မိဘနှင့်သားသမီးကြား ပဋိပက္ခဖြေရှင်းရာမှာ ရှောင်ကျဉ်သင့်သည်များ

0
615

မိဘနဲ့သားသမီးကြား ပဋိပက္ခဆိုတာ မကြုံချင်လဲအမြဲကြုံနေရမယ့် သဘာဝတစ်ခုပါ။ သားသမီးတွေဟာ အရွယ်ရောက်လာတာနဲ့ အမျှ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ လွတ်လပ်စွာ ရပ်တည်ချင်တာကြောင့် မိဘတွေရဲ့ ထိန်းချုပ်မှုတွေကို ငယ်စဉ်ကလို တသွေမတိမ်း လိုက်နာတော့မှာ မဟုတ်ပါဘူး။

ဒီတော့ မိဘတွေအနေနဲ့ သင့်သားသမီးတွေနဲ့ တစ်ခုခု ထိပ်တိုက် ဖြေရှင်းစရာကြုံလာရပြီ ဆိုရင် အောက်ဖော်ပြပါ အပြုအမူတွေကို ရှောင်ကျဉ်ဖို့ ဂရုပြုသင့် ပါတယ်။ ဂန္ထဝင်မှ မေတ္တာဖြင့် တင်ဆက်သည်။

၁။ မထီမဲ့မြင်ပြု ခြင်း

အချင်းချင်း သဘောထားမတိုက်ဆိုင်လို့ ပဋိပက္ခတွေဖြစ်ကြရင် တစ်ယောက်ခံစားချက် တစ်ယောက် နားလည်အောင်ကြိုးစားပြီး ပြေလည်အောင် ဖြေရှင်းသင့်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ဂရုမစိုက်ဘဲ မထီမဲ့မြင်ပြုတာမျိုး မလုပ်သင့်ပါဘူး။ အကယ်၍ ကလေးတွေက မထီမဲ့မြင်လုပ်လာခဲ့ရင်တောင် မိဘတွေအနေနဲ့ နားလည်ခွင့်လွှတ်ပေးရမှာပါ။ သင်ကသူတို့ဘာပြောပြော လျစ်လျူရှုပြီး မထီမဲ့မြင်ပြုလိုက်တာနဲ့ရင် သူတို့ကလေးတွေကြရင်လဲဒီလိုပဲ ဆုံးမကြပါလိမ့်မယ်။

၂။ ဆဲဆိုကြိမ်းမောင်းခြင်း

ပြသနာတစ်ခုကို ကိုင်တွယ်ဖြေရှင်းတဲ့ အခါ စိတ်ထဲမှာရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းနဲ့ ပြေလည်စေမယ့် နည်းလမ်းမျိုးကို ရွေးချယ်ရမှာပါ။ အနိုင်ရပြီးရော ဆိုပြီး ကြမ်းကြမ်းတမ်းတမ်းနဲ့ အပြစ်တင်တဲ့ စကားတွေ မသုံးသင့်ပါဘူး။ ဒီလို ပြောဆိုမိတာတွေက ပြသနာကို ပိုကြီးစေတဲ့အပြင် စိတ်ဓါတ်တွေကိုလည်း ပျက်စီးစေပါတယ်။ ဒါ့အပြင် သင့်ကလေး ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ဖို့ သိပ်ကို ခက်ခဲသွားပါလိမ့်မယ်။

 ၃။ “ငါနင့်ကို အရင်ထဲက လိုချင်ခဲ့တာမဟုတ်ဘူး” ဆိုသော စကားမျိုးဆိုခြင်း

ဒီလိုမျိုးသူတို့ကို အလိုမရှိတော့ဘူး ဆိုတာကို ဖော်ပြလိုက်ခြင်းက ကလေးရဲ့စိတ်တွေကို အကြီးအကျယ် ပျက်စီးသွားနိုင်ပါတယ်။ သင်က စိတ်တိုနေလို့ ပြောလိုက်မိပေမဲ့ သူတို့စိတ်ထဲ နာကြည်းသွားပြီး အပြီးထွက်ခွာသွားပြီ ဆိုရင်တော့ နောက်ဆုံး ကြေကွဲခံစားရမှာက သင်ပဲဖြစ်နေပါလိမ့်မယ်။

၎။ “ငါ့ဘဝထဲကို နင်ရောက်လာခဲ့တာ ငါ့အတွက်တော့ ကြမ္မာဆိုးဝင်တာပဲ။” ဆိုတာမျိုး ပြောခြင်း

ဒီလိုပြောဆိုလိုက်ခြင်းက သင့်ကလေးစိတ်ကို ပျက်စီးစေတဲ့အပြင် သင်ဟာ မိဘတစ်ယောက်မှာ ရှိသင့်တဲ့ ရင့်ကျက်မှုမျိုး မရှိဘူးဆိုတာ ဖော်ပြလိုက်တာပါပဲ။ သူဒီလောကကြီးထဲကို ရောက်လာတာဟာ သူ့အပြစ်မဟုတ်ပါဘူး။ အဲဒါကို သင် ရွေးချယ်လိုက်တာပါ။ ဒီလို သူ့ကိုအပြစ်တင်လိုက်ခြင်းဟာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း နေသလိုပါပဲ။

၅။ “မင်းဘာဖြစ်လို့ သူတို့လို မဖြစ်ရတာလဲ။” ဆိုသော နှိုင်းယှဉ်မှုမျိုးပြောခြင်း

ကိုယ့်သားသမီးတွေအပေါ် ဖြစ်ချင်စိတ်တွေများပြီး သူ့တို့ထက် ပိုတော်တဲ့သူတွေနဲ့ ခိုင်းနှိုင်းတာမျိုး မိဘတိုင်းနီးပါး လုပ်တတ်ကြပါတယ်။။ ဒီလိုလုပ်လိုက်ခြင်းဟာ သူ့ပင်ကို ယ် စိတ်ဝင်စားမှု၊ ထူးချွန်မှုတွေကို ရိုက်ချိုးပစ်တာနဲ့ အတူတူပါပဲ။ လူဟာ သူ့ ရပ်တည်ရှင်သန်မှု နဲ့သူမို့ လွတ်လပ်စွာ ရပ်တည်ခွင့်ပေးလိုက်ပါ။

 ၆။ “ငါမင်းကို မုန်းတယ်” (သို့မဟုတ်) “မင်းကိုမချစ်ဘူး” ဆိုသော စကားမျိုးပြောခြင်း

ပဋိပက္ခဖြစ်နေစဉ်မှာ ဒေါသအလျောက် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းက သင့်နဲ့သင့်ကလေးကြား ဆက်ဆံရေးကို ဝေးကွာသထက် ဝေးကွာစေမှာပါ။ တကယ်လို့ သင်လုံးဝသည်းမခံနိုင်တဲ့ အပြုအမူမျိုးတွေ ကြုံလာခဲ့ရင်တောင် အတတ်နိုင်ဆုံး ငြိမ်းချမ်းစွာဖြေရှင်းပါ။

၇။ “ပါးစပ်ပိတ်ထားစမ်း ၊တစ်ခွန်းမှ ပြန်မပြောနဲ့” ဆိုသော စကားမျိုးပြောခြင်း

ပြသနာတစ်ခုကို ဖြေရှုင်းဖို့ဆိုတာ အကြောင်းအရင်းကို ခြေခြေမြစ်မြစ် သိရဖို့ သိပ်ကိုအရေးကြီးပါတယ်။ ပြသနာတစ်ခုရဲ့အစ ကို သေချာစဉ်းစား မသုံးသပ်ဘူးဆို အဲဒီပြသနာပြေလည်ဖို့ ဆိုတာ ဝေးသွားပါပြီ။ သင့်ကလေး ရှင်းပြပြောဆိုတာတွေကို နားထောင်ဖို့ ဆန္ဒမရှိတာဟာ သူတို့ကို ဂရုမစိုက်တာ ၊ အနာတရဖြစ်အောင် လုပ်တာနဲ့အတူတူပါပဲ။

၈။ “မင်းတို့နဲ့ အဝေးဆုံးကို ထွက်သွားမယ်။ ဘယ်တော့မှ ပြန်မလာတော့ဘူး” ဆိုသော စကားမျိုးပြောခြင်း

သူတို့ဘယ်လောက်ပဲ ကလန်ကဆန်တွေလုပ်နေပါစေ သင့်ကလေး ဘဝမှာ အရေးအပါဆုံးက သင်ပါပဲ။ ဒီတော့သူတို့စိတ်အားငယ်သွားစေမယ့် အထက်ပါစကားမျိုးကို ဘယ်တော့မှ မပြောမိပါစေနဲ့။ အကယ်၍ အရမ်းမွန်းကျပ်နေလို့ ထွက်ပေါက်တစ်ခုအနေနဲ့ ထွက်သွားချင်တယ်ဆိုရင်တောင် အချိန်တစ်ခု ယူပြီး ပြန်လာခဲ့လိုက်ပါ။

၉။ “ဒီမှာမနေနဲ့တော့။ အိမ်ပေါ်က ဆင်းသွား။” ဆိုသော စကားမျိုးပြောခြင်း

ကလေးတွေအတွက်တော့ အိမ်လိုမျိုး နွေးထွေးတဲ့ အကြင်နာမေတ္တာတွေနဲ့ လုံခြုံတဲ့နေရာဆိုတာ နောက်ထပ်မရှိနိုင်ပါဘူး။ ဒီတော့ သူတို့ကို ဒီလို စွန့်ပစ်လိုက်ခြင်းဟာ သူတို့စိတ်ကို အပြင်းအထန်ထိခိုက်စေပြီး ဘဝကို ထင်ရာစိုင်းစေဖို့ ခွင့်ပြုလိုက်တာပါပဲ။ ဒီတော့ သင့်ဒေါသတွေ ပြေပျောက်သွားပြီး သူတို့ကို ပြန်လာဖို့ မျှော်လင့်ခဲ့ရင်တောင် မဖြစ်နိုင်တော့ပါဘူး။ သိပ်ကိုနောက်ကျသွားပါပြီ။

ဒီတော့ ကလေးတွေကို အုပ်ချုပ်တဲ့နေရာမှာ အတတ်နိုင်ဆုံး သည်းခံစိတ်လေးနဲ့မေတ္တာတရားရှေ့ထားပြီး အုပ်ချုပ်ဖို့လိုအပ်ပါတယ်။ ပြသနာတစ်ခုခုဖြစ်လာရင် စိတ်လိုက်မာန်ပါမဆုံးဖြတ်ဘဲ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမယ့် နည်းလမ်းလေးတွေကို အသုံးပြုဖြေရှင်းဖို့ သတိပေးတိုက်တွန်းရင်း ဂန္ထဝင်မှ မေတ္တာဖြင့် တင်ဆက်လိုက်သည်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဗဟုသုတ ဖြစ်စေခဲ့ရင် Share ပေးဖို့ မမေ့နဲ့နော်။