မေမေတို့ သိထားဖို့ ကလေးငယ်တွေရဲ့နားသန့်ရှင်းရေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ

0
64

တစ်ကိုယ်ရည်သန့်ရှင်းရေးကို ကိုယ်တိုင်မလုပ်နိုင်သေးတဲ့ ရင်သွေးငယ်လေးတွေအတွက် ရေချိုးပေးရတာ၊ လက်သည်းညှပ်ပေးရတာ၊ နားသန့်ရှင်းရေး၊ ခံတွင်းသန့်ရှင်းရေးလုပ်ပေးရတာက မေမေတို့ရဲ့ တာဝန်ကြီးတစ်ရပ်ဖြစ်သလို နည်းနည်းလေး တိမ်းစောင်းသွားတာနဲ့ ကလေးလေးတွေအတွက် အန္တရာယ်ဖြစ်လာစေနိုင်တယ်မဟုတ်လား မေမေတို့ရေ…။ ဒီတစ်ပတ်မှာတော့ ဂန္ထဝင်မေမေတို့အတွက် သားသားမီးမီးလေးတွေရဲ့ နားကျန်းမာရေးကို စနစ်တကျသန့်ရှင်းပေးနိုင်ဖို့ ဆောင်ရန်ရှောင်ရန်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

နားဖာချေးဟာ နားကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုတာလဲ။

အညစ်အကြေးနဲ့ ဖုန်မှုန့်တွေ နားအတွင်းပိုင်းကိုဝင်ပြီး နားစည်ထိခိုက်တာမျိုးတွေ မဖြစ်စေဖို့ ကလေးတွေရဲ့ နားအတွင်းကနေ earwax လို့ခေါ်တဲ့ နားဖာချေးကို စစ်ထုတ်ပေးပါတယ်။ အဲဒီနားဖာချေးဟာ နားအတွင်းရေဝင်တာကို ကာကွယ်ပေးပြီး ပိုးဝင်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နားအတွင်းပိုင်းကနေ နားဖာချေးကို လိုအပ်သလောက်သာ စစ်ထုတ်ပေးပြီး ကလေးတစ်ယောက်နဲ့တစ်ယောက် နားဖာချေးထွက်နှုန်းမတူညီကြပါဘူး။ တကယ်တော့ နားအတွင်းက နားဖာချေးတွေကို သန့်ရှင်းဖယ်ထုတ်ပစ်ဖို့ မလိုအပ်ပါဘူး။ အလွန်သေးငယ်တဲ့ စီလီယာ (cilia) အမျှင်လေးတွေက နားဖာချေးတွေကို နားပါက်အပြင်ကို သယ်ဆောင်လာပေးပြီး ရေချိုးလိုက်တာနဲ့ နားဖာချေးတွေကို သန့်စင်စေနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို နားအတွင်းပိုင်းသန့်ရှင်းပေးတာမျိုးတွေလုပ်ပေးဖို့ မလိုအပ်ပါဘူး။

နားထိုးတံနဲ့ သန့်ရှင်းပေးခြင်းက ကလေးငယ်ရဲ့ နားအတွင်းပိုင်းကို ဘာကြောင့် အန္တရာယ်ဖြစ်စေတာလဲ။
နားထိုးတံနဲ့ဖြစ်ဖြစ်၊ ဂွမ်းတံလေးနဲ့ပဲဖြစ်ဖြစ် နားအတွင်းပိုင်းကို သန့်ရှင်းပေးခြင်းက နားဖာချေးတွေကို နားအတွင်းပိုင်းကို နက်ရှိုင်းစွာရောက်သွားစေနိုင်ရုံသာမက၊ နားပေါက်ပိတ်သွားပြီး ပိုးဝင်ရောင်ရမ်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

နားအတွင်းပိုင်းလမ်းကြောင်းနဲ့ နားစည်ဟာ အရမ်းကို နူးညံ့တာကြောင့် နားထိုးတံနဲ့ ထိုးသွင်းခြင်းက အဲဒီ့အရာတွေကို ထိခိုက်ပျက်စီးစေပြီး ကလေးငယ်အနေနဲ့ အကြားအာရုံချို့တဲ့တာမျိုးဖြစ်စေတတ်ပါတယ်။

ကလေးတွေရဲ့ နားသန့်ရှင်းရေးအတွက် စနစ်တကျ ဘယ်လိုလုပ်ဆောင်မလဲ။

ကလေးတွေရဲ့ နားကို သန့်ရှင်းရေးလုပ်ပေးတဲ့အခါ နားအတွင်းပိုင်းကို သန့်ရှင်းရေးမလုပ်ဘဲ နားအပြင်ဘက်အပိုင်းကို နူးညံ့တဲ့ရေစိုဝတ်လေးနဲ့ ပွတ်တိုက်သန့်ရှင်းပေးသင့်ပါတယ်။ တကယ်လို့ ကလေးရဲ့ နားအတွင်းပိုင်းမှာ နားဖာချေးပိတ်နေတယ်လို့ သံသယရှိရင်တော့ နားဆရာဝန်ဆီမှာ သွားရောက်ပြသသင့်ပါတယ်။

နားကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဘယ်အချိန်မှာ စိုးရိမ်ရတာလဲ။

တကယ်လို့ ကလေးငယ်က နားကောင်းကောင်းမကြားတော့ဘူးဆိုရင်၊ နားကိုက်ပြီး အဖျားဝင်နေရင်၊ နားအတွင်းပိုင်းကနေ သွေး (သို့) ပြည်တွေ ယိုစီးကျနေတယ်ဆိုရင် နားအတွင်းပိုင်းကို ပိုးဝင်တဲ့ရောဂါလက္ခဏာတွေဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေ မပေါ်ခင် ကလေးငယ်အနေနဲ့ နားကို အဆက်မပြတ်ကုတ်နေတတ်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်ရဲ့ အပြုအမူကို စောင့်ကြည့်ပြီး အချိန်မနှောင်းခင် နားဆရာဝန်ဆီမှာ သွားရောက်ပြသသင့်ပါတယ်။

မှတ်သားစရာတစ်ခုခုရလိုက်ရင် SHARE လိုက်ပါ။

Leave a Reply