရင်လည်း အလုပ်က ဖုန်းကို အဆက်မပြတ်ခေါ်နေတာကြောင့် ဖုန်းက လိုအပ်ပါတယ်။ ဒါပေမယ့် အလုပ်ကကိုယ့်ကို အနှောက်အယှက်တော်တော်ပေးလာရင် ဖုန်းကို ပိတ်ထားလိုက်ပါ။ တစ်နေ့မှာ ခဏလောက်တော့ ဖုန်းနဲ့ဝေးဝေးနေသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုပဲကျွန်မတို့ ပြောပြသွားမှာပါ။ အောက်ဖော်ပြပါ အချက်တွေကိုဖတ်ကြည့်ပြီး ဖုန်းကို ဘာကြောင့် ခဏလောက်မေ့ထားသင့်တယ် ဆိုတာလေးတွေ လေ့လာကြည့်လိုက်ရအောင်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ကိုယ့်ပတ်ဝန်းကျင်က ကမ္ဘာကြီးကို မေ့နေစေပါတယ်။

အလုပ်ကိစ္စတွေ၊ အရေးပေါ်ကိစ္စတွေကို ခဏဘေးဖယ်ထားလိုက်ပါ။ ဖုန်းကိုကိုယ့်ဘဝကြီးထဲကနေ ခဏဖယ်ထားသင့်တဲ့ များပြားလှတဲ့ အကြောင်းတွေထဲမှာ ပတ်ဝန်းကျင်က ကမ္ဘာကြီးကလည်း အကြောင်းတစ်ချက်ပါပဲ။ လှပတဲ့နေ့တစ်နေ့မှာ ဖုန်းမျက်နှာပြင်က အလင်းရောင်တွေကြည့်ပြီး ဖုန်းထဲမှာပဲ နှစ်မြှုပ်နေတာက တကယ်ကို စိတ်ပျက်စရာပါပဲ။ ဒီလောက်လှပတဲ့ သဘာဝလောကကြီးရှိနေတာကို ခံစားလိုက်ပါ၊ ဒီအချိန်ခဏလေးမှာ ပျော်ရွှင်လိုက်ပါ။

၂။ထိုင်နေရင်းအလုပ်လုပ်တာတွေက ကျန်းမာရေးကို ထိခိုက်စေပါတယ်။

လှုပ်လှုပ်ရှားရှားနေပါ။ ဖုန်းသုံးနေရင်းနဲ့ ကုန်မယ့်အချိန်တွေမှာ ယောဂကျင့်စဉ်တို့၊ ပီလားတေးတို့လုပ်နိုင်တဲ့အပြင် တခြားကိုယ်နှစ်သက်ရာ လေ့ကျင့်ခန်းတစ်ခုခု လုပ်လို့ ရပါတယ်။ ကယ်လိုရီတွေလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်သလို ကျန်းမာစွာလည်း နေထိုင်နိုင်ပါတယ်။ ဒါကြောင့် ဖုန်းသုံးနေမယ်ဆိုရင်လည်း ကိုယ့်အတွက် အထောက်အကူဖြစ်မယ့် ယောဂကျင့်စဉ် လုပ်နည်းလေးတွေ အစရှိသဖြင့် အင်တာနက်မှ ရှာပြီး လေ့ကျင့်ခန်းလုပ်ကြပါ။

၃။လူမှုကွန်ယက်တွေက သူတစ်ပါးဘဝတွေရဲ့ဘဝကို အားကျစေပါတယ်။

Facebook၊ Instagram၊ Twitter စတာတွေက သုံးစွဲသူတွေကို တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်စေပါတယ်။ ကိုယ်တင်လိုက်တဲ့ ပုံတစ်ပုံ၊ စာတစ်ကြောင်းကို ကြိုက်နှစ်သက်တဲ့လူ ဘယ်နှစ်ယောက်ရှိတယ် ဆိုတာတွေပေါ့။ Today Tech ကဆောင်းပါတစ်ပုဒ်က ရှင်းပြထားပါတယ်။ လေ့လာသူတွေ တွေ့ရှိချက်အရ အသုံးပြုသူတွေက တစ်ခြားလူတွေရဲ့ ပျော်ရွှင်မှုတွေကို အားကျနေတာနဲ့ပဲ အချိန်ကုန်နေကြပါတယ်တဲ့။ ဒါကြောင့် အင်တာနက်ပေါ်က သူငယ်ချင်းတွေရဲ့ဘဝကို အားကျနေမယ့်အစား ကိုယ့်ဘဝကို နှစ်သက်ပျော်ရွှင်လိုက်ပါ။

၎။ဖုန်းမှာ အာရုံစိုက်နေရင် ကိုယ့်အနားကို လူမကပ်ချင်ပါဘူး။

ဖုန်းကဘာနဲ့တူလဲဆိုရင် အကာအကွယ်လုပ်ထားတဲ့ ခြုံစောင်နဲ့တူပါတယ်။ လူမှုဆက်ဆံရေးတွေမှာ ကိုယ့်ကိုယ်ကို နေတတ်နေဖို့ အကောင်းဆုံးအကာအကွယ်ပါပဲ။ ပါတီပွဲတစ်ခု၊ လူများတဲ့နေရာတစ်ခု ဒါမှမဟုတ် ပွဲတစ်ခုခုမှာ တစ်ယောက်တည်းကြောင်တောင်တောင် ဖြစ်နေမှာစိုးလို့ ကိုယ့်ဖုန်းနဲ့ကိုယ် အချိန်ဖြုန်းနေတတ်ပါတယ်။ ဒီအကျင့်လေးကို ဖျောက်လိုက်ပါ။ ဖုန်းကို ပိုက်ဆံအိတ်ထဲထည့်လိုက်ပါ။ မိတ်ဆွေသစ်တွေနဲ့ စကားပြောကြည့်ပါ။ မဟုတ်ရင်လည်း ယုံကြည်မှုရှိရှိ မတ်တက်ရပ်နေပြီး ကိုယ့်ဆီကို လူတွေကို ချဉ်းကပ်လာစေလိုက်ပါ။

၅။မယဉ်ကျေးတဲ့ အမူအရာမျိုး ဖြစ်စေတတ်ပါတယ်။

သူငယ်ချင်းနဲ့တူတူ ညစာထွက်စားတဲ့အခါ သူငယ်ချင်းတစ်ယောက်ယောက်က ဖုန်းမှာပဲ အာရုံစိုက်နေတာမျိုး ကြုံဖူးပါသလား။ မြင်ရတာ မယဉ်ကျေးဘူးနော် ဟုတ်တယ်မလား။ ဒါကြောင့် ကိုယ်လည်း ဒီလိုမျိုး မဖြစ်စေပါနဲ့၊ သူငယ်ချင်းတွေကို မေ့ပြီး ဖုန်းသုံးနေတဲ့ အကျင့်မျိုးလေးတွေကို ရှောင်ပါ။ လူအများရှိနေတဲ့အချိန်မှာ ဖုန်းပြောရင်လည်း ဒီလိုပါပဲ။ မပြောမဖြစ်ပြောရမယ်ဆိုရင်လည်း တိုတိုနဲ့ရှင်းရှင်းပဲပြောပါ။ ဖြစ်နိုင်ရင် ဖုန်းပြန်ခေါ်ခိုင်းလိုက်ပါ။

၆။အိပ်ရေးပျက်စေပါတယ်။

ဖုန်းမျက်နှာပြင်က ထွက်လာတဲ့ အပြာရောင်အလင်းတန်းက မအိပ်ချင်အောင် လုပ်နိုင်တယ်ဆိုတာ ကြားဖူးကြမှာပါ။ အိပ်ယာမဝင်ခင်မှာ အင်တာနက်သုံးနေတာ၊ ဖုန်းသုံးနေတာတို့က အိပ်မပျော်စေနိုင်တဲ့အတွက် အိပ်ရေးမဝတာတွေ ဖြစ်လာစေပါတယ်။ ဖုန်းသုံးမယ့်အစား စာအုပ်တစ်အုပ်ဖတ်ပြီးအိပ်ပါ။ တစ်ညကို တစ်မျက်နှာ နှစ်မျက်နှာလောက်ဖတ်လိုက်ပေါ့။

ဖုန်းတွေက နေရာတော်တော်များများမှာ အသုံးဝင်တယ်ဆိုတာတော့ ငြင်းလို့မရပါဘုး။ ခေတ်နဲ့အညီ အမှီလိုက်နေကြရပါတယ်။ ဖုန်းတွေက တကယ့်ကို စွဲမက်စရာပါပဲ။ ဒါပေမယ့် ဖုန်းကနေတဆင့် တခြားလူတွေရဲ့ နေပုံထိုင်ပုံတွေကို မနာလိုအားကျနေရတာမျိုး ဖြစ်လာစေပါတယ်။ အခုဖုန်းသုံးပြီး ဂန္တဝင်ကို ဖတ်နေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ခဏလောက် ဖုန်းကိုချပြီး ပတ်ဝန်းကျင်ကို ခံစားကြည့်လိုက်ပါ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။