သင့်ရည်းစားဟောင်းကို အိပ်မက်မက်လို့ ဝေခွဲမရ ဖြစ်နေပါသလား

0
849

သင့်ရည်းစားဟောင်း အကြောင်း အိပ်မက်မက်တယ် ဆိုပါစို့။ သင်မက်တာက အိပ်မက်ဆိုးဖြစ်ဖို့ များပါတယ်။ အဲဒီအခါ သင်ဟာ စိုးရိမ် တုန်လှုပ်မှုတွေနဲ့ နိုးထလာမယ်။ ရင်တွေတုန်နေပြီး ဒါဘာအဓိပ္ပါယ်ပါလိမ့် ဆိုပြီး စိတ်တွေ ဂယောက်ဂယက် ဖြစ်နေပါလိမ့်မယ်။ စိတ်အလိုလိုက်ပြီး သူ့ဆီ ဖုန်းခေါ်မယ်၊ အရမ်းလွမ်းတယ်၊ ဖြစ်ခဲ့တာတွေကို ပြန်လည် ပြုပြင်ကြမယ် ဆိုတာမျိုးတွေ ပြောဖို့တွေးမိနေရင်တော့ သင်အမှားကြီးမှားပါလိမ့်မယ်။ ဒီတော့ ဘာမှ ကြောက်ရွံ့တုန်လှုပ် မနေဘဲ ဘာလို့ သူ့အကြောင်းတွေ အိပ်မက်မက်နေရတာလဲ ဆိုတာ သေချာ ဆန်းစစ်ကြည့်လိုက်ပါ။

၁။ သူ့ရဲ့ ကောင်းကွက်လေးတွေကို သတိရမိနေတာပါ။

သင့်ရဲ့ ရည်းစားဟောင်းမှာ သင်အရမ်းမြတ်နိုးရတဲ့ အရည်အချင်းကောင်းတွေ ရှိနေလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဥပမာ သင် အားပါးတရ ရယ်မောရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ သူသိနေလို့၊ ဒါမှမဟုတ် အရမ်းအေးတဲ့ အချိန် အပြင်သွားရင် သင့်ကို အနွေးဓာတ်ရအောင် ထွေးပွေ့ပေးတတ်လို့ အစရှိသဖြင့်ပေါ့။ သင်က သူ့ရဲ့ ကောင်းကွက်လေးတွေကို နှမြောတသ ဖြစ်တာမျိုး လောက်သာ ဖြစ်မှာပါ။ သူပြန်လာဖို့ မျှော်လင့်တမ်းတ နေတာမျိုး မဟုတ်ပါဘူး။ ဒီတော့ သင်တမ်းတနေတဲ့ ကြင်နာယုယမှု တွေကို ရည်းစားဟောင်းဆီက နေပဲ ရချင်တာလား၊ လက်တွဲဖော်သစ် တစ်ယောက် ဆီကလား ဆိုတာ သေချာ စဉ်းစားကြည့်လိုက်ပါ။

၂။ သင်က relationship တွေမှာ ရှိတတ်တဲ့ သာယာတဲ့ အချိန်လေးတွေကို တမ်းတမိနေတာပါ။

သင့်အိပ်မက်က ကောင်းတယ် ဆိုပါစို့။ ဥပမာ သင်တို့နှစ်ယောက် လက်တွဲပြီး ကြည်ကြည်နူးနူး လမ်းလျှောက်နေကြတာတွေ၊ မြို့ထဲက romantic ဖြစ်တဲ့ နေရာတွေမှာ ပျော်မြူးနေကြတာတွေကို မက်ရင်တော့ သင် relationship ရှိနေတုန်းက အချိန်လေးကို လွမ်းမိနေတာ ဖြစ်မှာပါ။ ရည်းစားဟောင်းနဲ့ အတူ အဲ့ဒီလို အချိန်တွေ ပြန်ရချင်တာ မဖြစ်လောက်ပါဘူး။ သင် တစ်ယောက်ထဲ အထီးကျန်ရတာကို ငြီးငွေ့ လာလို့ အချစ်သစ် တဖန်မွေးဖွားပြီး ပျော်စရာကမ္ဘာလေး ဖန်တီးချင်တာ ဖြစ်မှာပါ။ ဒီလို ဖြစ်တာလည်း သဘာဝမို့ ဘာကိုမှ ရှက်ကြောက်နေစရာ မလိုပါဘူး။ အထီးကျန်ရတာ တစ်ခုနဲ့ပဲ ရင်ခွင်ဟောင်းဆီ ပြန်မခိုလှုံလိုက်ပါနဲ့။ ပိုဆိုးလာဖို့ပဲများပါတယ်။

၃။ သင်တို့ကြားမှာ မပြီးပြတ်သေးတဲ့ ကိစ္စတွေ ရှိနေသေးလို့ပါ။

တစ်ခါတစ်လေ သင် တစ်ယောက်ယောက်နဲ့ လမ်းခွဲတဲ့ အခါ စိတ်ထဲမှာ လိပ်ခဲ တည်းလည်း ဖြစ်နေတာတို့ ပြောစရာ စကားမကုန်သေးတာတို့ ဖြစ်တတ်ပါတယ်။ အကြောင်းက သင် သူ့အပေါ် မကျေနပ်ချက်တွေ ရှိနေသေးလို့ ဖြစ်မှာပါ။ ဒါက အရေးမကြီးပါဘူး။ ဒါပေမယ့် ဒီမကျေနပ်ချက်တွေ ပြဿနာတွေကို စိတ်စွဲပြီး အိပ်မက်ဆိုးတွေ မက်နေရရင် သင်ဘာတွေ အလိုမကျတာလဲ၊ ဘာတွေ ပေါက်ကွဲချင်တာလဲ၊ အားလုံးကို အိပ်မက်ထဲမှာပဲ အပြီးပြတ် ဖွင့်ထုတ်ပစ်လိုက်ပါ။ အိပ်မက်က နိုးထလာတဲ့ အခါမှာတော့ သင့်ဘဝကို ချမ်းမြေ့တဲ့ စိတ်လေးနဲ့ ရှေ့ဆက်နိုင်မှာပါ။

၎။ သင်နဲ့ သူ့ရဲ့အချစ်ခရီးလမ်း လုံးဝ ပြီးဆုံးသွားပါပြီ။

ဒါက ယုံကြည်လိုက်ဖို့ ခက်တော့ ခက်ပါတယ်။ ဒါပေမယ့်လည်း မှန်နေတာပါပဲ။ သင့်အိပ်မက်ထဲမှာ ရည်းစားဟောင်းက ထားခဲ့တာမျိုး၊ နှုတ်ဆက်သွားတာမျိုး၊ သူသေသွားတယ် ဆိုတာမျိုးတွေ မက်ရင်တော့ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေး လုံးဝ ပြီးပြတ်သွားပါပြီ။ သင့်မှာသူနဲ့ ပတ်သတ်တဲ့ ခံစားချက်ဆိုတာ မြူမှုန်လောက်တောင် မရှိတော့ပါဘူး။ သင့်ဘဝကို စိတ်ရှင်းရှင်းနဲ့ပဲ ရှေ့ဆက်လိုက်ပါတော့။

၅။ သင်သူ့ကို တကယ်ကို လွမ်းနေတာပါ။

သင်မက်တဲ့ အိပ်မက်တွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်မှာ သင့်ရည်းစားဟောင်း ပါနေပြီ ဆိုရင်တော့ သင်သူ့ကို တကယ်ကို လွမ်းနေတာပါ။ သင်တို့လမ်းခွဲခဲ့တာ သိပ်မကြာသေးဘူးဆိုရင်၊ ဒါမှမဟုတ် သင့်မျက်လုံးတွေ ဖွင့်ထားတဲ့ အချိန်တွေမှာတောင် သူ့ကို မြင်ယောင်နေတယ် ဆိုရင်တော့ သင်သူနဲ့ မပြတ်နိုင်သေးပါဘူး။ ပြီးတော့ သင်နဲ့ သူ့ရဲ့ relationship ကို ပြန်တည်ဆောက်ဖို့တောင် သင်အလိုရှိနေပြီဆိုတာ သေချာတဲ့ လက္ခဏာပါပဲ။

၆။ ရောက်တတ်ရာရာတွေ လျှောက်မက်တာပါ။

ရောက်တတ်ရာရာ အိပ်မက်တွေလည်း မက်တတ်ပါတယ်။ အထူးသဖြင့် သင့်အိပ်မက်တွေက တသတ်မှတ်ထဲ မဟုတ်ဘဲ ဟိုရောက် ဒီရောက် ဖြစ်နေရင်တော့ သင်တစ်ကယ်ကို ရောက်တတ်ရာရာတွေ မက်နေတယ်လို့ပဲ သတ်မှတ်လိုက်ပါ။ သူ online မှာ ရည်းစားအသစ်နဲ့ တွဲရိုက်ပြီး တင်ထားတဲ့ ပုံတွေကို မြင်မိလို့ဖြစ်စေ၊ ဒါမှမဟုတ် သူနဲ့ အတူတူ သွားနေကျ နေရာကို ရောက်ခဲ့လို့ ဖြစ်စေ၊ အိပ်ခါနီး သူ့အကြောင်း တွေးမိလိုက်လို့ ဖြစ်စေ စိတ်စွဲပြီး အိပ်မက်မက်တာ ဖြစ်ပါတယ်။ ကိစ္စ မရှိပါဘူး။

သူ့အကြောင်း အိပ်မက်တွေမက်လို့ စိတ်ညစ်လာရင် ဒီလိုအိပ်မက်တွေ မမက်တော့ဖို့ သူနဲ့ အတူရောက်နေကျ နေရာတွေကို သွားတာတွေ၊ သူ့ Facebook Wall ကို သွားကြည့်မိ နေတာတွေကို ရပ်လိုက်ပါ ။ ပြီးတော့ သင်နဲ့ ကိုက်ညီမယ့် လက်တွဲဖော် အသစ်ကိုရှာပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ပါ။

ဂန္တဝင်ပရိတ်သတ်ကြီးလည်း ရည်းစားဟောင်းအကြောင်း အမြဲ အိပ်မက်တွေမက်လို့ စိတ်ရှုပ်နေရပါသလား။ အိပ်မက်ထဲမှာ ဘာတွေ ဖြစ်နေတာပါလဲ။ အိပ်မက်တွေကိုရော ဘယ်လို ထင်မိပါသလဲ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တိုက်ဆိုင်တာ ရှိရင် သူငယ်ချင်းတွေနဲ့လည်း Share ပါ။