ရည်းစားဦးဇာတ်လမ်း

0
731

ကျွန်မငယ်ငယ်ကတည်းက ရေရှည်တည်တံ့တဲ့အချစ်ရေးကိုပဲ တည်ဆောက်ချင်ခဲ့တယ်။ “ရည်းစားဦးနဲ့ ညားတာရှားတယ်” လို့ပြောကြပေမဲ့ ကျွန်မကတော့ ပထမဦးဆုံးချစ်တဲ့အချစ်ဦးနဲ့ပဲ ရွှေလက်တွဲဖို့ စိတ်ကူးတွေယဉ်ခဲ့ဖူးတယ်။  တစ်ယောက်တည်းကိုပဲချစ်ပြီး ဘယ်လိုအခြေအနေတွေနဲ့ပဲ ကြုံတွေ့ရကြုံတွေ့ရ တစ်ဘဝလုံးသူနဲ့ပဲဖြတ်သန်းချင်ခဲ့တယ်။

“တွေ့ဆုံခြင်းက ခွဲခွာခြင်း” လို့ လူတွေကပြောကြတယ်။ ဒါပေမဲ့ ကျွန်မချစ်ရတဲ့သူနဲ့ မခွဲမခွာအတူတူရှိနေချင်ခဲ့တယ်။ ကျွန်မအိမ်ပြန်ရောက်တဲ့အခါ ကျွန်မကိုဆီးကြိုမယ့်သူတစ်ယောက်၊ သူအိမ်ပြန်လာတာကို လွမ်းမောစွာဆီးကြိုဖို့ တစ်စုံတစ်ယောက်ဟာ ကျွန်မရဲ့အချစ်ဦးဖြစ်ဖို့ပဲ ကျွန်မမျှော်လင့်ခဲ့တယ်။ ဘယ်လိုအခြေအနေတွေပဲ ကြုံတွေ့ရကြုံတွေ့ရ ကျွန်မသူ့ဘေးမှာ အမြဲတမ်းရှိနေချင်ခဲ့တယ်။ ခက်ခဲတဲ့အချိန်တွေရှိလာရင်လည်း တစ်ယောက်လက်ကိုတစ်ယောက် မြဲမြံစွာဆွဲကိုင်ထားမယ်လို့ စိတ်ကူးယဉ်ကြည့်ဖူးတယ်။

ဒါပေမဲ့လေ အိပ်မက်ဆိုတာ ဘယ်လောက်ပဲချိုချို ခါးသီးတဲ့ အမှန်တရားလောက်မစစ်မှန်ဘူးဆိုတာကို ကျွန်မနားလည်လာခဲ့တယ်။ အချစ်ဦးဇာတ်လမ်းဟာ အဆုံးသတ်အထိ တွဲလျှောက်နိုင်တာ နည်းပါးတယ်ဆိုတာကို ကျွန်မနားလည်လာခဲ့တယ်။ စိတ်ကူးတွေထဲကအချက်နဲ့ ကိုက်ညီတဲ့အချစ်မျိုးဟာတကယ် ရှားပါးတယ်ဆိုတာကို  ကျွန်မစောစီးစွာသိခဲ့ရတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျွန်မတို့ရဲ့ ပထမဦးဆုံးအသည်းကွဲခြင်းဟာ ကျွန်မတို့ရဲ့ငယ်အိပ်မက်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ကျွန်မရဲ့အကြီးဆုံးအိပ်မက်က ကျွန်မအတွက် အကြီးမားဆုံး ကျရှုံးမှုဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ပထမဆုံးအချစ်ဆိုတာလေ တစ်သက်သာလုံးအတွက်အမှတ်တရတစ်ခုပဲ ဖြစ်တယ်ဆိုတာကို ကျွန်မသိမြင်လာခဲ့ရတယ်။

ကျွန်မရဲ့ရည်းစားဦး ဇာတ်လမ်းဟာ နာကျင်ကြေကွဲစွာနဲ့ အဆုံးသတ်သွားခဲ့ပေမဲ့

သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုအတွက် ဆောင်ရန်၊ရှောင်ရန်လေးတွေကိုနားလည်စေခဲ့တယ်။

ပထမဆုံးအချစ်ရဲ့ သစ်လွင်တောက်ပမှုတွေကို မြည်းစမ်းခွင့်ပေးခဲ့တယ်။

ရင်ခုန်တတ်စ အရွယ်ရဲ့ရူးမိုက်မှုနဲ့ ချစ်ခြင်းတစ်ခုရဲ့ အစကိုလည်း ခံစားသိမြင်စေခဲ့တယ်။

ဒါကြောင့်လေ…

ကျွန်မရဲ့ရည်းစားဦးဇာတ်လမ်းကို ကျွန်မရဲ့ရင်ထဲအမြဲအမှတ်တရနဲ့သိမ်းထားမိမယ် ထင်ပါတယ်။

သင်ကော ဘယ်လိုရည်းစားဦးဇာတ်လမ်းလေးနဲ့ ကြုံတွေ့ခဲ့ရလဲ။