ဘဝမုန်တိုင်းတွေကို ရင်ဆိုင်အံတုမယ့် မိခင်တစ်ယောက်ရဲ့ မေတ္တာ

0
396

လက်ပတ်နာရီကို ငုံ့ကြည့်ရင်း မေကျော့စိတ်တွေ ပိုပြီးရင်မောလာရတယ်။ ဆရာမကလည်း အရေးကြီး သင်ခန်းစာကို လက်ချာပေးနေတာကြောင့် တော်တော်နဲ့ မပြတ်။ ဆရာမအတန်းထဲကထွက်သွားတော့မှ စာအုပ်တွေ ကပျာကယာသိမ်းပြီး စာသင်ခန်းထဲက ပြေးထွက်ခဲ့လိုက်တယ်။ အတန်းဖော်ကျောင်းသူတွေကို တိုက်မိလား၊ မတိုက်မိလား သတိမထားနိုင်တော့။ မေကျော့စိတ်ထဲမှာ မြင်ယောင်နေတာက မိဘကန်တော့ပွဲမှာ မေကျော့အလာကို စောင့်နေရှာမယ့် သမီးလေးရဲ့မျက်နှာလေးပါပဲ။

သမီးလေးရဲ့ မူကြိုကို အမြန်ရောက်ချင်တာကြောင့် ပါလာတဲ့ပိုက်ဆံကို ထမင်းဝယ်မစားတော့ဘဲ တက္ကစီစရိတ်အဖြစ် အသုံးချလိုက်တယ်။ တက္ကစီပေါ်ထိုင်လိုက်ရင်း မေကျော့အတွေးတွေက မနေ့က သူဇာပြောခဲ့တဲ့ စကားလုံးတွေကြားနစ်မျောသွားခဲ့တယ်။

သူဇာဆိုတာ မေကျော့ရဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက် အချစ်ဆုံးသူငယ်ချင်းပါ။

“ဟဲ့ မေကျော့၊ ဟိုတစ်နေ့က အတန်းထဲက အေးအေးတို့အုပ်စုတွေနင့်အကြောင်း ပြောနေသံကြားတယ်။ နင်က ကျောင်းသူဘဝနဲ့ ကလေးအမေဖြစ်နေတဲ့အကြောင်း၊ ကလေးအဖေဘယ်သူမှန်းတောင်မသိတဲ့အကြောင်း စုံနေတာပဲ၊ နင်ဒါတွေကို ပြန်မဖြေရှင်းတော့ဘူးလား”

“ဖြေရှင်းလည်း သူတို့ယုံမှာမှမဟုတ်တာ သူဇာရယ်၊ ပြောစမ်းပါစေ၊ မောတဲ့တစ်နေ့ ရပ်သွားလိမ့်မယ်”

“အဲဒီလိုလည်း မဟုတ်ဘူးလေဟယ်၊ အမှန်တရားကိုတော့ ပြောပြရမှာပေါ့”

“ထားလိုက်ပါတော့ဟာ၊ ငါ့သမီးလေးအကြောင်းကို မကောင်းပြောတာထက်စာရင် ငါ့အကြောင်းမကောင်းပြောတာကမှ ငါ့အနေနဲ့ ခံသာပါသေးတယ်ဟာ”

သူဇာပြောစကားတွေကို ပြန်လည်ကြားယောင်ရင်း တွေဝေစိတ်တွေဖြစ်ပေါ်လာတယ်။ ဒီတိုင်းပဲ ဆက်နေရမလား၊ အမှန်တရားကို ဖွင့်ပြောရမလား။ မေကျော့ အတွေးတွေကို ရပ်ပစ်လိုက်တယ်။  မေကျော့ ဆုံးဖြတ်ချက်ချထားတဲ့အတိုင်းပဲ ကောင်းပါတယ်လေ။ တွေးရင်းတောရင်းနဲ့ သမီးလေးတို့ မူကြိုရှေ့တောင် ရောက်တော့မယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကားရပ်တာနဲ့ တက္ကစီခအမြန်ရှင်းပြီး မူကြိုထဲပြေးဝင်သွားလိုက်တယ်။ တွေ့ပါပြီ။ စင်မြင့်ဘေးမှာ ပန်းကုံးလေးကိုင်ပြီး ရပ်နေတဲ့သမီးလေး၊ အမေလာပြီလားလို့ လိုက်ရှာနေတဲ့သမီးလေး၊ သမီးလေးကို တွေ့လိုက်ကာမှ မေကျော့ အမောတွေ ပြေသွားရတယ်။

“သမီးလေး၊ မေမေဒီမှာ” မေကျော့အသံကြားတော့ သမီးလေးပျော်သွားပြီး မေကျော့ရှိရာကို ပြေးလာခဲ့တယ်။

“မေမေ မြန်မြန်လာ၊ စတော့မှာ”

“အေးအေး၊ သမီး”

စင်ပေါ်ကို လှမ်းကြည့်လိုက်တော့ အခြားကျောင်းသားလေးတွေရဲ့ မိခင်တွေ နေရာယူပြီးနေပြီ။ မေကျော့ထိုင်ရမယ့် ထိုင်ခုံတစ်ခုံးတည်းသာ လစ်လပ်နေတာကို တွေ့ရတယ်။ မေကျော့ စင်ပေါ်ကို ကမန်းကတမ်း ပြေးတက်သွားပြီး နေရာယူလိုက်တယ်။ စင်အောက်ကို တစ်ချက်ဝေ့ကြည့်လိုက်တော့ စင်အောက်က မိခင်တွေရဲ့ စူးစမ်းတဲ့မျက်လုံးတွေ၊ တီးတိုးပြောဆိုမှုတွေကို တွေ့လိုက်ရတယ်။

ဟုတ်သားပဲ။ မေကျော့ ကျောင်းဝတ်စုံမလဲခဲ့ရဘူးလေ။ ယူနီဖောင်းတကားကားနဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်က မူကြိုအရွယ်ကလေးတစ်ယောက်ရဲ့ အမေဖြစ်နေတော့ သူတို့အတွက်လည်း ပြောစရာဖြစ်မှာပေါ့။

ဟော… သမီးလေးတို့တွေ ပန်းကုံးလေးတွေကိုင်ပြီး စင်ပေါ်တက်လာပြီ။ သမီးလေး မေကျော့ရှေ့မှာ ရပ်ပြီး ပန်းကုံးလေးကို မေကျော့လက်ထဲထည့်ပေးတယ်။ ပြီးတော့ ပြုံးပြုံးလေးနဲ့ မေကျော့ကို ဦးချကန်တော့နေလိုက်တာ မေကျော့ စိတ်ထဲ ဝမ်းနည်းဝမ်းသာနဲ့ မျက်ရည်တောင် ဝိုင်းမိတယ်။

ကန်တော့ပြီး ပြုံးပြုံးလေးနဲ့ “မေမေ့ကို ချစ်တယ်” ဆိုတဲ့စကားသံချိုချိုလေးကြောင့် မေကျော့ဘဝအမောတွေ ပြေပျောက်ပြီး စိတ်ဓာတ်ခွန်အားတွေ ရခဲ့တယ်လေ။

စိတ်ချပါ သမီးလေး။ မေမေ့ကို ဘယ်သူတွေဘယ်လောက် ကဲ့ရဲ့ပါစေ၊ ပုတ်ခတ်ပါစေ၊ အထင်အမြင်သေးပါစေ၊ လွန်ခဲ့တဲ့ လေးနှစ်လောက်က လူရှင်းတဲ့ လမ်းဘေးတစ်နေရာကချုံပုတ်ထဲမှာ အိတ်လေးတစ်လုံးကို မေမေတွေ့ခဲ့တဲ့အကြောင်း၊ အဲဒီအိတ်လေးထဲမှာ ဆာလောင်စွာ၊ အားကိုးမဲ့စွာ အော်ငိုနေတဲ့ ရက်သားအရွယ်ကလေးလေးကို မေမေမွေးစားဖို့ဆုံးဖြတ်လိုက်တဲ့အကြောင်း၊ ပြီးတော့ သမီးလေးဟာ စွန့်ပစ်ခံရတဲ့မိဘမဲ့ကလေးလေးတစ်ယောက်ဖြစ်ကြောင်း မေမေဘယ်တော့မှ၊ ဘယ်သူ့ကိုမှ ဖွင့်ပြောမှာ မဟုတ်ပါဘူး။ သမီးလေးဟာ မေမေ့ရင်ကဖြစ်တဲ့ ထာဝရသမီးလေးပါပဲ။

ရင်ကိုထိတယ်ဆိုရင် SHARE လိုက်ပါ။